အလွန်ထင်ရှားသော လုပ်ငန်းရှင်တစ်ဦးက အများပိုင် ကုမ္ပဏီတစ် ခုထူထောင်ပြီး မန္တလေးမြို့တွင် မြို့သစ်နှင့် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် အစုရှယ်ယာများ ခေါ်ယူမည့် သတင်းကြေညာချက်ဖြင့် ၂၀၁၂ ခုနှစ် ခေတ်သစ်အိမ်ရာ ဖွံ့ ဖြိုးရေးကဏ္ဍကို စတင်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့လေသည်။
လုပ်ပိုင်ခွင့်မရှိဘဲ ခြေလှမ်းကျဲသော အဆိုပါ လှုပ်ရှားမှုမှာ အချိန်တိုအတွင်း ဇီဝိန်ချုပ်သွားခဲ့၏။ ထို့နောက် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် နိုင်ငံရေးပါတီတစ်ရပ်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့တွင် ဆင်းရဲသား မြို့တော် တည်ထောင်ရေးဟု အမည်ပေးထားသော စီမံကိန်းဖဲကြိုးကို မဆီမဆိုင် ဖြတ်ဖို့ကြိုးစားခဲ့ပြန်၏။
ဖဲကြိုးနှင့် ကတ်ကြေးကို ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အချိန်မီ သိမ်းယူလိုက်၍ ဆင်းရဲသား ပြည်သူတို့ သက်သာရာရသွားခဲ့လေသည်။
၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ကျင်းပခဲ့သော စီမံကိန်းကော်မရှင် ဒုတိယအစည်းအဝေး၌ ကော်မရှင်ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော်သမ္မတကြီးက
မြို့ပြနှင့်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အခြေခံ လိုအပ်ချက်ဖြစ်သည့် City Plan, Town Plan နှင့်
Village Plan များကို ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ City Plan များကို လေ့လာဆွေးနွေးအကောင်အထည်ဖော်ဆောင်
ရွက်ကြရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးသည် အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ အနာဂတ်မြို့ပြများ၏ စနစ်တကျမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် များစွာအရေးပါလာမည်ဖြစ်ကြောင်း ပြောကြားခဲ့၏။
ထို့အပြင် နိုင်ငံတော်သမ္မတကြီးက ကော်မရှင်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သော ၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ပြည်သူများ နေရေးထိုင်ရေးခက်ခဲသည့်
အပိုင်း၊ မီးဘေးစိုးရိမ်ရသည့်အပိုင်း၊ မြို့ပြအင်္ဂါရပ်နှင့် မညီညွတ်သည့်အပိုင်းကို ၂၀၁၅ ခုနှစ်မတိုင်မီ နှစ်စဉ်တစ်နှစ်ချင်း ပြည်သူအကြား ပြည်သူ့ဆန္ဒနှင့်အညီ
သိသိသာသာ တိုးတက်အောင် ပြောင်းလဲဆောင်ရွက်မည့် လတ်တလော စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း
ဆွေးနွေးမှာကြားခဲ့ပေသည်။
စာရေးသူအနေဖြင့် သမ္မတကြီး ပြောကြားသကဲ့သို့ ပြည်သူတို့၏ နေရေးထိုင်ရေးခက်ခဲသည့် အပိုင်းကို သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ၏ အိမ်ရာ မူဝါဒ (Housing Policy) လိုအပ်ချက်ရှိကြောင်း ဆွေးနွေးလိုပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၉၆ အရ ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် အိမ်ရာနှင့် အဆောက်အအုံများ (Housing and Buildings) ပါဝင်သဖြင့် အိမ်ရာမူဝါဒကို ပြည်ထောင်စုအစိုးရကသာ ချမှတ်ပေးနိုင်မည် ဖြစ်ပါသည်။ မူဝါဒ လမ်းညွှန်ချက် မရှိဘဲ လတ်တလောဖြစ်စေ၊ ကာလတိုဖြစ်စေ၊ ကာလရှည်ဖြစ်စေ
လုပ်ငန်းအကောင်အထည်ဖော်မှုမှန်သမျှသည် ရေကြောင်းပြမပါဘဲ သင်္ဘောကို မောင်းနှင်သကဲ့သို့ ခရီးမတွင်နိုင်ပေ။ လမ်းကြောင်းမှား၍ လိုရာခရီးမရောက်ဘဲ သောင်တင်သွားလျှင်လည်း ဆုံးရှုံးမှုများကို ရင်ဆိုင်ကြုံတွေ့ကြရမည် ဖြစ်ပေသည်။ ထို့အပြင် မူဝါဒ မရှိသော လုပ်ငန်း မှန်သမျှသည် အဂတိလေးပါးနှင့် မကင်းနိုင်သဖြင့် ပြည်သူတို့၏ အကျိုးစီးပွားနှင့် ဓမ္မာသောကဖြစ်လေ့ရှိပေသည်။ ဒီမိုကရေစီ နိုင်ငံများ၌ အစိုးရသည် ပြည်သူတို့၏ လိုလားချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာကဏ္ဍ၏ လုပ်ငန်းဆိုင်ရာ မူဝါဒအဖြစ် ချမှတ်ပေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အတတ်ပညာရှင်များ၊
ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူများ(Stakeholders) အားလုံးက ၀ိုင်းဝန်းအကောင် အထည် ဖော်ကြရမည် ဖြစ်ပေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၃၆)၊ ပုဒ်မခွဲ(ဂ)တွင် “နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်မည်” ဟူသော ပြဋ္ဌာန်းချက်ပါရှိပြီး ဖြစ်၏။ ထို့ပြင် တစ်ဝနိုင်ငံတော်သမ္မတကြီးကလည်း အထက်ပါအတိုင်း ပြည်သူများ နေရေးထိုင်ရေးခက်ခဲသည့် အပိုင်းကို ပြည်သူ့ဆန္ဒနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် ညွှန်ကြားခဲ့၏။ သို့ရာတွင် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တိုင်း
ဒေသကြီးအားလုံး တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်ကြရလေအောင် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းကို ထိန်းညှိပေးမည့် ပြည်ထောင်စုအစိုးရ၏
အိမ်ရာမူဝါဒမှာ ယခုအချိန်အထိ အထင်အရှားပေါ်ပေါက်လာခြင်း မရှိသေးပေ။
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ နေရေး ထိုင်ရေး အခက်အခဲရှိသည့် ပြည်သူများ အားလုံးအတွက် အိမ်ရာလိုအပ်ချက်ကို တစ်ပြိုင်တည်းဖြည့် ဆည်းပေးရန် မဖြစ်နိုင်သည့် အလျောက် ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒဖြင့် ဦးစားပေးမှုကို သတ်မှတ်ပေးနိုင်မည် ဖြစ်ပေသည်။
