Tuesday, February 26, 2013

ခရေပန်းဟာ အနွမ်းပန်း မဟုတ်ပါ

ခရေပန်းဟာ အနွမ်းပန်း မဟုတ်ပါ


credit : နီနီနိုင်(သထုံ)

ဒီမိုကရေစီရဲ့ ဧရိယာထဲကို ခြေတစ်လှမ်းစလိုက်တာနဲ့ NGO အဖွဲ့၊ ဘာအဖွဲ့၊ ညာအဖွဲ့တွေ ဖွဲ့ လိုက်ကြတာ။ အများအကျိုးအတွက်လုပ်တာ ဝမ်းသာစရာ၊ ချီးကျူးစရာပါ။ ဟော … ခုတစ်ခါ ကြားရပြန်ပြီ၊ ခရေကွန်ရက်တဲ့၊ Sex Worker တဲ့။ ဒီအဖွဲ့တွေကို တရားဝင်လိုင်စင်ပေးသင့်မပေး သင့်စဉ်းစားကြပြန်ပြီ။ အကယ်၍ တရားဝင ဖွဲ့စည်းခွင့်ပေးလိုက်သော် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား၊ ကြိုဆိုရမှာလား၊ ကန့်ကွက်ရမှာလားဆိုတာ စဉ်းစားလို့ပင်မရ။ အချို့ကလည်း ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်မှာကတည်းကရှိခဲ့သလို နိုင်ငံတိုင်းမှာလည်း တရားဝင်ခွင့်ပြုထားတဲ့အတွက် မြန်မာနိုင်ငံမှာလည်း တရားဝင်ခွင့်ပြု စေချင်တယ်လို့ ပြောသူတွေ ပြောကြတော့ အပြန်ပြန်အလှန်လှန် စဉ်းစားစရာရှိပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားလက်ထက်တော်မှာ ပြည့်တန်ဆာရှိခဲ့တာလည်း အမှန်ပါ။ အဲဒီတုန်းက ပြည့်တန်ဆာလို့မခေါ်ဘဲ ‘ပြည်တန်ဆာ’လို့ခေါ်တယ်ဆိုတာ ကလည်း အထောက်အထားနဲ့ရှိပါ တယ်။ သို့သော် အဲဒီခေတ်က ပြည်တန်ဆာအိမ် သွားခွင့်ရသူများက သူဌေး၊ သူကြွယ်၊မင်းညီမင်း သားများသာ ဖြစ်တယ်။ ပြည်တန်ဆာအဖြစ် သတ်မှတ်ခံရသူများ ကလည်း ခြောက်ပြစ်ကင်း သဲလဲစင်အချောအလှဖြစ်သူ မျိုးရိုးကောင်းသူများသာ လုပ်ခွင့်ရတယ်။ အခုခေတ်လို အကြွေပန်းများမဟုတ် ကြပါ။ အနွမ်းပန်းလည်း မဖြစ်ပါ။ ဘဝတိုက်ပွဲ စိန်ခေါ်မှုများကြောင့် စားဝတ်နေရေးကြောင့်၊ အခြေအနေကြောင့် လုပ်ကိုင်စားရသူများနှင့် နှိုင်းယှဉ်၍မရပါ။ ယခုအခါ အခြေအနေအရ လုပ်ကိုင်နေသော မိန်းကလေးများကို မေးကြည့်ရင် ဒီလို စက်ဆုပ်ဖွယ်ကောင်းသောအလုပ်ကို ခုံမင်နှစ်သက်လို့ လုပ်ချင်သူရှိမှာမဟုတ်ပါ။ ဘဝအမောတွေကြားမှာ ငွေကြေးနောက်လိုက်ရင်း လင်ကောင်းသားကောင်းမရဘဲ HIV နှင့်ညားကြလေတော့ ရင်နာ စရာကောင်းလှတယ်။

ဒီလိုအကြောင်းတရားနဲ့ တိုက်ဆိုင်မှုရဲ့ နောက်ကွယ်ကအဖြစ် အပျက်တချို့ကို ပြောပြချင်ပါ တယ်။ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားလက်ထက်တော် သာဝတ္ထိ ပြည်၊ မြို့ငယ်လေးတစ်မြို့မှာ အလွန်ချော အလွန်လှတဲ့ ပြည်တန်ဆာမလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ အဲဒီခေတ်က ပြည်တန်ဆာဆိုတာ လုပ်ချင်လိုင်းလုပ်ခွင့်ရတာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်က ရွေးချယ်တဲ့လူမှ လုပ်ကိုင်ခွင့်ရတာ။ ပြည်တန်ဆာမလေးအိမ်ကို မင်းညီမင်းသားများနဲ့ သူဌေးသူကြွယ် တို့ လာကြတယ်။ ပြည်တန်ဆာမလေးရဲ့ အလှမှာယစ်မူးစွဲလန်းပြီး အိမ်ကိုလူအဝင်များလာတော့ ပြည်တန်ဆာမလေးက စိတ်ကူး တယ်။ လူဝင်လူထွက်များတဲ့အတွက် အိမ်နီးချင်းနဲ့မိဘများပါ အနှောင့်အယှက် ဖြစ်တော့မယ်။ ဒါကြောင့် လူသူမနီးတဲ့ မြို့စွန်တစ် နေရာမှာ အိမ်တစ်ဆောင်ဆောက် ပြီး အစေအပါးတစ်ယောက်နဲ့ သွားနေတယ်။ ပြည်တန်ဆာမလေး နဲ့မနီးမဝေးမှာ ရသေ့ကြီးတစ်ပါးရဲ့ကျောင်းသင်္ခမ်းရှိတယ်။ နည်းနည်းအလှမ်းဝေးပေမယ့် ရသေ့ ကြီးက ပြည်တန်ဆာမလေး ကျောင်းသင်္ခမ်းရဲ့အနီးအနား ရောက်လာကတည်းက အကုသိုလ် စိတ်တွေကိုမနှစ်မြို့တော့ဘူး။ လူတွေကိုကြောက်လို့ တစ်ပါးထဲ တရားအားထုတ်ဖို့လာခါမှ အခုလို ပြည်တန်ဆာမလေးရောက်လာတာကို ဘယ်လိုမှမခံစားနိုင်ဘူး။ တစ်နေ့တစ်နေ့ သစ်ပင်တွေ ကြားက ပြည်တန်ဆာမလေးရဲ့ အိမ်ကိုပဲလှမ်းကြည့်ပြီး လူတစ်ယောက်ဝင်လာလိုက် တုတ်ချောင်း တစ်ချောင်း နဲ့တာလီမှတ်သလိုမှတ်နေခဲ့ရာ တရားအားထုတ်ဖို့ အချိန်တောင် လျော့သွားတော့တယ်။ ရသေ့ကြီး ရဲ့စိတ်ထဲမှာလည်း ဧည့်သည်တွေ နဲ့အလုပ်ရှုပ်နေတဲ့ ပြည်တန်ဆာမလေးကို မုန်းတီးပြီး အကုသိုလ် စေတသိက်တွေပွားပြီးရင်းပွားနေ တော့တယ်။

ရသေ့ကြီးဒီလိုစိတ်ခံစားနေရတာကို ပြည်တန်ဆာမလေးက လုံးဝမသိဘဲ ဧည့်သည်တစ်ယောက် နဲ့ ပျော်ပါးပြီးရရှိတဲ့အသပြာငွေကြေးကို သုံးပုံခွဲတယ်။ တစ်ပုံက ဘုရားအမှူးရှိသော ရဟန်းသံဃာများကို လှူဒါန်းဖို့အတွက် ဦးစွာဖယ်ထားတယ်။ ဒုတိယတစ်ပုံကိုတော့ မိဘနှစ်ပါးအတွက် ဖယ်ထားတယ်။ တတိယတစ်ပုံကို ပြည်တန်ဆာမလေးက မနက်ဘက်ထမင်းဟင်းချက်ပြီး ရသေ့ကြီးကိုဆွမ်းအုပ်နဲ့ လှူဒါန်းပြီးကျန်တာကို လိုရာသုံးရန် ခွဲထားတယ်။ ဒါတင်မကသေးဘူး။ တစ်နေ့တာ ဖျော်ဖြေပေးရတဲ့ လူဦးရေကိုတွက်ပြီးကျောက်စရစ်ခဲလေးတွေ ပုံပြီးလှူဒါန်းမှု အစုစုအတွက်မေတ္တာပို့ပြီး မေတ္တာရေစင် လောင်းပေးတယ်။ မင်းညီမင်းသား လူကုံထံသူဌေးများ ဤကဲ့သို့ ဘုရား၊ တရား၊ သံဃာ၊ မိဘ များကိုလှူဒါန်းနိုင်အောင် အသပြာများပေးတဲ့အတွက် မောင်မင်းကြီးသားများ ကျန်းမာစေကြောင်း ဘုရားဝတ်ပြုပြီးတိုင်းလည်း မေတ္တာပို့တယ်။

တစ်နေ့မှာ ကျေးဇူးတော်ရှင်မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်အပါး ၅ဝဝ ကို ဆွမ်းလောင်းလှူတယ်။ အနီးမှာရှိတဲ့ ရသေ့ကြီးကိုလည်း ဆွမ်းပို့တယ်။ ရသေ့ကြီးက ပြည်တန်ဆာမလေး လှူဒါန်း တဲ့ ဆွမ်းဒါနများကို ဘယ်သော အခါမှဘုန်းပေးတော်မမူဘဲအမြဲ သွန်ပစ်လေ့ရှိတယ်။ ပြည်တန်ဆာမလေးကတော့ ယနေ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ သံဃာတော်များကို လှူဒါန်းရတဲ့ ကုသိုလ်ဒါန အစုစုကို အမျှပေးဝေပြီး တစ်ရပ်စာမြင့်မားနေတဲ့ခဲပုံပေါ်ကိုပေးကမ်းသွားတဲ့ မင်းညီမင်းသား လူကုံထံများကို ရည်စူး ပြီးမေတ္တာရေနဲ့ လောင်းချလိုက်တာနဲ့ ခဲပုံကြီးဟာ ရွှေတုံးရွှေခဲများ ဖြစ်သွားတော့တယ်။ ပြည်တန်ဆာမလေးဟာ အရမ်းအံ့သြပြီး အဲဒီရွှေတုံးများကို ရောင်းချပြီး မြတ်စွာဘုရားနှင့် သံဃာတော်များကို ကျောင်းဆောက် လှူဒါန်းလိုက်တယ်။ အဲဒီအကျိုးကြောင့် ကွယ်လွန်သွားတဲ့အခါ အထက်ဘုံရောက်ပြီး အကုသိုလ် စိတ်မွေးမြူမိတဲ့ ရသေ့ကြီးကအပါယ်ငရဲကျသွားတယ်လို့ မှတ်သားဖူးတယ်။ (ပြည်တန်ဆာမလေးသေတော့ ဘာရောဂါနဲ့သေတယ်ဆိုတာ အထောက်အထားမ တွေ့ရပါ။)

အခုခေတ် ပြည့်တန်ဆာမ လေးတွေသေဆုံးသော် ဘယ်ဘုံသို့ရောက်မည် မသိသော်လည်း မသေခင်ရောဂါဆိုးကြီးနဲ့ သူနိုင်ကိုယ်နိုင်အသေအလဲ လွန်ဆွဲရမှာမလွဲဘူးလို့ ထင်ပါတယ်။ ခုတစ်ခါ ပြည့်တန်ဆာအခန်းများ နိုင်ငံတကာမှာ ဖွင့်ခွင့်ပြုလို့ မြန်မာပြည်မှာ လည်းလိုင်စင်ချပေးဖို့ တောင်းဆို နေကြပြီ။ သူများနိုင်ငံမှာ လုပ်ကိုင်ခွင့်ပြုတိုင်း မြန်မာပြည်မှာရော လုပ်ကိုင်ခွင့်ပြုရတော့မှာလား။ အကယ်၍ ခွင့်ပြုခဲ့သော် ကောင်းကျိုးထက် ဆိုးကျိုးသာများတော့မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင် နားလည်နိုင်ကြမှာပါ။

သမင်လည်ပြန်ကြည့်ရင် ကျေးဇူးတော်ရှင်မြတ်စွာဘုရား လက်ထက်တော်က ဝေသာလီမြို့အနီးတွင် အမ္ဗပါလီအမည်ရှိတဲ့ ပြည်တန်ဆာရဲ့ အမ္ဗဝနရှိ တယ်။ အမ္ဗဝနဆိုတာ သရက်တောဖြစ်၍ အမ္ဗပါလီလည်း သရက်တောပိုင်ရှင် ဖြစ်တယ်။ ဝေသာလီမြို့ဟာ အမ္ဗ ပါလီရဲ့စွဲမက်ဖွယ်ရာ အာရုံငါးဖြာကြောင့် ပိုပြီးထင်ရှားလာခဲ့တယ်။ အမ္ဗပါလီဟာ အလှကြွယ်သူဖြစ်လို့ တိုင်းပြည်ရဲ့ ဂုဏ်အင်္ဂါ၊ တိုင်းပြည်ရဲ့ ရတနာ တန်ဆာဖြစ်ခြင်းကြောင့် ‘ပြည်တန်ဆာ’လို့ ဂုဏ်ပြုခံရသူ ဖြစ်တယ်။ အမ္ဗပါလီဟာ သူမရဲ့အလှအကကိုလာရောက် ကြည့်ရှုအားပေးသူထံမှ တစ်ဦးလျှင် အသပြာ ကျပ်ငါးဆယ်ကောက်ခံ ရရှိသူဖြစ်တယ်။ ဒါ့အပြင် ငွေသုံးဖြုန်းနိုင်တဲ့ မင်းညီမင်းသား လူကုံထံ များကခဏတာမျှ ပေါင်းသင်းအပ်သော ဖျော်ဖြေ သမမယားအလှကို အလိုရှိ ရင် အမ္ဗပါလီအိမ်သို့ သွားကြတယ်။ ဝေသာလီမြို့ရဲ့အိမ်နီးချင်းနိုင်ငံက မဂဓတိုင်းဘုရင် ဗိမ္ဗိသာရမင်းဟာ အမ္ဗပါလီအား ရာဇဂြိုဟ်မြို့သို့ လာရောက်ဖျော်ဖြေရင် အခကြေးငွေနှစ်ဆတိုးပေးပြီး ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်ပေးရန် အလိုရှိခဲ့တယ်။ သို့ရာတွင် ရာဇ ဂြိုဟ်မြို့မှ ကုန်သည်သူဌေးတို့ ဘုရင့်အစီအမံကိုလက်မခံဘဲ ရာဇ ဂြိုဟ်မြို့သူ သာလာဝတီအမည်ရှိတဲ့ အလှကြွယ်သူအမျိုးသမီးကို”ပြည် တန်ဆာ” ဘွဲ့ပေးကာ လုပ်ကိုင်စေ တယ်။ အဗြဟ္မစရိယ သီလအကျင့် ကျင့်ကုန်သော ပုဏ္ဏားတို့က ဘုရင့် အမိန့်အရ ဖွင့်လှစ်တဲ့ထိုပြည်တန် ဆာလုပ်ငန်းကို ဘုရင်အား ပိတ်ပင်ခိုင်းခဲ့တယ်။

အမ္ဗပါလီဟာ သိခီမြတ်စွာဘုရားလက်ထက်တွင် ရဟန်းမတစ်ယောက်ကို ပြည်တန်ဆာ အကျင့်ရှိသူဟု စွပ်စွဲပြောဆိုခဲ့တဲ့အတွက် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ ပြည်တန်ဆာဖြစ်လာ ရတယ်လို့ဆိုတယ်။ တစ်နေ့မှာ အမ္ဗပါလီဟာမှန်ထဲမှာ မိမိမျက်နှာ အသားအရေတွန့်လာတာကိုမြင်ပြီး ဘိက္ခုနီ သံဃာဘောင်ဝင်ရောက် ရဟန်းပြုရာ မိမိရဲ့သားဝိမလကော ဏ္ဍညထေရ်ထံမှ တရားနာယူပြီးနောက် အရဟတ္တဖိုလ်သို့ရောက် ကာ ”ရဟန္တာမ”ဖြစ်သွားတယ်လို့ သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ၏ မဇ္ဈိမမြို့ကျေးရွာများမှ သမိုင်းရုပ်ကြွင်းပုံရိပ်လွှာများ စာအုပ်တွင်ဖော်ပြထားတယ်။

သမိုင်းပုံရိပ်မှာ ပြည့်တန်ဆာများကို တရားဝင်ခွင့်ပြုသလို ကန့်ကွက်သူများလည်း ရှိခဲ့တယ်။ သို့ သော် ကျွန်မတို့မြန်မာနိုင်ငံဟာ ထေရဝါဒကြောင့် တရားဝင်ခွင့်ပြု ရင်ဘယ်လိုအဖြေရှာမလဲ။ ခုချိန် မှာတောင် တရားဝင်ခွင့်ပြုချက်မရှိ ဘဲ ရောဂါသည်တွေ တော်တော်များနေပြီ။ မြန်မာလူမျိုးအများစုကလည်း ပြည့်တန်ဆာအလုပ်ကို မနှစ်မြို့ကြပါ။ ပြည့်တန်ဆာဘဝ HIV နှင့် AIDS ခွဲမရဘူးလို့ မြင်သူကလည်းရှိသေးတယ်။ အကြွေ ပန်းလို့ပဲခေါ်ခေါ်၊ အနွမ်းပန်းလို့ပဲ တင်စားပါစေ အကောင်းမြင်သူနည်းပါသေးတယ်။ တစ်ခါက မရမ်းကုန်းမြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာအထူးတန်းကို တက်ရောက်သင်ကြားနေတဲ့ အိမ်ကကလေးတွေကိုသွားကြိုတော့ သင်တန်းကျောင်း နဲ့မနီးမဝေးမှာ ပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်နေတာ တွေ့ရတယ်။ ကျွန်မစိတ်ဝင်စားသွားပြီးအကြောင်းရင်းမေးကြည့်တော့ NGO အဖွဲ့က HIV ဝေဒနာရှိသူတွေကို နှစ်သိမ့် ဆွေးနွေးပညာပေးရင်း ဆေးနဲ့ဆန် အခမဲ့ဝေငှတယ်လို့ပြောပါတယ်။ ကျွန်မစိတ်ဝင်စားသွားပါပြီ။ မသိ မသာထိုလူများကို ကြည့်လိုက်တော့ အသက်လေးဆယ်အောက်အမျိုး သား၊ အမျိုးသမီးများသာ တစ်ဦး ချင်းလည်းပါသလို လင်မယားစုံတွဲ တွေလည်းပါတယ်။ မကြာပါဘူး ဆန်ထုပ်ကိုယ်စီထမ်းပြီး ထွက်သွား ကြတော့တယ်။

ကျွန်မတစ်ဦးတစ်ယောက်ကို မေးချင်ပေမယ့် အခွင့်မသာခဲ့ပါ ဘူး။ မကြာပါဘူး နှစ်ပတ်ကျော်လောက်မှာ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ အဲဒီနေ့က ကျူရှင်ကြို ပြီး ဘုရင့်နောင်ပွဲရုံမှာ ဆန်ဝယ်ဖို့ အတွက်ဆန်နီပစ်ကပ်လေး ယူလာ တယ်။ တစ်ပတ်တစ်ကြိမ်လား။ နှစ်ပတ်တစ်ကြိမ်လား။ နှစ်သိမ့်ဆွေးနွေးပွဲ၊ ဆန်၊ ဆေးထောက်ပံ့တဲ့ အခမ်းအနားလည်းပြီးလို့ ဆန်ထုပ် ကိုယ်စီထမ်းပြီး ပြန်ကြပြီ။ ဒီနေ့မှ ကလေးတွေကြိုဖို့ နောက်ကျနေ တာ။ ကျွန်မတို့လမ်းသွယ်ထဲက ပြန်ထွက်တော့ လမ်းကြားထဲက အရိပ်လေးတစ်နေရာမှာ အသက်နှစ်ဆယ်ကျော် အရွယ်အမျိုးသမီး တစ်ယောက်၊ ဆန်ထုပ်လေးချပြီး ချွေးသုတ်နေတယ်။ တော်တော်လည်းပိန်ချုံးပြီး နဂိုရုပ်ရည်က မစိုပြည်တော့ပါဘူး။ ကျွန်မက နောက်ခန်းက စီးလာတာမို့ ကားမောင်း တဲ့တူလေးကို ကားရပ်ခိုင်းလိုက် ပါတယ်။ ကျွန်မနဲ့သူနဲ့စကား ပြောခဲ့ပုံ အမေးအဖြေကိုမခြွင်းမချန် ရေးပြပါရစေ။

”ဟဲ့ … သမီး ဘယ်သွား မလို့လဲ။ လိုက်ပို့ပေးမယ်လေ”
အမျိုးသမီးလေးက အံ့သြသွား ဟန် နဲ့ဝမ်းသာသွားပုံရတယ်။
”ကားဂိတ်ကိုပို့ပေးရင် ရပါတယ်အန်တီ။ ကျေးဇူးပါပဲရှင်”
ပြောပြောဆိုဆိုမနိုင့်တနိုင်ဆန်အိတ်ကိုကားပေါ်တင်ရင်း လိုက်လာခဲ့တယ်။ ပြည်လမ်းမပေါ်ရောက်တော့ ကျွန်မကသူ့ကိုစပ်စုမိပြန်တယ်။
”သမီး .. ဘယ်ကိုပြန်ရမှာ လဲ”
”လှိုင်သာယာကိုပါ အန်တီ။ ဒီနေ့အမျိုးသားက ဖျားနေတော့ သမီးတစ်ယောက်တည်း လာရတာ။ သမီးလည်း ကောင်းကောင်းနေမကောင်းဘူး”
”ဒါဆို အတော်ပဲ အန်တီတို့ လည်း ဘုရင်နောင်သွားမလို့ အိမ်အထိလိုက်ပို့ပေးမယ်”
”အားနာစရာ အန်တီရယ်”
”အားမနာပါနဲ့၊ ဟဲ့ … အောင်အောင်ရေ၊ လှိုင်သာယာကို မောင်းဟေ့”
ကျွန်မက သူမကိုအင်တာဗျူး လုပ်ချင်တာနဲ့ ရေငတ်တုန်းရေတွင်း ထဲကျသွားပါတော့တယ်။
”အားနာနာနဲ့ပဲ မေးရဦးမယ်။ သမီးက ဝေဒနာရှင်လား။ယောက်ျားရှိတယ်ဆို ကလေးရောရှိလား”
”ကလေးမယူပါဘူး အန်တီ၊ လက်ထပ်ကတည်းက ပညာပေးဆွေးနွေးပွဲလာကြရင်း ဘဝတူချင်း ချစ်ကြိုက်ပြီးလက်ထပ်တာပါ။ သမီးကလည်း မိဘမရှိတော့အဖော်လိုတယ်လေ”
ကျွန်မရင်ထဲမှာ နင့်ခနဲဖြစ် သွားတော့တယ်။ ဒီလင်မယားဟာ မကြာခင် လူ့လောကထဲက ထွက်ခွာသွားကြတော့မှာလားလို့တွေးရင်း သိချင်တာတချို့ကို ဆက်မေးမိပြန်တယ်။
”သမီး အရင်က ဘာအလုပ် …”
”အော် … အန်တီရယ် သမီးအရင်တုန်းက ပြည့်တန်ဆာပေါ့။ ဒီဘဝကို သမီးမြတ်နိုးခုံမင်လို့ လုပ်ခဲ့တာမဟုတ်ဘူး။ သမီးတို့ ဆင်းရဲသူတွေရဲ့ အဓိကရန်သူဟာရုပ်လှခြင်းပဲ အန်တီ၊

သမီးငယ်ငယ်ကတည်းက မိဘတွေ ဆုံးသွားတော့ အဒေါ်နဲ့နေခဲ့ရတယ်။ သမီး ၁၄ နှစ်အရွယ်လောက်မှာ အဒေါ်ယောက်ျားအမူးသမားရဲ့ ဖျက်ဆီးခြင်းခံရတယ်။ အဒေါ်ကလည်း ယောက်ျားကြောက်ရသူဆိုတော့ မပြောရဲဘူး။ တစ်နေ့အဒေါ် ညအိပ်ခရီးသွားတုန်း အပေါင်းအသင်းတွေနဲ့ အရက်ဝိုင်းဖွဲ့သောက်စားပြီး လူသုံးယောက်နဲ့ လွှတ်ပေးတယ်။ နောက်တစ်နေ့မှာတော့ ကိုညိုကြီး ဆိုတဲ့လူနဲ့ထည့်ပေးလိုက်တယ်။ ကို ညိုကြီးက ”ခေါင်း”ပေါ့ အန်တီ ရယ်။ သမီးလည်းပြေးစရာ မြေမရှိတော့ အဲဒီဘဝထဲမှာပဲ ကျင်လည်ခဲ့ရတော့တယ်” ကြားရတဲ့စကားကြောင့် ကျွန်မရင်ထဲမှာ နင့်နင့်စူးစူးခံစား လိုက်ရတော့တယ်။
”သမီး အဖမ်းခံရဖူးလား”
”ခံရဖူးတာပေါ့ အန်တီရယ်။ လွတ်လာတော့လည်း သွားစရာမရှိတော့ ဒီနွံထဲပဲ ပြန်ရောက်တာပေါ့”
”သမီးရောဂါမရအောင် အကာအကွယ်ပစ္စည်း ကွန်ဒုံးလိုဟာမျိုးမဆောင်ဘူးလား”
ကျွန်မ အလောတကြီးမေးမိ တယ်။
”သမီး ဒီလောကထဲရောက်တော့ သမီးကို အစစအရာရာသင်ပေးတဲ့အစ်မ မရီဝေကပညာ ပေးနှိုးဆော်ချက်တွေကို သိထားပြီးသမီးကို ကွန်ဒုံးဆောင်ခိုင်းတယ်။ အမျိုးသားအချို့က ကွန်ဒုံးမပါရင် သမီးကပေးတယ်။ ဒါပေမဲ့ အန်တီရယ် အချို့အမျိုးသားတွေက သမီးကွန်ဒုံးပေးရင် မကြိုက်ဘူး။ ခံစားမှုမဲ့တယ်ပေါ့။ အဲဒီလိုလူမျိုးလည်းရှိတယ်။ အပြန်အလှန်ရောဂါ ပေးနေသလိုပေါ့။ အစ်မ မရီဝေက သမီးတို့ကို ခြောက်လတစ်ခါ ဆေးစစ်ခိုင်းတယ်။ သမီးလုပ်သက်ငါးနှစ်ကျော်အထိ ဒီရောဂါ မရသေးဘူး။ နောက်သမီး အသက်နှစ် ဆယ်ကျော်မှ ကျန်းမာရေးမကောင်း ချင်တော့ဘူး။ ဆေးစစ်လိုက်တော့ သမီးမှာ HIV ပိုးတွေ့နေပြီ။ အစ်မ ရီဝေက မထူးဇာတ်ခင်းဖို့ပြောပြီး ဒီအလုပ်ဆက်လုပ်ခိုင်းတယ်။ သမီး ကကိုယ့်ကြောင့် သူတစ်ပါးပိုးကူးမှာစိုးလို့ လုံးဝမလုပ်တော့ဘူး။ စားဝတ်နေေ၇းခက်ခဲသွားတာပေါ့။ အဲဒီမှာအခုလာတဲ့ပညာပေး နှစ်သိမ့်ဆွေးနွေးတဲ့အဖွဲ့နဲ့ ချိတ်ဆက်မိ သွားတာပေါ့။ ဆေးလည်းပေးတယ်။ ဆန်လည်းပေးတယ်။ သမီး လက်ထပ်ပြီးတော့ လှိုင်သာယာမှာအဆောင်ငှားနေတယ်။ ပလတ်စတစ်ပစ္စည်းလေးတွေ ရောင်း တယ်။ တစ်နေ့သုံးလေးထောင် မြတ်တယ်။ သေနေ့ကိုစောင့်ရင်း စားဝတ်နေရေးကို ရုန်းကန်နေရ တာပေါ့ … အဲ … အန်တီ ဟိုရှေ့က ဆိုက်ကားဂိတ်မှာ ရပ်ပေးပါ။ သမီး ဒီကပဲ ဆိုက်ကားငှားစီးသွားမယ်။ လိုက်ပို့ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်”ကားရပ်ပေးတော့ သူလေးက ဆန်ထုပ်ကို မနိုင်မနင်းဆွဲချပြီး ဆိုက်ကားနဲ့ထွက်သွားတော့တယ်။ ကျွန်မစိတ်မကောင်းစွာနဲ့ လိုရာခရီးနှင်ရပြန်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ သူလိုကလေးမျိုး ဘယ်လောက်များနေပြီလဲ။ လက်မှုပညာသင်ပြီး စက်ချုပ်အလှပြင်လုပ်ငန်း နောက်ဆုံးလမ်းဘေးမှာ ဈေးရောင်းရင်တောင် ရနိုင်ပါလျက် နဲ့ ”အခြေအနေအရ”ဆိုတဲ့ စကား နဲ့ ဘဝကိုရေစုန်မမြောစေချင်ပါ။

