Tuesday, October 15, 2013

ဝိဉာဉ်ကူးပြောင်းနေတယ်ဆိုတာတကယ် ကော ဟုတ်ရဲ့လား ...(အစိမ်းသေဆိုတာ)...............

]






ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ်ဟာ ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓ၀ါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ၀ါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘ၀ပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့ အယူအဆကို လက်ခံပေမယ့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းသွားလာနေတဲ့ ၀ိဉာဉ် (ခေါ်) အတ္တ ကောင် မရှိပါဘူး။

မိရိုးဖလာ ဗုဒ္ဓဘာသာတွေမှာတောင် ဒီလို ၀ိဉာဉ် ရှိတယ်လို့ မှားယွင်းယူဆနေကြပါတယ်။ Soul , Ghost လို့ခေါ်တဲ့ လူသေပြီးရင် ကိုယ်ခန္ဓာထဲက ထွက်သွားတဲ့ အရာတစ်ခုလို့ ရှိတယ်လို့ ယူဆတာဟာ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်များ သတိပြုကြပါ။

ညီငယ်ညီမငယ်များတို့။ Ghost ဟာ လူသေပြီးတာနဲ့ ချက်ခြင်းဖြစ်လာတဲ့ “ဒုတိယ” ဘ၀တစ်ခုသာဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ “ပြိတ္တာ” လို့ခေါ်တဲ့ ဘုံဘ၀မျိုးဖြစ်တယ်။ ဒီဘက်က လူတစ်ဦးကွယ်လွန်ပြီး “စုတိ” စိတ်ပြီးတာနဲ့ ဟိုဘက်မှာ “ပဋိသန္ဓေ” စိတ် ချက်ခြင်း(အခြားမရှိအောင်) ဖြစ်တာမို့ ပြိတ္တာကောင် အဖြစ် “ဘွား” ကနဲဖြစ်လာတာကို “၀ိဉာဉ်” လို့ ယူဆနေကြတာဖြစ်တယ်။ ဘ၀ကူးပြောင်းတာ မြန်လွန်းလို့ အဲဒီပြိတ္တာကောင်ဟာ သူ့ကိုယ်သူ ယခင်ဘ၀က ပုဂ္ဂိုလ်လို့ မှားယွင်းယူဆနေမိတတ်တယ်။ နောက် အချိန်ကြာလာမှသာ သူဟာ ဘ၀သစ်တစ်ခုကို ရောက်ရှိလာတာဖြစ်တယ်ဆိုတာကို နားလည်လာခြင်းမျိုး ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ “နောက်ဘ၀” ဆိုတာ ရှိတယ်။ အဲဒီ နောက်ဘ၀ဆိုတာဟာ “ယခုပစ္စုပ္ပန်ဘ၀” နဲ့ “ယခုဘ၀မတိုင်မှီ ဘ၀ပေါင်း များစွာက” ပြုခဲ့တဲ့ “ကောင်းမှုကံ/မကောင်းမှုကံ” တွေကို စံစား/ခံစားဖို့အတွက် ပေါ်ပေါက်လာရတဲ့ “အကျိုးရလဒ်” တစ်ခုသာဖြစ်တယ်။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခု အဆက်ပြတ်မသွားအောင် ဆက်စပ်ပေးနေတဲ့အရာကတော့ အထက်ကပြောခဲ့တဲ့ “တဏှာ” ဘဲဖြစ်တယ် ။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခုကူးပြောင်းနေရတာဟာ “အကြောင်းတရား၊ အကျိုးတရား” ဆက်စပ်မှု နိယာမ သာလျှင်ဖြစ်ပြီး ဒီဖြစ်စဉ်ထဲမှာ “အတ္တ” ခေါ် “၀ိဉာဉ်” ကောင် လုံးဝမပါပါဘူး။

ဒီဘက်ဘ၀တွေက လုပ်လိုက်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကို ခံစားစံစားဖို့အတွက် ရှေ့ဘ၀မှာ သူနဲ့သင့်လျှော်တဲ့ “ရုပ်၊ နာမ်၊ ခန္ဓာ” ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ အမည်နာမ တပ်မယ်ဆိုရင်တော့ “လူ၊ နတ်၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲကောင် . .” စသည်ဖြင့် အမည်ပညတ် တပ်လို့ရပေမယ့် စင်စစ်တော့ အကြောင်းကြောင့် အကျိုးတရားဖြစ်ထွန်းနေရတဲ့ “သံကွင်းဆက်လို” အစဉ်အဆက် တန်းနေတဲ့ ကွင်းဆက် တွေသာ ဖြစ်ပါတယ်။ ဒါကိုဘဲ ဗုဒ္ဓဘာသာမှာ “သံသရာ” လို့ ခေါ်ဝေါ်နေကြပါတယ်။

ဒီဘ၀ပုဂ္ဂိုလ် နဲ့ နောက်ဘ၀က ပုဂ္ဂိုဟ်တို့ဟာ တစ်ဦးတည်း မဟုတ်သလို အခြားလူလည်း မဟုတ်ပါဘူး။

ဥပမာ ပြရရင် ရန်ကုန် ကနေ မန္တလေးကို စာတိုက်ကနေ ငွေလွှဲလိုက်တဲ့အခါ ဟိုဘက်မှာ ထုတ်ယူရမယ့်ငွေဟာ ရန်ကုန်စာတိုက်က ငွေစက္ကူတွေ မဟုတ်ပါဘူး။ အရေအတွက် ပမာဏခြင်းတူတယ်။ ဒါပေမယ့် ရန်ကုန်ငွေစက္ကူတွေ မန္တလေးကို ရောက်သွားတာမဟုတ်ပါဘူး။ ဟိုဘက်ကလူကတော့ မန္တလေးစာတိုက်မှာ ရှိတဲ့ငွေစက္ကူတွေဘဲ ထုတ်ယူသွားရမှာပါ။ ဒါပေမယ့် အဲဒီငွေဟာ အခြားလား . . ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီဘက်က လွှဲလိုက်တဲ့ “အကြောင်းတရား” ကြောင့် ဟိုဘက်မှာ ထုတ်လို့ရတာမဟုတ်လား။ ဘ၀ကူးတယ်၊ ဘ၀ဆက်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ ဒါမှ ဗုဒ္ဓအယူဝါဒ စစ်စစ်ဖြစ်ပါတယ် ။

သရ၀ဏ်

Burmar Pyi Thar

0 ကွန်မန့်ရေးရန်:

Post a Comment