ယေဘုယျအားဖြင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့ ၀င်ငွေ အလွှာအလိုက် ၀ယ်ယူနိုင်စွမ်းရှိသော အိမ်ရာများ (Affordable Housing) ကို ဆောက်လုပ်ကြရမည် ဖြစ်သော်လည်း ၂၆ ရာခိုင်နှုန်းသော ဆင်းရဲမွဲတေသူများ အပါအ၀င် ၀င်ငွေနည်းသော ပြည်သူများ၏ နေရေးလိုအပ်ချက်ကို အတိအလင်း ဦးစားပေးသတ်မှတ်၍ ဖြည့်ဆည်းရမည်သာ ဖြစ်ပါသည်။
မျက်မှောက်ကာလ နိုင်ငံပိုင်ကဏ္ဍ (Public Sector ) မှ ဆောက်လုပ်လျက်ရှိသော လုံးချင်းနေအိမ်များ၊ တိုက်ခန်းများ စသည့်အိမ်ရာစီမံကိန်းများတွင် တန်ဖိုးနည်းအိမ်ရာများ လုံးဝပါဝင်ခြင်း မရှိပေ။
ထို့အပြင် ပွင့်လင်းမြင်သာမှုမရှိသော ဖြည့်ဆည်းမှု အခင်းအကျင်း၌ ပြည်သူ့ကဏ္ဍဖြင့် မွေးဖွားပေးခဲ့သည့် အိမ်ရာသားသမင်ကို အရေခြုံအိမ်ရာလိုအပ်မှု(Artificial Demand )ကျားဆိုးက ၀ါးမျိုဖျက်ဆီးခြင်းလည်း ခံရပြန်၏။ ၁၉၉၈ ခုနှစ်က ရန်ကုန်မြို့တွင် မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသည် လှိုင်သာယာတွင်
ကျန်စစ်သားအိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) တွင် အောင်ဇေယျအိမ်ရာစသည့် တန်ဖိုးနည်းအိမ်ရာ အိမ်ခန်းပေါင်း ၃၀၀၀ ခန့် ဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် မြိုင်ဟေ၀န်အိမ်ရာ၊ တော်ဝင်အိမ်ရာ စသည့် တန်ဖိုးနည်းအိမ်ရာ အိမ်ခန်း ၁၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း တွေ့ရှိရ၏။ တဲပေါ်မှ တိုက်ပေါ်တင် စီမံကိန်းအရ အဆိုပါ ဌာနအဖွဲ့အစည်းနှစ်ရပ်သည်
အိမ်ထောင်စု ပေါင်း ၁၅၀၀၀ ခန့်ကို တိုက်ခန်းများပေါ်သို့ တင်ပေးနိုင်ခဲ့၏။
ယင်းကာလမတိုင်မီ သုဝဏ္ဏတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ တောင်ဥက္ကလာပမြင်သာတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ သာကေတမြင်သာတော်လမ်း ပျဉ်ထောင်သွပ်မိုး
တန်ဖိုးနည်း လုံးချင်းအိမ်ရာစီမံကိန်း၊ သာကေတ သန်လျင်တံတား၌ အသုံးပြုပြီး သစ်သားများကို ပြန်လည်သုံးစွဲသည့် ပျဉ်ထောင်သွပ်မိုးတန်ဖိုးနည်း လုံးချင်းအိမ်ရာ စီမံကိန်း စသည်များကိုလည်း ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြောင်း လေ့လာတွေ့ရှိနိုင်၏။ သို့သော် ဒီမိုကရေစီခေတ်သစ် တွင်မူ အဆိုပါ ဌာနနှစ်ခုစလုံးမှ ၀င်ငွေနည်းပြည်သူများအတွက် မည်သည့် တန်ဖိုးနည်းအိမ်ရာ ကိုမျှ ဟုတ်တိပတ်တိ တစ်လုံးမျှ မဆောက်နိုင်ခဲ့သေးသည်မှာ ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒနှင့် တွန်းအားပေးမှု အားနည်းခြင်းကြောင့် ဖြစ်မည်ဟု ကောက်ချက်ချရန်မှ တစ်ပါး အခြားမရှိနိုင်ပေ။
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်ထုတ် မြန်မာအလင်းသတင်းစာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်ကို စည်ပင်ဘဏ်နှင့် အခြားဘဏ်များ၏ ရင်းနှီးမှုဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းတစ်ရပ်ပါရှိ၏။ သတင်းစာအရ သင့်တင့်လျောက်ပတ်သော တန်ဖိုးနည်းအိမ်ရာဟု သိရပြီး အချို့သော ဂျာနယ်သတင်းများ၌ ယာဉ်ရပ်နားရန် နေရာ၊ အပန်းဖြေနေရာ၊ လူနေဆိုင်ခန်းနှင့် စူပါမားကက်များပါဝင်ကြောင်း၊ တစ်ခန်းလျှင် ကျပ်သိန်း ၄၀၀ မှ ၅၀၀ ခန့်ဟု တန်ဖိုးခန့်မှန်းခြေများ ဖော်ပြကြသည်ကိုလည်း တွေ့ရှိရပြန်ရာ တန်ဖိုးနည်း အစစ်အမှန်ဖြစ်ပါမည်လောဟု ယုံရခက်ခက် ဖြစ်နေလေ၏။
အထူးသဖြင့် “သင့်တင့်လျောက်ပတ်သော” တန်ဖိုးနည်း အိမ်ရာစီမံကိန်းဟူသော ဝေါဟာရသစ်ကို အဓိပ္ပာယ်မည်သို့ ဖွင့်ရမည်နည်းဟုလည်း စဉ်းစားရခက်နေပြန်၏။
ထို့နောက် တစ်ဖန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ မြေဧက ၂၂၀ ခန့်တွင် အိမ်ရာစီမံကိန်းများကို Precast စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ် ကြောင်းနှင့် ငွေကြေးအပြည့်အ၀ ရင်းနှီး၍ ၃ နှစ်အတွင်းပြီးအောင် ဆောင်ရွက်နိုင်သူများထံမှ တင်ဒါ အဆိုပြုလွှာများ ပေးသွင်းရန် ကြော်ငြာချက်ကို တွေ့ရှိပြန်ပါသည်။ အဆိုပါ ကြော်ငြာတစ်ခုလုံးကို အခေါက်ခေါက်အခါခါ အပြန်ပြန်အလှန်လှန် ဖတ်ကြည့်ရာ “တန်ဖိုးနည်း” ဟူသော စကားလုံးမှာ လုံးဝမပါရှိကြောင်း တွေ့ရှိရ၏။
အထက်ပါ ကြော်ငြာနှစ်ခုကို ယှဉ်၍ သုံးသပ်ကြည့်သောအခါ ရန်ကုန်မြို့တော်စည်ပင်၏ စီမံကိန်းသည် “ငွေကိုရင်းမည့် စီမံကိန်း” ဖြစ်၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ စီမံကိန်းသည် “မြေကိုရင်းမည့်စီမံကိန်း” ဟု ခန့်မှန်းနိုင်ပေသည်။ မည်သည့်စီမံကိန်းဖြစ်စေ ၀င်ငွေနည်း ပြည်သူတို့အတွက် အရစ်ကျငွေပေးသွင်းစနစ်ဖြင့် ၀ယ်ယူနိုင်မည့် တန်ဖိုးနည်းအိမ်ရာ အစစ်အမှန် မပါဝင်လျှင် “ရွှေစော်နံပြန်လိုက်ဦး” ဟု ဆိုချင်ပါသည်။
အမှန်အားဖြင့် ရန်ကုန်မြို့တွင် သာမက မန္တလေးမြို့အပါအ၀င် ပြည်နယ်တိုင်းဒေသကြီးများရှိ မြို့ကြီးများ၌ တန်ဖိုးနည်းအရောင်း အိမ်ရာ (Purchasing Flat) သို့ မဟုတ် အငှားအိမ်ရာ(Rental Flat)များကိုလည်း ဆောက်လုပ် သင့်၏။ အဆိုပါ မြို့ကြီးများတွင် လွတ်လပ်ရေး ရရှိပြီးနောက် လွန်ခဲ့သော အနှစ် ၅၀ ကျော်က ပြည်တော်သာ စီမံကိန်းအရ ဆောက်လုပ်သည့် အငှားအိမ်ရာ အဟောင်းများကိုသာ အားပြုနေကြရပြီး ၀န်ထမ်းများမှာလည်း ရရှိသော လစာဖြင့် ပြင်ပတွင် အိမ်ငှားနေထိုင်ရန် လုံးဝလက်လှမ်း မမီကြပေ။ ၎င်းတို့အတွက် အငှားအိမ်ရာများကို တိုးချဲ့ဆောက်လုပ်ပေးရန် အထူးလိုအပ်လျက်ရှိရာ ပြည်ထောင်စုအစိုးရ၏ အိမ်ရာမူဝါဒတွင် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် မလွဲမသွေ ဦးစားပေးရမည့် အိမ်ရာစီမံကိန်းတစ်ရပ်ဖြစ်ကြောင်းလည်း တင်ပြလိုပါသည်။
လူဦးရေ အများဆုံးဖြစ်သော ရန်ကုန်မြို့တွင် လက်ရှိလူဦးရေ ငါးသန်းအနက် ဆင်းရဲမွဲတေသူ ၂၆ ရာခိုင်နှုန်းမှာ လူဦးရေ ၁၃ သိန်း ဖြစ်၏။ ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန်အတွက် ဆင်းရဲမွဲတေသူ ၁၀ ရာခိုင်နှုန်းအား နေရေးဆင်းရဲမှုမှ ၂ နှစ် အတွင်း လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်ရန် လိုအပ်ပါသည်။
အဆိုပါ ၁၀ ရာခိုင်နှုန်းသည် လူဦးရေ ငါးသိန်းဖြစ်၍ ပျမ်းမျှ အိမ်ထောင်စုအရွယ်အစား (Family Size) ကို တစ်အိမ် ထောင်လျှင် လူငါးဦးနှုန်းဖြင့် အိမ်ထောင်စု တစ်သိန်းအတွက် တန်ဖိုးနည်းအိမ်ရာ တစ်သိန်းတိတိ လိုအပ်မည်ဖြစ်ပါသည်။ နှစ်စဉ်လူဦးရေတိုးပွားမှုအရ အိမ်ရာလိုအပ်ချက်ကလည်း ၃၀၀၀၀ ခန့်ရှိ
နေပြန်သေးရာ စာရေးသူတို့ နိုင်ငံတွင် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးကို မလွဲမသွေ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက်
လုပ်ငန်းလမ်းညွှန်ဖြစ်သော အိမ်ရာမူဝါဒကို ပြည်ထောင်စုအစိုးရက အ မြန်ဆုံးချမှတ်ပြီး တန်ဖိုးနည်းအိမ် ရာကိုလည်း မူဝါဒအရ အတိအလင်း ဦးစားပေးသတ်မှတ် အ ကောင်အထည်ဖော်ရန် လိုအပ် ကြောင်း နှိုးဆော်တိုက်တွန်းအပ် ပါသည်။
အထူးသဖြင့် ၁၂-၁၂-၂၀၁၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ သတင်းတစ်ပုဒ်အရ ဘရာဇီးနိုင်ငံတွင် ၀င်ငွေနည်း သော မိသားစုများအတွက် ၂၀၁၄ ခုနှစ်မတိုင်မီ ၂ နှစ်အတွင်း တန် ဖိုးနည်းအိမ်ရာ သုံးသန်းတိတိ ဆောက်လုပ်မည်ဟူသော မင်္ဂလာ သတင်းကို သမ္မတကိုယ်တိုင် အသံလွှင့်ကြေညာသကဲ့သို့စာရေး သူတို့၏ နိုင်ငံတွင်လည်း ဒီမိုကရေ စီခေတ်သစ်၌ ခတ်ကွင်းပြင်ကာ လ ၂ နှစ်အလွန် နောင်လာမည့် ၂ နှစ်အတွင်း ဘရာဇီးထက် အဆ တစ်ရာလျှော့၍ တန်ဖိုးနည်းအိမ် ရာ ၃၀၀၀၀ ခန့်ပင်ဖြစ်စေ၊ ထို့ ထက်ပို၍ ဖြစ်စေ ဆောက်လုပ် မည်ဖြစ်ကြောင်း သမ္မတကြီးကိုယ် တိုင် ပြည်ထောင်စုအစိုးရ အိမ်ရာ မူဝါဒနှင့်တကွ ကြေညာနိုင်ပါက ပြည်သူအပေါင်းတို့ အတိုင်းအ ထက်အလွန် ရွှင်မြူးအားရ ကြိုဆိုမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသတည်း။ ။
ရေးသားသူ- မြင့်မိုရ်ဆွေ - 7Day News Journal
0 ကွန်မန့်ရေးရန်:
Post a Comment