မြန်မာတို့၏ အသံစုံစုံ ရှုပ်ထွေးနေသော ဒီမိုကရေစီသည်
အနောက်နိုင်ငံဘက် ဦးတည် လိုက်သောအခါ တရုတ် အစိုးရသည် ၄င်း၏ပါဝါကို
ထိန်းသိမ်းရန်နှင့် မြန်မာကို အနှောင့်အယှက် ဖြစ်စေရန် လူမျိုးစု
ပဋိပက္ခများကို ဝင်ရောက် မွှေနှောက်ဖို့ သင့် မသင့် ငြင်းခုံမှုများ ပွက်လော
ရိုက်လာလေတော့သည်။
၂၀၁၁ ခုနှစ်မှ စတင်ပြီး သမ္မတ ဦးသိန်းစိန်၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများဖြင့် စတင်သော အပြောင်းအလဲများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမှု များသည် တရုတ်နိုင်ငံ အတွက် ပြဿနာတစ်ခု ဖြစ် လာသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်ပေါင်း ကြာမြင့်စွာ အဆိုပါ အာဏာရှင် ဆန်သော အိမ်နီးချင်းနှင့် နွေးထွေးသော ဆက်ဆံရေးကို ထားရှိပြီး ယင်းနိုင်ငံ၏ သဘာဝ သယံဇာတများ ထုတ်ယူမှုနှင့် နိုင်ငံခြားရေး ပေါ်လစီတို့အပေါ် လက်ဝါးကြီးအုပ်ခွင့်ဖြင့် ကြည်နူးခဲ့ သည်။ သို့သော် မြန်မာနိုင်ငံသည် အသံစုံစုံ ရှုပ်ထွေးနေသော ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်း ဖြစ်လာသောအခါ အတိတ်ကာလ တပ်မတော် အစိုးရကို ထောက်ပံ့ ကူညီခဲ့ပြီး စီးပွားရေး အမြတ်ထုတ်မှု များလုပ်ခဲ့သော ဘေဂျင်းအစိုးရကို ပြည်သူများက ခါးခါးသီးသီး ဖြစ်နေကြသည်။
တရုတ် အစိုးရသည် တရုတ်-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်နေသောကြောင့် သူ၏တပ်များကို နှစ်နိုင်ငံ နယ်စပ်သို့ ဇန်နဝါရီလ အစောပိုင်း၌ ပို့ဆောင်လိုက်သည်။ တရုတ်ပိုင်နက် အတွင်း ပဋိပက္ခများ ဖိတ်စဉ်လာပါက အခြေအနေ ဆိုးရွားလာနိုင် သဖြင့် မြန်မာနိုင်ငံသည် ဒေသတွင်း တည်ငြိမ်မှု၏ ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေဆဲပင်။
မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာသို့ ဆက်သွယ်ပေးမည့် မဟာဗျူဟာမြောက် လက်ရန်း တစ်ခုသဖွယ် တရုတ်အတွက် မဖြစ် နိုင်တော့။ သို့တည်းမဟုတ် အာဆီယံ၌ သစ္စာရှိ ထောက်ခံမည့်သူ အဖြစ် မဟုတ်နိုင်တော့။ မြန်မာအစိုးရသည် ဝါရှင်တန်နှင့် ဆက်ဆံရေး တိုးတက်မှု အရှိန်မြင့်လာခြင်းသည် အာရှ၌ အမေရိကန်သြဇာ ပြန်လည် ချိန်ခွင်လျှာ ညှိနေခြင်း ဖြစ်သောကြောင့် တရုတ်အတွက် စိတ်ရှုပ်ထွေးစရာ တိုးပွားလာသည်။
တရုတ်လက်နက် ကုမ္ပဏီကြီး တစ်ခုနှင့် မြန်မာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တို့ ပူးပေါင်းပြီး ဆောင်ရွက်နေသော မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာအနီးရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အပေါ် ဒေသခံ ရွာသားများနှင့် သံဃာ တော်များက ပြီးခဲ့သည့် လပေါင်းများစွာ အတွင်း ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ ၂၀၁၁ အတွင်း တရုတ်ကုမ္ပဏီ တစ်ခုက တည်ဆောက်နေသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ့ ဆန္ဒအရ သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်း ထားခဲ့သည်။ မုံရွာအနီး လက်ပံတောင်း တောင်စီမံကိန်းကို ကန့်ကွက်မှု များသည် မြန်မာနိုင်ငံအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုများ အတွက် အန္တရာယ် ရှိနေပြီ ဆိုသည့် စိုးရိမ် ပူပန်မှုများ မြင့်တက် လာစေတော့သည်။
