Monday, October 28, 2013

ဝေးလံသည့်မြို့နယ်ဘက်သို့ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေး .....................

ဆန်းဖြိုးထွန်း

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နှင့် ဝေးလံသည့် ဘောလခဲခရိုင်တွင်းရှိ မြို့နယ်များကို ယာဉ်မောင်းလိုင်စင် ပြုလုပ်လို သူများအတွက် ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးစန်းမောင်က ̏ ဝေးလံတဲ့ဒေသက ကျနော်တို့ရုံးကို လာရောက်ဆောင်ရွက်ဖို့အတွက် မှတ်ပုံတင် ကိစ္စတွေ လိုင်စင်ဖြေဆိုမယ့်ကိစ္စတွေ လာရောက်ဆောင်ရွက်တဲ့ အခါမှာ ဝေးတာဖြစ်တဲ့အတွက် နယ်လှည့်ဆောင်ရွက် ရမယ်ဆိုတဲ့ရုံးချုပ်ရဲ့ အစီအစဉ် ဘယ်ချိန်ဘယ်ကာလမှာ ဘယ်ဒေသတွေကိုသူရဲ့သက်ဆိုင်ရာရုံးအလိုက် သွားရောက်ဆောင်ရွက်မယ်ဆိုတာ ရုံးချုပ်ကို အစီရင်ခံစာတင်ပြထားတာရှိတယ် နှစ်ချုပ်ပေါ့ အဲ့ထဲကတစ်ခုပေါ့״ ဟု ပြောသည်။

ယာဉ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် လွိုင်ကော်မြို့ပေါ်သို့ ပြုလုပ်ရသဖြင့် ယခုကဲ့သို့ ဝန်ထမ်းများ ကွင်းဆင်းပြုလုပ်ပေးချင်းအားဖြင့် လမ်းစရိတ်ကုန်ကျ သက်သာစေ၍ ပြည်သူများ အများအပြားလာရောက် လုပ်ကိုင်ကြသည်ဟု သိရသည်။

ဒေသခံတစ်ဦးက ̏ ကျနော်တို့ လွိုင်ကော်ထိသွားလုပ်စရာမလိုဘဲ ဒီမှာလာလုပ်ပေးတော့ ကုန်ကျစရိတ်တွေ လည်းသက်သာတယ် မြန်မြန်လည်းရတယ်ပေါ့ ကောင်းပါတယ်״ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ၊ ၇ ၊ ၈ ရက်နေ့တွင် မယ်စဲ့မြို့၌ ပြုလုပ်ပေးခဲ့ပြီး အောက်တိုဘာလ ၁၀ ရက် ၊ ၁၁ ရက်နေ့တွင် ဖားဆောင်းမြို့နှင့် ၁၃ ရက် ၊ ၁၄ ရက်နေ့တွင် ဘောလခဲမြို့အသီးသီး ပြုလုပ်ပေးခဲ့သည်။

ကမ္ဘာတွင် ယာဉ်အန္တရာယ်ကြောင့် သေဆုံးမှုသည် တစ်မိနစ်လျှင် လူနှစ်ဦးမှ သုံးဦးရှိနေပြီး မြန်မာနိုင်ငံအနေဖြင့် ယဉ်ပိုင်ဆိုင်မှုနှင့်လူဦးရေ အချိုးကို ပြန်လည်တွင်ချက်ကြည့်လိုက်လျှင် ပို၍ဆိုးနေသည်ဟု သိရသည်။

ထို့ကြောင့် ယဉ်မောင်းလိုင်စင် ကိုင်ဆောင်ရုံဖြင့်မပြီးပဲ လမ်းအသုံးပြုနေသည့် ပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာ သိရှိစေရန်အတွက်ကိုပါ ယခုလို နယ်လှည့်၍ လိုင်စင်များပြုလုပ်ပေးနေစဉ် ဟောပြောမှုများ တချိန်တည်း ပြုလုပ်ခဲ့ရ သည်ဟု ဦးစန်းမောင်က ဆက်ပြောသည်။

ယဉ်မောင်းလိုင်စင်ပြုလုပ်သူများကို အသက် (၁၆) နှစ်မှစ၍ ပြုလုပ်ပေးနေတာဖြစ်ပြီး အဓိက ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်များကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment