Saturday, January 19, 2013

လွှတ်တော်ထဲက အရေးမပါတဲ့ အရေးကြီးအဆို..တင်သွင်းမှု (သို့မဟုတ်) ဒေါက်တာဆိတ်ဖွား

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း(Eleven Media)

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။

ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။  ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့်  Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်ရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည်  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများကို  အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ်မှုများ ရှိနေခဲ့ပါသည်။

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။
အထက်ပါ သတင်းကတော့ ဒီကဖော်ပြထားတာဖြစ်ပါတယ်..။
http://www.first-11.com/index.php?option=com_content&view=artic...

နောက်ထပ် နောက်ဆက်တွဲ ပြောချင်တာကတော့ ဒီလိုပါ..။

နိုင်ငံရေးအကြောင်း သိပ်မပြောချင်ပါဘူး။ အခုကိစ္စကတော့ ရယ်စရာကောင်းသလို စိတ်ပျက်စရာလဲ ကောင်းနေလို့ နည်းနည်းတော့ ပြောလိုက်ပါ့မယ်။

Facebook  ကို ဖွင့်ကြည့်တော့ ဒေါက်တာဆိတ်ဖွား ဆိုတာက တော်တော်နေရာယူနေတာ တွေ့ရပါလား။ ဘာများလဲ လို့ လိုက်ဖတ်ကြည့်တော့မှ လွှတ်တော်ကြီးက ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့အရေးယူဖို့ အဆိုတင်သွင်းပါသတဲ့။ အဆိုတင်တာမှ ရိုးရိုးတောင်မဟုတ်ဘူး။ အရေးကြီးအဆိုတဲ့။ ဒါကို ထောက်ခံမဲ ၃၄၇၊ ကန့်ကွက်မဲ ၁၅၇၊ ကြားနေမဲ ၄၂ နဲ့ အတည်ပြုပါသတဲ့။
ခက်တော့နေပြီ။ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဆုံးဖြတ်ရမယ့် အချိန်မှာ ခရု ခါးတောင်းကြိုက်ဖမ်းသလို ဖြစ်နေပါပေါ့လား။


မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူအရေအတွက်က တစ်နိုင်ငံလုံးလူဦးရေရဲ့ ဘယ်လောက်များ ရှိလို့လဲ။ ဒီထဲမှာ ချက်တင်ထိုင်၊ ဂိမ်းကစားနေတဲ့ သူတွေကို နှုတ်လိုက်ရင် ဘလော့တွေ ၀က်ဆိုက်တွေ ၀င်ကြည့်တဲ့ အရေအတွက်က ဘယ်လောက်များ ရှိမှာမို့လို့လဲ။ ကိုယ်တောင် ဒေါက်တာဆိတ်ဖွားဘလော့ ရှိမှန်း ခုမှ သိတာပါ။ ဒေါက်တာဆိတ်ဖွား ကတော့ သူ့ဘလော့ ကျေညာပေးတဲ့အတွက် လွှတ်တော်ကြီးကို ကျေးဇူးတင်နေလောက်ပြီ ထင်တယ်။


ပြောချင်တာက ဒီလို သေးသေးမွှားမွှားကိစ္စလေးအတွက် အဖိုးတန်အချိန်တွေကို လွှတ်တော်ကြီးအနေနဲ့ မဖြုန်းတီးသင့်ဘူးဆိုတာပါ။
(ဒီလို ရေးလိုက်လို့ ဒေါက်တာဆိတ်ဖွားကို ထောက်ခံတယ် လို့ မထင်လိုက်ပါနဲ့။ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဆယ်ခေါက်ထက်မနည်း ဖတ်ပြီးပြီ၊ အသေအချာလဲ လေ့လာခဲ့ပြီးပြီ။ လက်မခံနိုင်ပါ။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘုရားမုခပါဋ္ဌ် လို သဘောထားပြီး ပြောဆိုဆွေးနွေးနေခြင်းများကို စိတ်မ၀င်စားပါ။)

စာဖတ်သူများလည်း ဆွေးနွေးနိုင်ပါတယ်...။
ကိုကိုနန်းညွန့်ဦး

0 ကွန်မန့်ရေးရန်:

Post a Comment