တရုတ်တို့ အမျိုးသား အကျိုးစီးပွား ထိခိုက်မှုကို ဟန့်တားရန် နေပြည်တော် အစိုးရကို တားမြစ်ဖို့ တရုတ်တို့တွင် ဆောင်ရွက်နိုင် စွမ်းအား နည်းနည်းသာ ရှိတော့သည်။ အစိုးရ သုတေသီများ၊ အရှေ့ တောင်အာရှ ကျွမ်းကျင်သူများ ပါဝင်သော တရုတ် နိုင်ငံခြားရေးရာ ပေါ်လစီ အသိုင်းအဝိုင်း အတွင်း ငြင်းခုံမှုများ ကျယ်ကျယ် လောင်လောင် ပေါ်ထွက်လာနေသည်မှာ တရုတ်အစိုးရသည် တစ်ချိန်က မိတ်ဆွေများ ဖြစ်ခဲ့ဖူးသည့် နေပြည်တော်ကို ဆန့်ကျင် နေသော တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် ပြန်လည် ပေါင်းသင်းပြီး အင်အားချိန်ခွင်လျှာကို ပြန် ထိန်းသိမ်းရန် ဆိုသည့် သဘောထား ဖြစ်သည်။ ယူနန် ရဲ ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လျန်ကျန်းယွန်က အဆိုပါလူမျိုးစု လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်ပြီး ၂၀၁၁ တွင် အရေးပါသော စာတမ်းတစ်စောင် ရေးသား ခဲ့သည်။ “အဆိုပါ (တိုင်းရင်းသား လက်နက်ကိုင်များကို) အသုံးပြု ပါက ၄င်းတို့သည် မြန်မာနိုင်ငံတွင် တရုတ်နှင့် အမေရိကန် တို့အကြား ထိပ်တိုက် ရင်ဆိုင်မှုများ၏ ရှေ့တန်း မျက်နှာစာတွင် တရုတ်တို့၏ သစ္စာ အရှိဆုံးသော မိတ်ဆွေများ ဖြစ်လာပေလိမ့်မည်” ဟု ရေးသားခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း ကတည်းက အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားများ ဖြစ်သော ဝ၊ ကချင်တို့နှင့် တရုတ် အစိုးရသည် ရင်းနှီးဆက်နွှယ်မှု ကို ကာလကြာမြင့်စွာ တည်ဆောက်ထားပြီး ဖြစ်သည်။ အဆိုပါ ပတ်သက်မှု၏ အမြင့်ဆုံး ဒီဂရီမှာ ၁၉၆၀ ပြည့်နှစ်များ အတွင်း ဗဟို အစိုးရကို ဆန့်ကျင်ခဲ့သော (ကချင်၊ ဝ နှင့် တရုတ် အမျိုးသားများ ပါဝင်သည့်) ဗမာပြည်ကွန်မြူနစ် ပါတီကို တရုတ် အစိုးရက ထောက်ခံ ပံ့ပိုးပေးမှုဖြစ်သည်။ တရုတ်အစိုးရ၏ ငွေအား လူအားဖြင့် ကူညီ ထောက်ပံ့မှုတို့ ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် နိဂုံးချုပ်သွားခဲ့သည်။ သို့သော် ယူနန်ပြည်နယ်သည် ဘိန်း အစားထိုး သီးနှံ စိုက်ပျိုးခြင်းမှသည် အခြားသော စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုများဖြင့် ယင်းအဖွဲ့များနှင့် ထိစပ် ပတ်သက်နေဆဲ ဖြစ်သည်။
၂၀၁၁ စက်တင်ဘာ လ၌ မြန်မာ အစိုးရသည် “ဝ” အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ကချင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကချင် လက်နက်ကိုင် အဖွဲ့ကို လေကြောင်း အသုံးပြုပြီး တိုက်ခိုက် ခဲ့သည်ဟု ဝန်ခံခဲ့သည်။ တရုတ် အစိုးရက ယင်းဖြစ်ရပ် အတွက် အနည်းအကျဉ်းသာ ထုတ်ဖော်ပြောခဲ့ပြီး တရုတ်နှင့် မြန်မာတို့သည် အရေးကြီးသော အိမ်နီးချင်းများဖြစ်ကာ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာတို့ အကြား ဆက်ဆံရေး တိုးတက်မှုကို တရုတ်တို့က ကြိုဆိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့သည်။ သို့သော် တရုတ်တို့သည် အတိတ်ကာလ တုန်းက ပြုမူ ခဲ့သလိုပင် လိုလားချက်ကို တိုက်ရိုက် ထုတ်မပြောဘဲ မြန်မာအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြခဲ့ သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း တရုတ်အစိုးရက ကျွမ်းကျင်သူ တစ်ဦးနှင့် သီးသန့် တွေ့ဆုံရာ၌ တရုတ်သည် မြန်မာအပေါ် ချဉ်းကပ်မှု အား နည်းလမ်းပေါင်းစုံ အသုံးပြု သင့်သည်ဟု ဆိုသည်။
"နယ်စပ်လူမျိုးစု လက်နက်ကိုင် အုပ်စုတွေက ကျွန်တော်တို့ရဲ့ ဖဲချပ်တွေပဲ။ ဒါတွေကို ကောင်းကောင်းမွန်မွန် ကိုင်တွယ် တတ်ဖို့ပဲ လိုတယ်" ဟု ဘေဂျင်း အခြေစိုက် နောက်ထပ် တရုတ် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
သူ၏အမြင်သည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ကျွန်တော်စကား ပြောခဲ့သည့် အခြားသူများနှင့် အမြင်တူနေသော် လည်း တစ်ယောက်မှ လူသိရှင်ကြား ထုတ်မပြော ခဲ့ကြပေ။
၎င်းတို့က တရုတ် အစိုးရသည် ကချင်နှင့် မြန်မာ အစိုးရအကြား ကြားဝင် ပေးသင့်ပြီး တရုတ်၏ သြဇာနှင့် လွှမ်းမိုးမှု မြန်မာတို့ကို သတိပေးရန်၊ နယ်စပ်ဒေသ တည်ငြိမ်မှု ရှိရန် ပြုလုပ်သင့် သည်ဟု ယုံကြည် နေကြသည်။ ထို့အပြင် နေပြည်တော်ကို ဆန့်ကျင်နေသော လူမျိုးစု လက်နက်ကိုင် များကို တရုတ် အစိုးရက အားပေး ကူညီသင့်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်မှုများ ရပ်တန့် သွားရန်နှင့် နယ်စပ် တစ်လျှောက် သစ်၊ ကျောက်စိမ်းနှင့် အခြားသယံဇာတများ အတားအဆီးမရှိ စီးမျောခွင့် ရရန် ဖိအား ပေးသင့်သည်ဟုဆိုသည်။ အဆိုပါ လေ့လာသုံးသပ်သူ များ၏ အဆိုအရ လက်နက်ကိုင် လူမျိုးစုများကို ထောက်ပံ့ အားပေးခြင်းသည် နေပြည်တော် အပေါ် တရုတ်တို့ ချိန်ခွင်လျှာ ထိန်းဖို့နှင့် တရုတ်၏ အမျိုးသား အကျိုးစီးပွားတို့ကို ရိုသေလေးစားဖို့ မြန်မာကို ဖိအားပေးခြင်း ဟုဆိုသည်။ သို့သော် မြန်မာသည် အနောက်နိုင်ငံ၏ လက်အတွင်း ပစ်ဝင်ခို လိုက်ကတည်းက တရုတ်တို့ အတွက် ဆုံးရှုံးစရာ တစ်ခုမှမရှိ၊ ရစရာချည်းသာ ဖြစ်သည်ဟု ထင်မြင် ယူဆနေကြသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နီးစပ်သူများကတော့ အဆိုပါ အမြင်ကို လက်မခံကြပေ။ ၄င်းတို့သည် တရုတ်တို့၏ သူတစ်ပါးနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူကိုသာ နှုတ်တက်ရွရွ ရွတ်နေကြပြီး နှစ်နိုင်ငံ ခိုင်မာသော ချစ်ကြည်ရေး ကို တည်ဆောက်ထားပြီး ဖြစ်သဖြင့် လူမျိုးစု လက်နက်ကိုင်များ အရေးကြောင့် နေပြည်တော်ကို အထီးကျန် ဖြစ်စေမည်ဆိုသည့် ယူဆချက်ကို ငြင်းဆိုခဲ့သည်။ အဆိုပါ လေ့လာသုံးသပ်သူအများစု ယုံကြည်ကြသည်မှာ ပွက်လောရိုက် နေသော ဒီမိုကရေစီသည် တရုတ် အကျိုးစီးပွားကို လတ်တလော နာကျင်စေမည် ဖြစ်သော်လည်း တဖြည်းဖြည်း ကွယ်ပျောက် သွားမည်ဟု ဆိုကြသည်။ နေပြည်တော် အစိုးရသည် ဘေဂျင်း၏ ထောက်ခံမှုရရှိရန် ယခင်လို ပြန်လှည့်လာမည်၊ သို့မဟုတ်ပါက မြန်မာပြည် သည် ဖရိုဖရဲ တိုင်းပြည်အဖြစ် ကျရောက် သွားမည်။ ထို့ကြောင့် နှစ်နိုင်ငံ စလုံး ကာလတာရှည်သော ချစ်ကြည်မှု ရှိခဲ့သလို တရုတ်သည် မြန်မာ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသူ၊ ကုန်သွယ်ဖက် ဖြစ်သည်ဟု ၄င်းတို့က ဆိုကြသည်။
၎င်းတို့ အမြင်တွင် မြန်မာလူမျိုးစု လက်နက်ကိုင် များက တရုတ် ပါဝင်လာခြင်းကို ကြိုဆိုသည်ဟု ဆိုသည်။ KIA သတင်း ရပ်ကွက်တစ်ခု အဆိုအရ “မယုံကြည်ရသော၊ လူမျိုးကြီး ဝါဒ ကိုင်စွဲထား သော မြန်မာ အစိုးရသည် ကမ္ဘာ့ အင်အားကြီး တစ်ခုခု ကျောထောက် ထောက်ခံ မပေးပါက မည်သည့် သဘောတူညီချက် ကိုမျှ လိုက်နာ မည်မဟုတ်” ဟုဆိုသည်။ အမေရိကန် ပြည်ထောင်စုသည် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များ ဘက်က ရပ်တည်ခြင်း ထက် နေပြည်တော် ဘက်ကို ရပ်တည်ဖို့ အာရုံစိုက် နေမှုကြောင့် ကချင်နှင့် “ဝ” တို့က တရုတ်သည် ၄င်းတို့၏ အားအကြီးဆုံး မဟာမိတ် ဖြစ်လာရန် မျှော်လင့်နေကြသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်း ဝါရှင်တန် သို့ ချစ်ကြည်ရေး မကြာခဏ သွားရောက်ခဲ့သည့် ကချင်အဖွဲ့ဝင် များက အမေရိကန်တို့၏ စိတ်ဝင်တစား မရှိမှုကို စိတ်ပျက်လက်ပျက် ဖြစ်သည် ဟု ဆိုကြသည်။ တရုတ်ဒေသခံ အာဏာပိုင် အချို့ကမူ “ဝ” အဖွဲ့ဝင် များသည် သူတို့အပေါ် အမေရိကန်တို့က မူးယစ်ရာဇာများ၊ လက်နက်မှောင်ခို ကုန်ကူးသူများဟု ခေါ်ဝေါ်နေခြင်းကို ရပ်တန့်စေ လိုသော မျှော်လင့်ချက်ကို ဆုပ်ကိုင် မထားလိုတော့ဟု ဆိုကြသည်။
မြန်မာသည် တရုတ်နိုင်ငံနှင့် တစ်စတစ်စ ဝေးကွာလာနေခြင်း အပေါ် ဘေဂျင်း၏ စိုးရိမ် ကြောင့်ကြမှုကို နားလည် လာနေသော ကချင်နှင့် ဝတို့သည် နိုင်ငံရေး အဖြေရှာရန် နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရန် ၄င်းတို့၏ လှုပ်ရှားမှုကို တရုတ် အစိုးရက ထောက်ခံသင့်သည် ဟု ဆိုသည်။ သို့သော် အဆိုပါ နိုင်ငံရေးမျှော်မှန်းချက် အတွက် လှုပ်ရှားသည့် တိဘက်နှင့် ဝီဂါတို့ အပေါ် တရုတ်တို့ ဖိနှိပ်မှုများ ရှိနေသောကြောင့် တရုတ် အစိုးရအတွက် မျက်နှာပျက်စရာသာ ဖြစ်ပေတော့မည်။ သို့သော် နိုင်ငံရေးသည် သူစိမ်းများကို တစ်အိပ်ရာ အတွင်း အိပ်အောင် လုပ်နိုင်သည်။ လူမျိုးစု လက်နက်ကိုင်များ၏ အရေးကို ထောက်ခံပြီး မြန်မာ အစိုးရကို ဂရုမစိုက်ကြောင်း ပြသမည် ဆိုပါက အတော်ပင် ဆိုးရွား လှသော ဖီလာတိုက်မှုကြီး ဖြစ်နေ ပေတော့မည်။
မူရင်းဆောင်းပါး - Has China Lost Myanmar?
Yun Sun (Foreign Policy Magazine မှ ဖော်ပြချက်)
ကိုကိုနန်းညွန့်ဦး.....ဒီကယူပါတယ်...
http://thevoicemyanmar.com/index.php/foreign-affairs/item/3468-%E1%...

0 ကွန်မန့်ရေးရန်:
Post a Comment