Monday, October 21, 2013

ခွင့်ပြုချက်မဲ့ ကန်ထရိုက် တိုက်များကြောင့် တိုက်ခန်းဝယ်ယူလိုသူအချို့ မိမိဝယ်ယူမည့်တိုက်တွင် ခွင့်ပြုမိန့် ရှိ၊ မရှိကို စည်ပင်တွင် လာရောက်စုံစမ်းမှုများ ရှိနေ..............

ခွင့်ပြုချက်မဲ့ ကန်ထရိုက် တိုက်များကြောင့် တိုက်ခန်းဝယ်ယူလိုသူအချို့ မိမိဝယ်ယူမည့်တိုက်တွင် ခွင့်ပြုမိန့် ရှိ၊ မရှိကို စည်ပင်တွင် လာရောက်စုံစမ်းမှုများ ရှိနေ
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )


ရန်ကုန်မြို့ မြို့နယ်အချို့တွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော ကန်ထရိုက် တိုက်များကြောင့် တိုက်ခန်းဝယ်ယူ လိုသူအချို့ မိမိဝယ်ယူမည့် တိုက်မှာခွင့်ပြုမိန့် ပါမစ် ရှိ၊ မရှိနှင့် ဆောက်လုပ်သည့် ကန်ထရိုက် လိုင်စင်ရှိ၊ မရှိကို စည်ပင်တွင် လာရောက်စုံစမ်း နေကြသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့၏ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်စသည့် မြို့နယ်များတွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်နေခြင်းဖြစ်ပြီး ယခုလာရောက် စုံစမ်းမေးမြန်း သူများမှာလည်း သင်္ဃန်းကျွန်းနှင့် လှိုင်မြို့နယ်များမှ တိုက်ခန်းဝယ်ယူ လိုသူများ ဖြစ်သည်။

"သင်္ဃန်းကျွန်းနဲ့ လှိုင်က တိုက်ခန်းဝယ်ချင်တဲ့ သူတွေ လာမေးကြတယ်။ သူတို့ဝယ်မယ့်တိုက်က စည်ပင်သာယာရဲ့ ခွင့်ပြုမိန့် ရှိမရှိနဲ့ ပါမစ် ရှိ၊ မရှိကို မေးကြတာ ဖြစ်ပါတယ်။ အချို့ဆိုလည်း ဖုန်းနဲ့ဆက်သွယ်ပြီး မေးကြတယ်။ ဒီလိုမေးလာတာဟာ တစ်ဖက်မှာ အသိပညာ ပေးမှုတွေကြောင့်လည်း ပါတယ်လို့ ယူဆတယ်။ ဒီလိုလာမေးတာဟာ ကောင်းပါတယ်။ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေနဲ့ ပတ်သက်လို့ လျှပ်စစ်ကလည်း ပါမစ်မရရှိရင် မီးမပေးဘူးလို့ ပြောလာတော့ တိုက်ခန်းဝယ်မယ့် သူတွေက စိုးရိမ်လာကြတယ်။ ၀ယ်ပြီးမှ ခွင့်ပြုချက်မဲ့ဆိုရင် ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကန်ထရိုက် တိုက်များနှင့် ပတ်သက်၍ ခွင့်ပြုမိန့် ရှိ၊ မရှိနှင့် ဆောက်လုပ်သည့် ကန်ထရိုက်လိုင်စင် ရှိ၊ မရှိကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးများတွင် စုံစမ်းနိုင်သည်ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်မှ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးသည့် အဆောက်အအုံများသည် အဆောက်အအုံ ဆောက်လုပ်နေစဉ်အတွင်း "စည်ပင်၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်သည်" ဟူသော ဆိုင်းဘုတ်အစိမ်း ထောင်ရမည်ဖြစ်ပြီး အဆိုပါ ဆိုင်းဘုတ်တွင် ခွင့်ပြုသည့် ရက်စွဲ၊ ပါမစ် စသည့် အချက်အလက်များ ပါဝင်ကြောင်းနှင့် ယင်းဆိုင်းဘုတ်အစိမ်း ထောင်ပါက ခွင့်ပြုမိန့်ရှိသော အဆောက်အအုံဖြစ်ကြောင်း၊ ဆိုင်းဘုတ်အစိမ်း မရှိပါက အဆိုပါ အဆောက်အအုံမှာ ခွင့်ပြုချက်မဲ့ဖြစ်ပြီး တရားစွဲဆို ထားခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

လိုင်စင်မရှိသော ကန်ထရိုက်များမှ မြေရှင်နှင့် စည်းရုံးကာ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်နေ၍ စည်ပင်ကမြေရှင်ကို တရားစွဲဆိုထားမှုမှာ သင်္ဃန်းကျွန်းမြို့နယ် တစ်ခုတည်း၌ပင် အလုံး ၅၀၀ ကျော် ရှိနေပြီး ၁၁ လုံးမှာ ခွင့်ပြုသည့် အထပ်ပမာဏထက် ကျော်လွန်ဆောက်လုပ်၍ ကျော်လွန်သည့် ပမာဏကို ပြန်လည်ဖျက်သိမ်း ရမည်ဟု သိရသည်။

http://news-eleven.com/

0 ကွန်မန့်ရေးရန်:

Post a Comment