Monday, September 23, 2013

ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကို နယ်မြို့များမှ လူနာများတွင် ပိုမိုတွေ့နေရ ..........................


ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကို နယ်မြို့များမှလူနာများတွင် ပိုမိုတွေ့နေရကြောင်း အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြသိန်းဟန်က ပြောသည်။ အဆိုပါအူကျွံထွက်ခြင်းကို ဆေးအခေါ်အဝေါ်အရ Incisional Hearnia ဟုခေါ်ဆိုကြောင်းသိရပြီး ယင်းကဲ့သို့ဖြစ်လာခြင်းမှာ အနာမကျက်ခြင်းနှင့် Intra abdominal Pressure ဟုခေါ်သည့် ဗိုက်ထဲမှဖိနှိပ်အားကြောင့် ဖြစ်လာခြင်းဖြစ်ကာ ယင်းအူကျွံခြင်းမှာ နယ်မြို့များတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

''နယ်ဘက်တွေမှာက ခွဲစိတ်ကုသဖို့ ပစ္စည်းတွေမရှိတာရယ်၊ ခွဲစိတ်ခန်းသန့်ရှင်းမှုပိုင်းရယ်၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေ မရှိတာရယ် မပြည့်စုံတာတွေအများကြီးပဲ။ အဓိကကျွမ်းကျင်တဲ့ဆရာ ဝန်ခွဲစိတ်မှုအပြင် စနစ်ကျမှု လိုအပ်တယ်။ မဟုတ်ရင် အူကျွံတာဖြစ်မှာပဲ။ နောက်ဆက်တွဲရမယ့် ရောဂါက ကျွံတဲ့အူသာ ပိတ်သွင်းလို့မရရင် အူကိုသွားတဲ့သွေးကြော တွေကမသွားနိုင်တော့ သွေးကြောတွေပိတ်ပြီး အူတွေပုပ်သိုးပျက်စီးသွားပြီး ရောဂါပိုးတွေဝင်ပြီး အသက်ပါ ဆုံးရှုံးနိုင်တယ်''ဟု ပါမောက္ခ ဒေါက်တာမြသိန်းဟန် က ပြောသည်။

အူကျွံရခြင်းအကြောင်းအရာအဖြစ် နှစ်မျိုးသတ်မှတ်ထားပြီး ယင်းတို့မှာ အထွေထွေအ ကြောင်းအရာ များနှင့် ခွဲစိတ်ခြင်းနှင့် ပတ်သက်သည့်အကြောင်း အရာများဟူ၍ ခွဲထားကြောင်း သိရသည်။အထွေထွေအကြောင်းအရာမှာ အာဟာရဓာတ် လွန်စွာချို့တဲ့သည့်လူနာ၊ အသက်အရွယ်ကြီးသည့် လူနာ၊ ဆီးချို၊ သွေးတိုး၊ ပြည့်ဝဆဲလ်များအား ဟန့်တားစေသည့်ဆေး(ကင်ဆာဆေး) ပရိုတိန်းဓာတ်၊ ဗီတာမင်စီ၊ ဇင့်ဓာတ်၊ ရင်ကျပ်သည့်လူနာနှင့် ဓာတ်ကင်သည့်လူနာစသောအနာကို အကျက်နည်းစေသည့်ဆေးဝါး များကိုလည်း စားသုံးခြင်းဖြင့် အူကျွံခြင်းများ ဖြစ်နိုင်သည်။

ဒုတိယအချက်အနေဖြင့် အူကျွံခြင်းကိုဖြစ်ပေါ်စေနိုင်သည့်အချက်မှာ ခွဲစိတ်ခန်းနှင့်ပတ်သက် သည့်အတွက်ကြောင့်ဖြစ်ပြီး ခွဲခန်းမသန့်ရှင်းပါက ရောဂါပိုးများ ဝင်ရောက်ကာ ပြည်တည်ခြင်း၊ ခွဲစိတ်ကုသမှုမကျွမ်းကျင်ခြင်း၊ ခွဲစိတ်ခန်းတွင်ဝတ်သည့် အဝတ်အထည်များကို Sterile မရှိခြင်း၊ Cautery ခေါ် လျှပ်စစ်ဓာတ်အား ကို လွန်စွာသုံးခြင်းဖြင့် သွေးထဲရှိ Tissue Problem များကာ ရောဂါပိုးဝင်နိုင်ခြင်း၊ ခွဲစိတ်ခန်းတွင် လိုအပ်သည့် ပစ္စည်းကိရိယာ များလုံလောက်မှုမရှိခြင်းနှင့် ချုပ်ရိုးကို ချုပ်မည့်ချည်ကြိုးကို ရွေးချယ်တတ်ရန် လိုအပ်ကြောင်း သိရသည်။

''ခွဲပြီးခါစ ချောင်းဆိုးရင်၊ ဝမ်း၊ ဆီးအရမ်းညှစ်နေရတဲ့အခါ လူနာက အသည်းရောဂါသမား ဆိုရင်တော့ ဖျဉ်းစွဲကာ ဗိုက်ထဲ အရည်တွေစုပြီးတော့ ဗိုက်တွေက ဖောင်းကားလာတယ်။ အူတွေက အလုပ်မလုပ်နိုင်ဘဲ ဖောင်းတင်းနေရင် ဝမ်းဗိုက်ကို Pressure များလာတယ်။ ခွဲထားတဲ့နေရာမှာ အလုံးအဖုတွေသာဖြစ်နေရင် ဖိအားတွေများပြီး အူကျွံတာဖြစ် နိုင်တယ်။ Irreducible ဆိုတဲ့ ပြန် သွင်းလို့မရတာတွေ ဖြစ်လာတာ ပေါ့''ဟု ဆက်လက်၍ ပြောသည်။

[ ဇင်မျိုးထက် ၊ ရန်ကုန် ၊ စက်တင်ဘာ ၂၀ ]
Yangon Media Group

0 ကွန်မန့်ရေးရန်:

Post a Comment