Tuesday, September 3, 2013

စင်ကာပူနဲ့ မြန်မာ အိမ်ဈေးထိန်းချုပ်ပုံ


နိုင်ငံတော်ကြီးကို ပုံစံအမျိုးမျိုးနှင့်စဉ်းစားကြသည်။ ယခင်က မြန်မာနိုင်ငံသည် ၁၉၆၂မှစတင်ပြီး စစ်အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်သည်မှာ နှစ်၅၀ကြာသွားသည်။ တိုင်းပြည်လည်း အဖတ်ဆယ်စရာမရှိသလောက် ပျက်စီးသွားသည်။ အဆိုးဝါးဆုံးမှာ အကျင့်ပျက်သူ အလွန်များပြားလာခြင်းဖြစ်သည်။

ခရစ်ယာန်သမ္မာကျမ်းစာ၊ သုတ္တကျမ်းတွင် ဆင်းရဲခြင်းနှင့်  ငွေရတတ်ခြင်း ၂မျိုးကို မပေးပါရန်၊ ဆင်းရဲလွန်းပါက ခိုးယူအကျင့်ပျက်မည်ကို စိုးရိမ်ရသို၊ ငွေရတတ်လွန်းပါက ဘုရားမေ့သွားမည်ကို စိုးရိမ်သည်ဟု ဆိုသည်။ လူတစ်ဦး၊ မိသားစုတစ်ခု၊ ကုမ္မဏီတစ်ခု ..ခပ်သေးသေးစဉ်းစားပါက ချမ်းသာလျှင် ဘုရားမေ့၊ တရားကိုကိုယ့်အကြိုက်လုပ်တတ်ကြသည်။ ဆင်းရဲလွန်းပါက အကျင့်ပျက်ပြီး၊ ခိုးယူတတ်လာပါသည်။

လူ့ဘဝတွင် များစွာသောအသီးအနှံကြဲသော်လည်း အသီးအနှံနည်းပါးရသည်။ စားရသော်လည်း ဝစွာ မစားမသောက်ရကြ၊ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာမဝတ်ကြရ၊ အလုပ်လုပ်၍အခရသော်လည်း မလုံလောက်သောအိတ်မှာသိုထားရသည်.. စကားရပ်အတိုင်း လူလောကတွင် လူများစွာတို့သည် ချိုးခြံချွေတာရင်း သေသွားကြသည်။ ဥပမာ မက်ဒေါနယ်သူဌေးကြီးသည် ကွယ်လွန်သောအခါ ဒေါ်လာသန်းပေါင်း ရှစ်ထောင်ကျော် ချန်ထားခဲ့သည်။ သူ့ကို ချစ်မေတ္တာပြနိုင်သော ညစားသောက်ဆိုင်အလုပ်သမလေးတစ်ဦးနှင့် လက်ထပ်ခဲ့သဖြင့် ထိုငွေအားလုံးသည် အလုပ်သမလေးလက်ထဲသို့ ရောက်သွားလေသည်။ အလုပ်သမလေးတဖြစ်လဲ ..သူဌေးမကြီးက ထိုငွေအားလုံးနီးပါးကို ဘုရားသခင်နှင့်လူမှုရေးဆိုင်ရာများသို့ လှုဒါန်းပစ်လိုက်သည်။

နိုင်ငံတကာတွင် ဘဏ်ထဲစုထားသောပိုက်ဆံများ ပိုင်ရှင်လာမထုတ်ပဲ နှစ်ပေါင်းများစွာ အကောင့်အသေဖြစ်သွားပါက၊ ဆွေမျိုးရှာမရလျှင့် နိုင်ငံတော်က ပိုင်သည်။ ဘဏ်ကလည်း ထိမ်းသိမ်းစောင့်ရှောက်သည့် အခကြေးငွေရပါသည်။ ထို့ကြောင့် လောကတွင် ရှာသမျှငွေများကို သားစဉ်မြေးဆက် စားမကုန်အောင် စုဆောင်းပေးထားလိုသူများကို မြန်မာပုံပမာ ကုဋေကြွယ်သူဌေးသား – ကောင်သေ လင်းတကျ၏တည်း …ဟု ပညာမတတ်ပါက၊ ရှိသမျှအကုန်ပြောင်မည်သာဖြစ်သည်။

အထူးသဖြင့် ခေတ်ပြောင်းကာလအချိန်တွင် တောကြောင်လက်ခမောင်းခတ် ဆိုသည့်အတိုင်း၊ ဂျပန်ခေတ်၊ ဒုကမ္ဘာစစ်တွင် ဓါးပြများစွာပေါ်ပေါက်ခဲ့သည်။ ယခု မြန်မာပြည်ခေတ်ပြောင်းသောအခါ အေးဆေးစွာ၊ ပြောင်းလဲနေခြင်းမှာ ကျေနပ်စရာဖြစ်သည်။ လူသားဖြစ်သောကြောင့် မကျေနပ်စရာများစွာ ရှိနေသေးရာတွင် ခြစားမှုကို စိတ်အပျက်ဆုံးဖြစ်သည်။ ယခင်အစိုးရလက်ထက်ကတည်းက ကမ္ဘာ့ခြအစားဆုံးနိုင်ငံဖြစ်ရသော်လည်း စစ်အစိုးကဖမ်းမည်စိုးရိမ်သဖြင့် မပြောရဲ၊ မပြောဝံ့၊ ယခုအခါ မီဒီယာ၊ ဖေ့စ်ဘုတ်များဖြင့် လွတ်လပ်ခွင့်ကိုပေးထားသောကြောင့် ဖွဘုတ်အဖြစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖေါ်ပြနေကြသည်။

အိမ်မြေဈေးကြီးမှုသည် အရှေ့တောင်အာရှတွင်သာမက၊ ကမ္ဘာ့အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် သိသမျှရေးပါမည်။ ကမ္ဘာ့ခြအစားဆုံး (အကျင့်ပျက်ဆုံး) မြန်မာနိုင်ငံနှင့် ခြမစားဆုံး(အကျင့်မပျက်ဆုံး) စင်ကာပူနိုင်ငံကို ယှဉ်ရေးမည်ဖြစ်သည်။ ကျနော်တို့ ပြည်ပရောက်မြန်မာအများစုတွင် ဝင်ငွေများသောအနောက်နိုင်ငံရောက်မြန်မာများက လစာကောင်းမည်ဖြစ်သော်လည်း၊ စင်ကာပူရောက်မြန်မာများက ငွေစုဆောင်းနိုင်မှုအကောင်းဆုံးဖြစ်သည်။ ထိုင်းနိုင်ငံကို ယှဉ်ပြီး မြေဈေးကြီးမှုကို ယှဉ်လိုသော်လည်း ထိုင်း၊ မလေးရှားနိုင်ငံတွင် အိမ်ပိုင်သောမြန်မာများ အလွန်နည်းပါးသည်။ အမေရိကန် ၊သြစတြေးလျရောက် မြန်မာများကလည်း စင်ကာပူကဲ့သို့သဘောထားနိုင်ပါသည်။


အိမ်မြေဈေးနှုန်းထိန်းချုပ်ခြင်း


အစိုးရတိုင်းသည် ပြည်သူလူထုအများစုကို စားဝတ်နေရေး၊ အဆင်ပြေရန် အလုပ်အကိုင်ရရှိရေး အိမ်မြေပိုင်ရေး၊ သက်ကြီးပင်စင်ကိစ္စများ စသည်တို့ကို လုပ်ဆောင်ပေးရသည်။ အထူးသဖြင့် နေစရာသည် အရေးကြီးသည်။ ဝင်ငွေကောင်းပါက အိမ်ငှားခ မထောင်းသာ၊ ဝင်ငွေမရှိပါက အိမ်ငှားခသည် ပြသနာကြီးဖြစ်လာသည်။ စင်ကာပူ၊ အမေရိကားတွင် အလုပ်မရှိလျှင် Homeless အိမ်ခြေမဲ့အဖြစ် ရှောက်သွားနေရသူများစွာ ရှိသည်။ အိမ်ငှားဖို့ပင် မတတ်နိုင်ပါ။ စားစရိတ်က သိပ်မကြီးလှပါ။ မြန်မာပြည်တွင် အလုပ်မရှိပါက တောပြန်ပြီး၊ ထမင်းနှင့်ငပိ ၊ငြုတ်သီးစား နေလို့ရပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲနိုင်ငံများမှာ နေစရာထက်၊ စားဖို့ကို ပိုခက်ပါသည်။

ယခု မြန်မာပြည်ပြုပြင်ပြောင်းလဲလာသဖြင့် ခုပဲ အနောက်နိုင်ငံများကဲ့သို့ ချမ်းသာတော့မည့်အလား အိမ်မြေဈေးများ တဟုန်ထိုးတက်လာသည်ကို အစိုးရက ဝယ်ခွန် ၃၇%ဖြင့် ထိန်းချုပ်ထားသော်လည်း ယခုအချိန်တွင် ကမ္ဘာထိပ်ဆုံးတွင် တန့်နေပြီဖြစ်သည်။ တက်ပြီးပြန်ကျလေ့မရှိတော့။ ငွေဖေါင်းပွနှုန်း Inflation က ကမ္ဘာ့ပေါက်ဈေးပြန်ရောက်အောင် ဆွဲချမည်ဖြစ်သည်။ ၃နှစ်မှ ၅နှစ်ထိ စောင့်ရမည်။ ယခု သိန်း ၁,၀၀၀ တန်အိမ်သည် (1USD = 1,000 kyat) ဒေါ်လာတစ်သိန်းနှင့်ညီမျှသည်။ နောက်၅နှစ်ကြာလျှင် (1USD=2,000 kyat) မလွဲမသွေဖြစ်လာတော့မည်။ ထိုအခါ သိန်း ၁,၀၀၀ အိမ်ဈေးက မတက်၊မကျတော့ပဲဖြစ်နေမည်။ ထိုအချိန်တွင် ကျပ်ငွေဖြင့် သိန်း ၁,၀၀၀ ဈေးပေါက်သော်လည်း ဒေါ်လာအားဖြင့် ၅သောင်းပဲ တန်ဖိုးရှိတော့မည်ဖြစ်သည်။ ၅နှစ်အတွင်း အိမ်တန်ဖိုး ၂ဆ ပြန်ကျသွားမည်။ ကျပ်ငွေကိုသာ အာရုံထားသော ၉၀ ရာနှုန်းသော မြန်မာများအဖို့ မိမိပိုင်သောအိမ်တန်ဖိုး ဈေးမကျဟု ဖြေပြီး ကျေနပ်နေမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာနှင့် ကူသန်း၊ရောင်းဝယ်နေသူအဖို့ ယခုအချိန်၊ သူပိုင်သော အိမ်မြေအများပြားမှာ သိန်း ၁,၀၀၀ တန်အိမ်ကို ရောင်းချပြီး၊ အရောင်းအဝယ်လုပ်သဖြင့် ငွေတိုးပွားလာဦးမည်။
နောက်၅နှစ် ကြာချိန် ကျပ်ငွေပြန်ပြောင်းပြီး အိမ်၂လုံးဝယ်နိုင်မည်ဖြစ်သည်။ အချို့က စီးပွားမလုပ်တတ်သဖြင့် အိမ်ရောင်းလိုက်မှ၊ အိမ်လဲဆုံး၊ ရောင်းရငွေလဲဆုံး ဖြစ်သွားမည်ကိုသိသဖြင့် ဒီအတိုင်းပဲနေကြသည်။

စင်ကာပူတွင် 


၂၀၀၇တွင် ကမ္ဘာ့စီးပွားပျက်ချိန်၊ စကာပူနိုင်ငံသားများစွာ အလုပ်လက်မဲ့ဖြစ်ရသည်။
နိုင်ငံသားအားလုံးနီးပါးမှာ အကြွေးနှင့်အိမ်ဝယ်ကြသဖြင့် လစဉ်အိမ်ဖိုး Installment ဒေါ်လာ တစ်ထောင်မှ၊ နှစ်ထောင်အထိ ပေးသည်။
အလုပ်မရှိ၊ ဝင်ငွေမရှိသောအခါ အလုပ်သစ်ကလည်း အရင်လောက် လစာမရတော့။ အိမ်ကို အစိုးရထံ ထိုးအပ်လိုက်ရသည်။ (စင်ကာပူတွင် ၈၀% အိမ်အများစုမှာ အစိုးရက ပိုင်သည်)။ စင်ကာပူအစိုးရတွင် အိမ်များစွာ ပိုလျှံနေပြီး၊ အရေးထဲ Reserve Money ဆိုသော ဒေါ်လာ ဘီလျံ ၂၀၀ကျော်မှာ ကမ္ဘာ့ ကုမ္ပဏီရှယ်ယာဈေးကသည်နှစ် တစ်ဝက်ခန့် တဟုန်ထိုး ကျဆင်းသွားသည်။ တနည်းအားဖြင့် ဘီလျံ ၁၀၀ကျော် ကမ္ဘာ့စီးပွားကပ်နှင်အတူ ဆုံးရှုံးသွားသည်။ နိုင်ငံသေးသဖြင့် ပိုခံရသည်။ နိုင်ငံတွင်းမှ အလုပ်သမားများစွာ အလုပ်ပြုတ်ရာတွင်၊ နိုင်ငံခြားအလုပ်သမားများ သိန်းနှင့်ချီပြီး အလုပ်ပြုတ်၊ မိမိနိုင်ငံသို့ပြန်ရသည်။ အိမ်ဈေးနှုန်းများ မကျရန် အစိုးရက ရာဖြတ် Valuation ဖြင့် ထိန်းထားသည်။ လူများက အစိုးရရာဖြတ်ဈေးထက် လျှော့ရောင်းကြနေချိန်၊ အစိုးရက နိုင်ငံခြားသား တစ်သန်းကျော်ကို အမြဲနေထိုင်ခွင့် PR Permanence Resident ချပေးလိုက်သည်။ ထိုသူများက ငွေစုဆောင်းမိထားသူများဖြစ်သောကြောင့် ပိုလျှံနေသော အစိုးရအိမ်များကို ဝယ်ခွင့်ရသည်။ ထိုနည်းဖြင့် စင်ကာပူသည် နိုင်ငံခြားသားပေါင်းများစွာထံမှာ တစ်ဦးလျှင် ဒေါ်လာတစ်သိန်းခန့် ပြန်ယူထားနိုင်ခဲ့သည်။


 

(ဓာတ်ပုံ - Steve Tickner/ဧရာဝတီ)  
ယခု ၂၀၁၂တွင် အိမ်ဈေးများ ထပ်မံထိုးတက်လာသည်။ ကမ္ဘာ့စီးပွားရေးကလည်း ၂၀၀၈နောက်ပိုင်း နာလံမထူနိုင်သေးပါ။
 စင်ကာပူတွင်လည်း အိမ်များစွာ ပိုလျှံနေချိန်က အိမ်ဝယ်ရန်၊ ဘဏ်ချေးငွေ ၈၀%နှင့်၊ ကျန်သော၂၀%ကိုလည်း ချေးရနိုင်သဖြင့် လူတိုင်း Cash down payment မလိုပဲ ဝယ်ခွင့်ရသည်။ ထို့ကြောင့် အိမ်ဈေးများ ထိုးတက်လာရာ၊ ၂၀၁၂တွင် အမြင့်ဆုံးရောက်ခဲ့သည်။ ထိုအခါ စင်ကာပူနိုင်ငံသားများက အိမ်ကိုရောင်းပြီး အမြတ်ကိုထုတ်ယူ၊ နောက်တစ်အိမ်ကို ၈၀% ဘဏ်ချေးငွေဖြင့် ပြန်ဝယ်ကြသည်ဖြင့်၊ အိမ်အရောင်းအဝယ် အရမ်းကောင်းလာသည်။ အိမ်ဈေးအရမ်းတက်လာသဖြင့် စီးပွားရေး နလံထူနိုင်ပြီးဖြစ်သော စင်ကာပူအစိုးရက အိမ်ဝယ်သူများ ငွေသားမရှိပဲ ဝယ်မရအောင် နည်းမျိုးစုံဖြင့် ကြပ်ပစ်လိုက်ပါသည်။
ဒေါ်လာတစ်သိန်း လက်ထဲမရှိလျှင် အိမ်ဝယ်ရန်မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်သွားသည်။  အစိုးရတိုက်ခန်းအိမ်တစ်ခါရောင်းပြီး ၅နှစ်အတွင်း ပြန်မရောင်းရ သတ်မှတ်သည်။ ယခု ၂၀၁၃တွင် အိမ်အရောင်းအဝယ် မရှိသလောက်ဖြစ်သွားသည်။ အိမ်ဈေးလည်း တရိပ်ရိပ်ကျလာပါတော့သည်။ ဒေါ်လာ၎သိန်းတန် အိမ်ကို ငှားစားပါက တစ်လ ၂၄၀၀ဒေါ်လာ၊ တစ်နှစ်လျှင့်၂၈၈၀၀  ဒေါ်လာ (အိမ်တန်ဖိုး၏ ၇%) ရမည်ဖြစ်သည်။ စင်ကာပူတွင် ဘဏ်တိုးနှုန်းသည် ၀.၂ ရာနှုန်းသာ ရှိသည်။
စင်ကာပူနှင့်တိုးတက်သောနိုင်ငံများတွင် Valuation ဟုခေါ်သောအိမ်မြေတန်ဖိုးဖြတ်ခြင်း (ရာဖြတ်)သည် ၅%မျှပင် အတိမ်းအစောင်းမရှိအောင် စနစ်ကျလှသည်။
 မြန်မာနိုင်ငံမှရာဖြတ်များ တကယ်အရောင်းဝယ်တန်ဖိုး၏ ၃၃%ဖြင့် ရာဖြတ်ပေးခွင့် အောက်ပါဖြစ်ရပ်မျိုး စင်ကာပူ၊ အမေရိကားတွင် သွားလုပ်မိပါက ထောင်နှစ်ပေါင်းများစွာကျသွားနိုင်ပေသည်။ မြန်မာပြည်တွင် ထိုသို့အစိုးရကိုခြစားမှ အိုကေသည်။

မြန်မာပြည်တွင်
၂၀၀၇ မတိုင်မီကတည်းက တရုတ်နှင့်မြန်မာကုမ္ပဏီများက မြန်မာနိုင်ငံရှိ လယ်မြေ၊ ခြံ များစွာကို ဈေးသက်သာစွာဖြင့်၊ ဝယ်ယူထားပြီးဖြစ်သည်။ ၂၀၀၇နောက်ပိုင်းတွင် လယ်မြေကွက်သာမက မြို့ပေါ်မှအိမ်များပါ အရောင်းအဝယ် အရမ်းကောင်းလာသည်။ အရောင်းအဝယ် ကောင်းလာလျှင် ဈေးတက်လေ့ရှိသည့်အတိုင်း၊ ဝယ်ရောင်း လုပ်စားသူ၊ ငွေမည်းပိုင်ရှင်များက အိမ်များကို ဆက်ကာ၊ ကုမ္မဏီငွေဖြင့် နိုင်ငံခြားကုမ္ပဏီကြီးများနှင့်အပြိုင်ပေးပြီး ဝယ်ယူကြသည်။ နောက်ဆုံး အရှေ့တောင်အာရှတွင် အိမ်မြေဈေးအကြီးဆုံး နိုင်ငံဘဝသို့ ရောက်သွားသည်။ စင်ကာပူတွင် ဒေါ်လာ ၃သိန်းတန် တိုက်ခန်းကိုလည်း မြန်မာပြည်တွင် ဒေါ်လာ၃သိန်းနီးပါးဈေးပေါက်သွားသည်။ ရန်ကုန်တွင်သာမက နယ်မြိုအားလုံး ဈေးတက်သွားပြီး၊ အစိုးရကလဲ ၃၇% ဝယ်ခွန်တောင်းပြီး၊ ထိန်းချုပ်သည်။

 နိုင်ငံခြားသားများနှင့်မြန်မာနိုင်ငံသားများက အိမ်မြေဈေး အဆမတန်ဈေးကြီးသွားခြင်းသည် တိုင်းပြည်စီးပွားပျက်၊ ခေတ်ပျက်သို့ ပိုပြီး ဇောက်ထိုးကျသွားရသည်။ မြန်မာနိုင်ငံတွင်နေသူများသာမက နိုင်ငံခြား (စင်ကာပူ)တွင် ကုတ်ကပ် လုပ်ကိုင်ပြီး၊ စုဆောင်းမိသော  ဒေါ်လာတစ်သိန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မြန်မာပြည်သို့သွားက အိမ်ဝယ်ရန် လိုက်စုံစမ်း၊မေးမြန်းသည်။ တပ်ခေါက်ပြီး ဈေးမတတ်နိုင်သဖြင့် ပြန်လာရသည်။ ဒေါ်လာတစ်သိန်း (ကျပ်သိန်း ၁,၀၀၀) မှာ အိမ်ကောင်းကောင်း မရတော့ပါ။ ယခင်၂၀၀၆ခန့်က သိန်းတစ်ထောင်တန်အိမ်သည် ယခု သိန်း ၅,ဝဝဝ  အထက်ဖြစ်နေလေပြီ။  မြန်မာပြည်တွင် သိန်း ၁,၀၀၀ တန် အိမ်ကိုငှားစားပါက တစ်လ၂သိန်းခန့်သာ ရသည်။ တစ်နှစ် ၂၄သိန်း (အိမ်တန်ဖိုး၏၂.၄%) သာရသည်။ စင်ကာပူတွင် ၇% ရသဖြင့် မြန်မာပြည်သည် ၃ဆခန့် အိမ်ဈေးဖောင်းပွနေသည်ဟု သတ်မှတ်ရပေမည်။



အစိုးရဌာနအားလုံး မြေပိုင်ရှင်ကြီးများဖြစ်နေသည်။ (ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးမွေးမြူရေးခြံ၊ တောင်ကြီးမြို့)


သမ္မတဦးသိန်းစိန်လည်းမတတ်နိုင်


အိမ်မြေ၊ ၂ခု၊ ၃ခု ပိုင်ရှင်များအတွက် ယခုကာလသည် အလွန်ကောင်းသည်။ တစ်လုံးကို သိန်းတစ်သောင်းနှင့် ရောင်းလိုက်သည်။ ဒေါ်လာ တစ်သန်းရသည်။
စင်ကာပူတွင် ကုမ္ပဏီလာထောင်ပြီး အိမ်ဝယ်သည်။ ဒေါ်လာ၂သိန်းပေးလျှင် ကွန်ဒိုတစ်လုံး ၈၀% အကြွေးဖြင့် ဝယ်ရသည်။
အိမ်ငှားတင်လျှင် တစ်လ ဒေါ်လာ  ၄,၀၀၀ ရသည်။ ထိုအိမ်ငှားရငွေကို လစဉ်အိမ်ဖိုး ဘဏ်ချေးငွေပြန်သွင်းခြင်းဖြင့် စင်ကာပူတွင်လည်း အိမ်ပိုင်ရှင်ဖြစ်သည်။ အမေရိကား၊ သြစတြေးလျားသွားပြီးလျှင် ဟိုမှာလည်း ကုမ္ပဏီထောင်ပြီး အိမ်ဝယ်ပြန်သည်။ နိုင်ငံခြားနေတာ သဘောကျသော ငယ်ရွယ်သူသားသမီးများကို နိုင်ငံခြားတွင်ထားခဲ့သည်။ သူတို့ကတော့ နိုင်ငံခြားမှ ပို့ပေးသောငွေဖြင့် နိုင်ငံတကာတွင် အိမ်ပိုင်ဖြစ်နေသည်။ စီးပွားလုပ်တတ်သောသူဖြစ်ပါက ခရိုနီဖြစ်လာတော့သည်။ ခရိုနီ၊ မိုနိုပိုလီ ငွေရှင်များသည် စစ်အာဏာရှင်ဟောင်းများနှင့်ပေါင်းဖေါ်ပြီး လက်ဝါးအုပ်စီးပွားရေးများတွင် ပါဝင်က ဒေါ်လာတစ်သန်းသည် တစ်နှစ်အတွင်း ၁၀သန်းဖြစ်လာသည်။ ၂နှစ်အတွင်း အိမ်မြေဈေးများကို အစိုးရက မည်သို့မျှမချုပ်ကိုင်နိုင်တော့ပါ။ အစိုးရတွင် အခြား Fire Fighting များစွာရှိနေသဖြင့် အိမ်မြေဈေးကို ခရိုနီများ ဦးဆောင်သော၊ မြန်မာလူထုကြီးက အဆမတန်ဖြစ်အောင် ဈေးမြှင့်ပေးလိုက်သဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို အဟန်တားကြီးစွာဖြစ်စေခဲ့သည်။

ဖားအံမြို့ကို ကြည့်ပါ။ ကရင်ပြည်နယ်တွင် တောမြို့ကလေးက ၄၀x၆၀ ပေမြေနှင့်၊ အိမ်အစုတ်လေးတစ်ခုကို သိန်းတစ်ထောင်၊ နှစ်ထောင် အော်ဟစ်နေကြသည်။ တကယ်ဝယ်လျှင် သိန်း ၇၀၀ လောက်ဖြင့် ရနိုင်ပါသည်။ သို့သော် အိမ်ပိုင်ရှင်များက သူတို့အိမ်ဈေးကို ပါးစပ်ဖျားကမလျှော့၊ မနေ့က မြန်မာပြည်အလယ်ပိုင်းမှ စင်ကာပူအလည်လာသော ခရစ်ယန်တရားဟောဆရာတစ်ဦးက သူဝယ်တုန်းက တစ်သိန်းပဲပေးရတယ်။ အခုတော့ သိန်းတစ်ထောင်ဖြစ်သွားပြီး..ဟု ကြွားဝါလိုက်ရာ၊ တရားနားထောင်နေသူ လူ ၁၀၀ ခန့်က ဟာကနဲ ဖြစ်သွားသည်။

စင်ကာပူတွင် အလုပ်လာလုပ်သူများမှာ တစ်လထောင်ဂဏန်းမျှသာ ရသဖြင့် တစ်နှစ် ငွေငါးထောင်စုမိဖို့ဆိုသည်မှာ အရမ်းခက်ခဲသည်။ စင်ကာပူတွင် ကျွန်လာခံ၊ အလုပ် ၅နှစ် လုပ်ပြီး ဒေါ်လာတစ်သောင်းရရင် မြန်မာပြည်မှာ ကိုယ်ပိုင်အိမ်နဲ့ အေးအေးဆေးဆေးနေမယ်၊ စင်ကာပူက ဒေါ်လာ၎သိန်းတန်အိမ် မဝယ်နိုင်တော့ မြန်မာပြည်မှာ ဒေါ်လာတစ်သောင်းဆို သိန်းတစ်ရာနဲ့ အိမ်ဝယ်ဖို့ ရည်မှန်းချက်ကြီးတွေ အားလုံးပြိုကျ၊ ပျက်စီးသွားလို့ …ဟာ ခနဲ အော်လိုက်ကြတာပါ။  မပူပါနဲ့။ ဒေါ်လာတစ်သောင်းကိုသာ စီးပွား မလုပ်တတ်ရင် မလုပ်ပါနဲ့။ ကျစ်ပါဆုတ်ထားရင် နောက်၅နှစ်ဆို ဒေါ်လာတစ်သောင်းနဲ့ အိမ်ပြန်ဝယ်နိုင်မှာပါ ။ မလေးရှားမှာဆို ဒေါ်လာတစ်သောင်းဆို အိမ်တစ်လုံး ရေမီးအပြည်စုံ၊ ကားတစ်စီး ဒေါ်လာ ၅၀၀ နဲ့ဝယ်လို့ရပါသည်။

အမေရိကားမှာ စင်ကာပူသို့ အလယ်လာသော မြန်မာလူငယ်တစ်ဦးက စင်ကာပူလူငယ်၊ ဆွေမျိုးများကို ကြည့်ပြီး အင်း ... တစ်ခန်းကို ဒေါ်လာ၄၀၀ပေးပြီး ၂ယောက်နေကြတယ်။ မာစတာအိပ်ခန်းဆို ကုတင်၃လုံးသွင်းပြီး ပြွတ်ကျပ်နေရတယ်။ အိမ်ဈေးတွေက ခေါင်ခိုက်လို့ အစိုးရကလဲ အိမ်မဝယ်နိုင်အောင်လုပ်ထားတော့ စင်ကာပူရောက်၊ မြန်မာများဘဝကို ကြည့်ပြီးစိတ်ပျက်တယ် တဲ့။ သူတို့ Taxas တက္ကဆက်ပြည်နယ်မှာ ဒေါ်လာတစ်သိန်းတန်အိမ်ဆို အကြီးကြီးပဲ၊ ဒေါ်လာတစ်သောင်း လက်ထဲရှိရင် ဝယ်လို့ရပြီး၊ အခန်းပေါင်း ၁၀ ခန်းလောက်၊ ၂ထပ်တိုက်နဲ့ နေစမ်းပါ ..တစ်လကို အိမ်ဖိုး အရစ်ကျငွေ ဒေါ်လာ ၅၀၀ လောက်ပဲ ပေးရတယ်။ အမေရိကားဘဝ ကောင်းမွန်ကြောင်း လာပြီးပြောပြတယ်။ စင်ကာပူမှာ ၁၀နှစ်လောက်နေပြီး အိမ်တွေ၊ စီပီအက်စုဆောင်းငွေတွေ တန်ဖိုးက ဒေါ်လာတစ်သန်းခွဲလောက် ပိုင်ဆိုင်နေတဲ့ စင်ကာပူရောက်မြန်မာကတော့ အမေရိကားရောက်မြန်မာကို သနားနေမှာပါပဲ။ ဒီလိုပါပဲ။ လူဆိုတာ ကိုယ်နေတဲ့နေရာ ကုတင်ရွှေနန်းပါပဲ။

အိမ်မြေအရောင်းအဝယ် ခြစားမှုကြီးများ

ဖားအံက မြို့နယ်ဦးစီးမှုးတွေဆို လယ်မြေ၊ အိမ်တွေ အများကြီး ပိုင်နေကြတာကို တွေ့ရတယ်။ တိုင်းဦးစီးမှုးဆို တိုင်းတစ်ခုထဲမှာ ပါတဲ့မြို့နယ်တိုင်းက အိမ်မြေ၊ ဝေစုတွေရယူထားတော့ အစိုးရဝန်ထမ်းများဟာ အိမ်မြေပိုင်ရှင်ကြီးဘဝကနေ၊ မမျှော်လင့်ပဲ ၂၀၁၂နောက်ပိုင်းမှာ မြေပိုင်ရှင်သူဌေးအကြီးစားဘဝ ရောက်သွားပါတော့တယ်။ အာဏာပိုင်များ၊ ကုမ္ပဏီပိုင်ရှင်သူဌေးများ၊ နိုင်ငံခြားသားပေါက်ဖေါ်များက အိမ်မြေအရောင်းအဝယ်လုပ်တိုင်း ဝန်ထမ်းရာထမ်း၊ စာရေးများလည်း မြတ်မြတ်ကလေးရပါတယ်။ အရင်ခေတ် မနှစ်ကမကြည့်ပဲ ခြစားမှု အပြင်းအထန်တိုက်ဖျက်နေတယ်ဆိုတဲ့ အခုခေတ်ကို ကြည့်ပါ။

ဖားအံမှာ သိန်းငါးထောင် တန်တဲ့ မြေကွက်အစုတ်တစ်ခုကို ပိုက်ဆံအလွယ်တကူရှိသူ၊ လူတစ်ယောက်က ဝယ်မယ်ဆိုပါသည်။  ထိုလူ အလွယ်တကူ ကျပ်သိန်းငါးထောင်ရသလဲဆိုသည်ကို ထားတော့။ လောလောဆယ်တော့ အိမ်ပိုင်ရှင်က သိန်းငါးထောင် ပက်ခနဲရမည်။ ဖားအံတွင် တစ်သက်လုံးနေခဲ့ပြီး အထီးကျန်ဖြစ်နေချိန် သားသမီးများရှိသော ရန်ကုန် (သိုမဟုတ်) စင်ကာပူမှာ အိမ်ဝယ်ဖို့ ငွေမရှိဖြစ်နေတဲ့ သားသမီးများကို ပံ့ပိုးဖို့ဖြစ်လာသည်။

အရောင်းအဝယ်လုပ်သောအခါ ဝယ်သူက ၃၇% အခွန်ပေးရမည်ဆိုပါက ကျပ်သိန်းပေါင်း ၁,၈၅၀ ပေးရမည်။ ဝယ်သူက မပေးချင်ပါ။ အလွန်များလှသောငွေကို ဘာဖြစ်လို့ အစိုးရဆိုတဲ့ အကောင်အထည်မရှိသူကို ပေးရခြင်းထက်၊ အခွန်ဆောင်ရုံး၊ မြေစာရင်းရုံးမှာလူတွေကို သိန်း ၃၀၀ လောက် ပေးလိုက်တာက ကျေးဇူးတောင် ရှိသွားပြီး မိတ်ဆွေကောင်းတိုးပွားမယ်  ဟု ခံယူသူချည်းဖြစ်သည်။

ထို့ကြောင့် ယခုထုံးစံအတိုင်း ရာဖြတ်၊ တန်ဖိုးသတ်မှတ်သူက သုံးပုံတစ်ပုံ အိမ်တန်ဖိုးကို သိန်း ၁,၅၀၀ ဟု သတ်မှတ်လိုက်သည်။ အခွန် သိန်း ၅၅၀ ကျသင့်သည်ဟု အခွန်ရုံးက တွက်ပေးသည်။ အိမ်ဝယ်သူကလည်း မိမိငွေသည် ငွေမည်း မဟုတ်၊ ဘာညာ၊ စာရွက်စာတမ်းတင်ပြကာ နောက်ဆုံး ဝယ်ခွန် သိန်း ၄၀၀နှင့် တည့်သွားသည်။ ရောင်းဝယ်တွင် ပါဝင်သည့် ဌာနဆိုင်ရာလူ အဓိကလူ ၃ ဦးကို သိန်း ၃၀ စီ ပေးလိုက်သည်။ ကျန်လူများကို ကြည့်ပေးလိုက်သည်။ အစိုးရကတော့ သိန်း ၁,၈၅၀ ရမည့်အစား သိန်း ၄၀၀ ပဲ ရရှိသည်။ အိမ်ရောင်းသူက ဘိုးဘွားပိုင်ဖြစ်လျှင် အခွန်သိပ်ပေးစရာ မလို၊ သို့သော် အရောင်းဝယ်လုပ်ပေးသူများနှင့် ပွဲစားခပေးရမည်ပင်။

ထိုနည်းဖြင့် ဖားအံမြို့ငယ်လေးတွင် အိမ်ယာများစွာ အရောင်းအဝယ်ဖြစ်နေရာ၊ ခြစားခွင့်ရှိသော ဝန်ထမ်းများသည် အကြီးအကျယ် ချမ်းသာနေသည်။ ယခင်က ဝန်ထမ်းများကို မြေကွက်များဖေါ်ပေးသဖြင့် ရထားသောမြေယာများကိုလည်း ရောင်းစားလျှင်လည်း ငွေလက်ဖျားသီးနေပြီဖြစ်သည်။ သူတို့ကတော့ ရှေးကုသိုလ်ကောင်းလှသည်ဟု ကြွေးကြော်၊ ကျေနပ်နေမည်ဖြစ်သည်။ အခြားသူများကလည်း ထိုသူများနှင့်စစ်အာဏာရှင်ဟောင်းများ၊ ခရိုနီများကို မုဒိတာထားကြ၊ သြော် ကုသိုလ်ထူးတယ်  ..ဟု ခြအကြီးစားကြီးများကိုပင် ရိုသေလေးစားနေကြသည်မှာ ခေတ်ပျက်ကြီးဖြစ်လေတော့သတည်း။



အဆင်ပြေသူလူနည်းစုနှင့် ရွှေပုံပေါ်ထိုင် ထမင်းငတ်နေသူလူများစု

မြို့ပေါ်တွင် ကန်ထရိုက်တိုက် ထပ်မံဆောက်ခွင့်ရသောသူများမှာ ၁၀ ထပ်တိုက်ဆောက်ပြီး၊ အခန်း၃၀တွင် ၁၀ခန်းပဲရောင်းချလျှင် အရင်းကျေပြီဖြစ်သည်။ ကျန်တိုက်ခန်းများကို မိမိတို့ကုမ္မဏီပိုင်အဖြစ် သတ်မှတ်ထားသည်။ သို့နှင့် ကုမ္မဏီပိုင်ဆိုင်မှုမှာ ကြီးသထက်ကြီးလာသည်။ ငွေစာရင်းရှင်းလိုက်သောခါ စာရင်းစစ်က အမြတ်မရှိအောင်လုပ်ထားသော ကုမ္မဏီကြီးအတွက် အမြတ်ခွန်ပေးစရာ မလိုတော့။ မိမိမိသားစု အားလုံးကို လခအများကြီးပေးထားပြီး၊ အလုပ်မလုပ်ပဲ တစ်လ ကျပ်သိန်း၂၀၊ ၄၀ လစာထုတ်သည်။

အပြင်မှာ အလုပ်ခန့်ထားသော လုပ်သက်၂၀နှစ် အင်ဂျင်နီယာကြီးကို တစ်လ ၂သိန်းပေးပြီး၊ ဦးလေးက သိပ်တော်တယ်နော် ..ဟု သိန်း၂၀ ရသူက မြှောက်ပင့်ခိုင်းစားနေသည်။ အလုပ်သမားများမှာ မြန်မာပြည်ပေါက်ဈေး တစ်လ ကျပ်၅သောင်း၊ ခရီးစရိတ်၊ စားစရိတ် ၂သောင်း၊ အိုဗာတိုင် တစ်သောင်း   .. မြန်မာလစာဖြင့် ကျေနပ်နေရသည်။ ထိုအလုပ်သမားများ (အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ)မှာ ယခုခေတ်တွင် ထိုလစာဖြင့် မည်သို့ရှင်သန်မည်မသိတော့။ အစိုးရ ကျောင်းဆရာမတစ်ဦး၊ ဆေးဆရာမတစ်ဦးမှာ လစာ တစ်သိန်းခန့်ရသော်လည်း ပြင်ပတွင်ကျူရှင်ဖွင့်ခြင်း၊ ဆေးခန်းဖွင့်ခြင်းများဖြင့် လုပ်စားနိုင်သည်။ အစိုးရဝန်ထမ်းအရှိန်အဝါဖြင့် လုပ်ပိုင်ခွင့်များစွာရှိသည်။ ကုမ္မဏီဝန်ထမ်းများမှာ ခြစားခွင့်မရပါ။ ခြစားနိုင်သောနေရာများ (ဥပမာ ဝယ်ယူရေး၊ အရောင်းမန်နေဂျာ စသည်တို့မှာ ဆွေမျိုးများကိုသာ ခန့်ထားကြသည်။ ထို့ကြောင့် ယခုခေတ် မြန်မာပြည်သည် ဆင်းရဲသူများ ပိုဆင်းရဲသွားပြီး၊ ချမ်းသာသူများ အဆမတန် ကျိကျိတက်ချမ်းသာလာသည့် ခေတ်ပျက်ကြီးဖြစ်သည်။

အိမ်မြေဈေးတက်ရာတွင် ထူးဆန်းသည့်တစ်ချက်မှာ နေပြည်တော်ရှိ အိမ်မြေ၊ တိုက်ခန်းများ ဈေးမတက်ခြင်းဖြစ်သည်။
ရောင်းခွင့်မရှိ၍လား၊ ရောင်းရခက်သောကြောင့်လား .. ဈေးတော့မတက်ပါ။ သမ္မတဦးသိန်းစိန်ကို ကြောက်သောကြောင့်လား၊ လေးစားသောကြောင့်လား. .နေပြည်တော်အိမ်မြေများမှာ အေးချမ်းနေပါသည်။ အခြားတပြည်လုံး အိမ်ယာမြေဈေးမှာ ပူလောင်လှပေသည်။ ကျနော့်မိတ်ဆွေတစ်ဦး အကြောင်းတစ်ခုကြောင့် သူတို့ဇနီးမောင်နှံပိုင်ဆိုင်သော သိန်း တသောင်းခန့်တန်သော အိမ်မြေဥစ္စာများ ရောင်းမရဖြစ်နေသည်။ စီးပွားရေးလုပ်ငန်းကလည်း တပြည်လုံးလုပ်ငန်းရှင်များကဲ့သို့ ခွက်လန်ရှုံးနေသဖြင့် လုပ်ငန်းကို ရပ်ထားရသည်။ မလည်မဖြစ် လည်ပတ်နေသောလုပ်ငန်းကလေးမှာပင် တစ်လကို သိန်း၅၀ခန့် ရှုံးနေသောကြောင့် ဘာမှမလုပ်ပဲ၊ အိမ်မြေအားလုံးကို အငှားတင်လိုက်ပြီး၊ ရတဲ့ငွေသိန်း၅၀နဲ့ပဲ ထိုင်စားနေပါလား…ဟု အကြံပေးသောအခါ၊ အမျိုးသမီးက လုပ်ငန်းရပ်လိုက်ပါက၊ အရှက်ကွဲပြီး၊ မိမိကိုယ်ကိုယ် သတ်သေပစ်ချင်သည်ဟု ပြန်ပြောသည်။ သြော်..ပူလောင်လှပါသည်။
(ဓာတ်ပုံ - လောအယ်စိုး)
မိမိအိမ်မြေများ ရောင်းလဲမရ၊ ငှားလဲမရ၊ တရားတဘောင်ရင်ဆိုင်နေရသူများအတွက် ..ရွှေပုံပေါ် ထိုင်ငိုနေရသော စီးပွားပျက်သူဌေးများစွာရှိသည်။ သူတို့ထံတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးက သူဌေးခွက်ပျောက်တာ အရေးမကြီးဘူး၊ သူတို့လစာမှန်မှန်ရဖို့လိုကြောင်း ..ပြောပြသည်။ အချို့ မြန်မာပြည်မှလုပ်ငန်းရှင်များစွာ စီးပွားပျက်၊ ငွေထုတ်ပိုက်ပြီး၊ အမေရိကားရောက်လာကြသည်။

နိုင်ငံခြား
ကုမ္မဏီများလည်း မြန်မာပြည်ကို အချဉ်ဖမ်းဖို့လာကြည့်သည်။ ရင်းနှီးမြှုတ်နှံရာတွင် ကန့်သတ် ပြည်တွင်းသယံဇာတနှင့် ကန့်သတ် ပြည်ပဇိမ်ခံ၊ အထူးကုန်များကို ထုတ်/သွင်းလုပ်ခွင့်ရသူများ ကျိကျိတက် ချမ်းသားရင်းမက၊ ချမ်းသာနေသည်။ အခွန်လဲပေးစရာမလို။ နိတ်ဟ…။ အမေရိကန်၊ စင်ကာပူဆို အခွန်၄၀% ပေးရမည်.. မြန်မာပြည်တွင် ရှောင်နိုင်သည်။ အစိုးရက ဟေ့ကောင်..ထောင်ချ၊ ဒဏ်ငွေတပ်တော့ အမေရိကန်၊ စင်ကာပူတွင် အခွန်မရှောင်ရဲ။ မြန်မာပြည်မှာ အခွန်ရှောင်သူများကို အစိုးရက တောင်းပန်ပြီး အခွန်ပေးရန် တိုးရှိုးနေရသည်မှာ ရယ်စရာဖြစ်သည်။

Infra Structure လျှပ်စစ်၊ ရေ၊ မြေ မရှိသေး၊ အဆင့်မပြေသေးသောကြောင့်ဟု အကြောင်းပြပြီး ခဏပဲ လာကြည့်၊ ရီပို့ရေးပြီး ပြန်သွားကြသည်။ အရေးကြီးဆုံး Infra Structure မှာ စာရင်းစစ် Audit နှင့် အာမခံ Insurance ဖြစ်သည်။ ထို၂ချက်မရှိပဲ နိုင်ငံခြား
ကုမ္မဏီများ မလာရဲပါ။ ပြည်တွင်းစာရင်းစစ်နှင့် ပြည်တွင်းအာမခံများကို သုံးပါ ..ဟု ဆိုသောအခါ ဆောရီးပြောပြီး၊ ပြန်သွားသည်။ ၂၀၁၅နောက်ပိုင်းမှာ လာတော့မည်ဟု ဘိုင်ဘိုင်လုပ်ကြသည်။ ကမ္ဘာ့လူလည် ကုမ္မဏီကြီးများပဲ မြန်မာပြည်လာရင်းနှီးမြှုတ်နှံကြသည်။

သို့သော် အခွင့်အရေးကို အသုံးချတတ်သော လူငယ်၊ လူကြီးများသည် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်ပြီး၊ လုပ်ကိုင်ကြသည်ဖြင့် ထိုလူငယ်၊ လူကြီးအတွက် အခွင့်အရေးကြီးတစ်ခုဖြစ်သည်။ ပြောင်းလဲသောခေတ်တွင် မိမိကိုယ်ကိုပြောင်းလဲနိုင်ပါက အဆင်ပြေမည်ဖြစ်ပါသည်။ အင်္ဂလိပ်လို Illegal Land Transfer ဟုခေါ်သော လယ်မြေများအား လွန်ခဲ့သော ၅နှစ်ကျော်က ပေါက်ဈေး၊ တဧက ကျပ်တစ်သိန်းခန့်ပေးဝယ်ခဲ့ခြင်းများမှာ ယခုအခါ ထိုမြေများက သိန်း ၁၀၀ကျော် ဈေးပေါက်နေပြီးဖြစ်သည်။ လယ်သမားများနှင့် နော်အုန်းလှကဲ့သို့ ဆင်းရဲသားများဖက်တွင် လိုက်ပါလုပ်ဆောင်သူများမှာ အဖမ်းခံ၊ ထောင်ချ လုပ်ခံနေရသည်။

အိမ်မြေ၊ လယ်မြေများ အဆမတန်ဈေးကြီးပြီး မြန်မာပြည် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်ရန်ခက်ခဲနေချိန်ဖြစ်သည်။
 စင်ကာပူအထိ စင်ကြယ်အိမ်ယာများ လာရောက်ရောင်းချရာ ကုန်သွားသည်ဟု ဆိုသည်။ အိမ်မြေဈေးတက်ချိန် ဈေးကြီးသော ကန်ထရိုက်တိုက်များလည်း အရောင်းကောင်းနေသည်ကို တွေ့ရသည်။ စက်မှုဇုံများတွင်လည်း မြေယူထားပြီး၊ စက်မှု မလုပ်သော စက်မှုလုပ်ငန်းရှင်။ လယ်မြေ ဝယ်ထားပြီး လယ်မလုပ်သော လယ်ပိုင်ရှင်၊ အိမ်ခြံမြေအများကြီး ပိုင်ထားပြီး Property Tax မပေးသောသူ သူဌေးကြီးများကို အစိုးရက မြေကွက်အသစ်ဖေါ်ကာ အိမ်မြေများ၊ တန်ဖိုးနည်းအိမ်ယာများ၊ စက်မှုဇုံများစွာ လုပ်ပေးနိုင်ပါသည်။ ထိုအခါ အိမ်မြေခြံများ ဈေးကျသွားမည်။ မိမိပိုင်သော အိမ်မြေခြံများအား ဈေးကျသွားအောင် အစိုးလူတန်းစားက ဘယ်တော့မှ မလုပ်ပါ။ သူတို့ပိုင်သော အိမ်မြေဈေးကျသွားလျှင့် အိပ်မပျော်ဖြစ်နေကြရှာသည်။ ပူလောင်နေကြရှာသည်။ သမ္မတဦးသိန်းစိန် မိသားစုကတော့ စီးပွားမလုပ်ကြဟုဆိုသည်။ စီးပွား မလုပ်သော ဝန်ထမ်းမျိုး၊ လခစားမျိုးဖြစ်သော သမ္မတဦးသိန်းစိန်၏ သမီးသည်လည်း ပူလောင်နေမည်မဟုတ်ပါ။ သို့သော် အခြားသူများ ပူလောင်နေခြင်းကို သိမည်ဖြစ်သည်။ သို့သော် မကယ်နိုင်ပါ။ ထို ပူလောင်နေသော အစိုးရလူတန်းစားဘဝတွင် ကျွန်ုပ်မပါဝင်ရခြင်းသည်၊ အပယ်ငရဲမှ လွတ်သည့်အပြင်၊ နိဗ္ဗာန်ရောက်ဖို့ဖြစ်လာသည်ဟုသာ ဖြေသာမိပါကြောင်း။

ဝတ်မှုန် (ဝန်ထမ်းဟောင်းတစ်ဦး)
၃၀-သြဂုတ်-၂၀၁၃

(မိုးမခ စာမျက်နှာက   အလုပ်ဖြစ်နေဆဲအိမ်မြေဈေးများ http://moemaka.com/archives/37736  ဆောင်းပါးကို ကူးယူ ဖော်ပြပါတယ်)
 



0 ကွန်မန့်ရေးရန်:

Post a Comment