ခရေပန်းဟာ တော်ဝင်ပန်းမဟုတ်ဘူးလို့ ပြောကြတယ်။ တကယ်တော့ ခရေပန်းဟာ အဖူးကစပြီး ခြောက်သွေ့တဲ့အထိမွှေးနေတုန်းပါ။ ဘုရား၊ ကျောင်းကန်တိုင်းမှာခရေပင်မရှိမဖြစ် စိုက်ပျိုးထားပါ တယ်။ ခရေရိပ်ဟာအမြဲအေးမြ ပါတယ်။ အမြဲစိမ်းလန်းတဲ့အပင်မျိုးပါ။ တစ်နှစ်ပတ်လုံးစိမ်းလန်းနေတာ ပါ။ ကြွေလည်း တစ်ရွက်စနှစ်ရွက် စကြွေပါတယ်။ ဆရာတော်တစ်ပါး က မိန့်ကြားဖူးပါတယ်။ ပင်လုံး ကျွတ်မကြွေတဲ့အပင်ဆိုလို့ ခရေပင် နဲ့အုန်းနှဲပင်သာရှိတယ်။ ဒီလိုအပင်မျိုးကိုစိုက်သင့်တယ်လို့ ပြောပါတယ်။ အကြွေပန်းပေမယ့် ခရေပန်းကို လူတိုင်းနှစ်သက်ကြ ပါတယ်။ သီကုံးပြီးပန်ရင်တောင် ဆံကေသာမှာ အနံ့စွဲပြီး မွှေးပျံ့သင်းကြိုင်ပါတယ်။ ဒါကြောင့် ခရေပန်းကိုတော့ Sex Worker များအနေနဲ့ မကောင်းတဲ့ပန်းလို့ မယူဆစေချင်ပါ။ အပွင့်သေးပြီး သဘာဝအလျောက်ကြွေကျပေမယ့် ရနံ့သင်းတဲ့ခရေပွင့်များကို မက်မောကြပါတယ်။ အကယ်၍များ လိုင်စင်တစ်ခုချပေးပြီး တရားဝင်ခွင့်ပြုခဲ့ရင်ဖြင့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအနေဖြင့် ရင်လေးရပါလိမ့်မယ်။ အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်ရင် အဖွဲ့ဝင်သောင်းဂဏန်းမှ သိန်းဂဏန်းဖြစ်လာမှာ မလွဲပါဘူး။ ဒီလိုဖြစ်ရင် လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပြောသလို ကျွန်မတို့နိုင်ငံ ” ” နိုင်ငံဖြစ်သွားပါလိမ့်မယ်။

နီနီနိုင်(သထုံ)



ref:ကို ထက်
http://www.myanmardailynews.org/2013/02/blog-post_9034.html#.UR6sKJ...

0 ကွန်မန့်ရေးရန်:

Post a Comment