Wednesday, April 3, 2013

ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

Yar Zar Gyi shared General Knowledge's photo.
ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြောင်း လေ့လာတွေ့ရှိ

ရဲနောင်
ရန်ကုန်၊ မတ်-၂၀
အတွဲ (၁၂)၊ အမှတ်(၄)

မြွေပွေးအဆိပ်၏ သေစေနိုင်သော သတ္တိကို ခွေးလှေးယားသီးစေ့ အနှစ်ရည်နှင့် ၎င်းအနှစ်ရည် ထိုးသွင်းထားသော ယုန်၏ သွေးရည်ကြည်တို့က ချေဖျက်နိုင်စွမ်း ရှိကြောင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်)က သုတေသနပြုလေ့လာတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ခွေးလှေးယားသီးစေ့ အနှစ်ရည်အချိုးအစား အမျိုးမျိုးကို မြွေပွေး အဆိပ်နှင့် ပေါင်းစပ်၍ ဓာတ်ခွဲခန်းတွင် မွေးမြူထားသည့် ကြွက်ဖြူများ၏ အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ရာ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်သည့်အပြင် ခွေးလှေးယားသီး အနှစ်ရည်တစ်ပတ်တစ်ကြိမ်ဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ ၏ သွေးရည်ကြည် ၁၀၀ မိုက်ခရိုလီတာ သည်လည်း မြွေပွေးအဆိပ် ၏ သေစေနိုင်သော သတ္တိကို ချေဖျက်နိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

“ခွေးလှေးယားသီးစေ့ အနှစ်ရည်ရဲ့ အချိုးအစားပေါ် မူတည်ပြီး မြွေပွေး အဆိပ်ကို ၁၀၀ ရာခိုင်နှုန်း ချေဖျက်နိုင်ပါတယ်” ဟု သုတေသနပြုလုပ်မှုတွင် ပါဝင်သူ ဒေါက်တာ ဒေါ်အေးအေးမြင့်က ပြောသည်။

မြေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက်မူ ခွေးလှေးယားသီးစေ့ အနှစ်ရည်၏ ဘေးထွက်ဆိုးကျိုးများနှင့် မြွေပွေးအဆိပ်ကို ချေဖျက်နိုင်မည့် အနှစ်ရည် ပမာဏကိုလည်း တိတိကျကျဖြစ်စေရန် သုတေသနများ ဆက်လက်ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။

မြေဆိပ်ဖြေဆေးများအား ကျေးလက်ကျန်းမာရေး ဆေးခန်းများအထိ ထားရှိပေးထားသော်လည်း အရေအတွက်နည်းပါးလွန်းသဖြင့် လုံလောက်အောင် ထိုးပေးနိုင်ခြင်း မရှိကြောင်း မြွေကိုက်ခံရမှု ကာကွယ်ရေး စီမံချက်မှ သိရသည်။

“အခုက ပဲစိုက်ရာသီရောက်ပြီလေ။ ဒီမှာက မြွေပွေးအရမ်းပေါတယ်။ အကိုက်ခံရတာလည်း များတယ်။ အခုလို မြွေဆိပ်ဖြေဆေး နည်းအသစ်ကို ဆေးအဖြစ် ထပ်ထုတ်နိုင်ရင်တော့ တောင်သူတွေအတွက် ပိုပြီး ကောင်းလာမယ် ထင်တယ်” ဟု မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့မှ ဒေသခံ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။ ပဲခူး၊ ဧရာဝတီ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများသည် မြန်မာနိုင်ငံ တွင် မြွေကိုက်ခံရမှု အများဆုံးဒေသများဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးရုံဆေးခန်းများ၏ စာရင်းများအရ မြွေ ကိုက်ခံရမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၁၀၀၀ ကျော်  အသက်ဆုံးရှုံးလျက် ရှိသည်။ အဆိပ်ရှိသော မြွေကိုက်ခံရမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော် မှာ  မြွေပွေးကိုက်ခံရမှုများဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေဆေးကို မြင်း၏ သွေးဖြင့် အဓိကထား အသုံးပြု၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်သည့် ပမာဏ မထုတ်လုပ်နိုင်သေးပေ။

ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သည် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် ကြက်ဥအနှစ်ကို အသုံးပြု၍ မြွေပွေး အဆိပ်အား ချေဖျက်နိုင်သော မြွေဆိပ်ဖြေဆေးထုတ်လုပ်နိုင်ခဲ့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment