Saturday, December 29, 2012

ဆယ်ပါးအင်္ဂါ ထိန်းမြားရာဝယ်

      လူဆိုသည်မှာ သီးချိန်တန်သီး၍ ပွင့်ချိန်တန်လျှင် ပွင့်ရပါတယ်။ သွေးမတော် ၊ သားမစပ် တစ်မိသားနှင့် တစ်မိသား ပေါင်းစည်းကြရာဝယ် ရှေးကုသိုလ် ဖူးစာကံပါသောကြောင့်၎င်း ၊ အနေနီးစပ်၍သော်၎င်း ၊ ကျောင်းနေစဉ်မှသည် လုပ်ငန်းခွင်ရောက်သည်အထိ သံယောဇဉ်တရားကြောင့်သော်၎င်း မည်သို့သော အကြောင်းကြောင့်ပင်ဖြစ်ပါစေ တစ်ဦးနှင့်တစ်ဦး လင်နှင့်မယားဟူ၍ ပေါင်းစည်းကြရာဝယ် " ထိန်းမြားခြင်း " ဟူသည် အဓိက အရေးပါ,ပါတယ်။
       ငွေကြေးဥစ္စာကြွယ်ဝ၍ ဂုဏ်ပကာသနကို ရှေ့တန်းတင်လိုကြသော သူများကတော့ ထည်ဝါခန့်ညားလှသော ဟိုတယ်ခန်းမများကို ဈေးကြီးကြီးပေး၍ ဌားရမ်းကာ ထိမ်းမြားလက်ထပ် မင်္ဂလာပွဲတွေပြုကြပါတယ်။ အသင့်အတင့် တတ်နိုင်သူတို့ကလည်း သင့်တော်ရာခန်းမ တစ်ခုခုမှာကျင်းပကြပါတယ်။ တချို့ကျတော့ ကျောင်းတိုက်တစ်ခုခုမှာ မင်္ဂလာဆွမ်းကျွေးကြပါတယ်။ ဘယ်လိုပဲလက်ထပ်,လက်ထပ် လိုရင်းကတော့ ကျွန်တော်တို့ ကျွန်မတို့ ထိန်းမြားကြပါပြီ။ အကြင်လင်မယားတွေ ဖြစ်ကြပါပြီ ဟူ၍ သက်သေပြလိုက်ခြင်းပဲဖြစ်ပါတယ်။
        ကျွန်တော်တို့ မြန်မာမှု့ အိမ်ထောင်ရေးနယ်ပယ်မှာ ထိမ်းမြားမှု့ ပြီးမြောက်ဖို့အတွက် အင်္ဂါ (၁၀)ပါးရှိတာကို လေ့လာမှတ်သားထားဖူးပါတယ်။ ဒီအင်္ဂါ (၁၀)ပါးကို တစ်ချိန်ချိန်မှာ မင်္ဂလာရက်မြတ် လက်ထပ်ကြမည့် သူတွေအနေဖြင့် ဗဟုသုတအဖြစ် သိရှိထားနိုင်ကြစေရန် လက်ဆင့်ကမ်း တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
       ( ၁ )   ဦးထိပ်၌ ရေစင်သွန်းလောင်းပြီး ထိမ်းမြားခြင်း
                  ဘိသိက်ဆရာအနေဖြင့် လက်ျာရစ်ခရုသင်းထဲကိုဖြစ်စေ ၊ ဖလားတစ်ခုထဲကိုဖြစ်စေ န၀ရတ်(၉)ပါး ၊ နံ့သာ(၅)မျိုးတို့၏ အရည်ကိုထည့်ပြီး သပြေညွန့်ထိုးကာ သတို့သား ၊ သတို့သမီးတို့၏ ဦးကောင်းထက်သို့ ရေစင်သွန်းလောင်းပြီး လက်ထပ်ပေးပါက ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
         ( ၂ )   ရေဖလား၌ လက်ချထားပြီး ထိမ်းမြားခြင်း
                  ရေဖလားတစ်ခုခုအတွင်း သတို့သား ၊ သတို့သမီးတို့၏ လက်ျာလက်ကို ချထားပြီး လက်ထပ်ပေးပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
          ( ၃ )   ပန်းကုံးစွပ်ပြီး ထိမ်းမြားခြင်း
                  သတို့သား ၊ သတို့သမီးတို့ တစ်ဦးနှင့်တစ်ဦး ပန်းကုံးတစ်ကုံးစီ ကိုင်ထားပြီး ၊ သတို့သမီးမှ သတို့သားကို ပန်းကုံးစွပ်ကာ ၊ သတို့သားမှ သတို့သမီးကို ပန်းကုံးစွပ်ကာ လက်ထပ်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
           ( ၄ )   စုလျားရစ်ပတ် ထိမ်းမြားခြင်း
                  သတို့သားနှင့် သတို့သမီးတို့အား ပ၀ါရှည်တဘက်နှင့် ရစ်ပတ်လက်ထပ်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
            ( ၅ )   ဒါလီဖွဲ့ပြီး ထိမ်းမြားခြင်း
                  ရွှေကြိုးတစ်ကုံးကိုကွင်းပြီး သတို့သားနှင့် သတို့သမီးအားစွပ်၍ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
             ( ၆ )   လက်ဖ၀ါးခြင်းထပ်၍ ထိမ်းမြားခြင်း
                  သတို့သမီး၏ လက်ဖ၀ါးကို ဖြန့်စေပြီး သတို့သား၏ လက်ျာလက်ဖ၀ါးအား အပေါ်ကတင်စေကာ လက်ထပ်ခြင်းသည်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့်ပြည့်စုံပါတယ်။
             ( ၇ )   အ၀တ်လဲ၍ ထိမ်းမြားခြင်း
                  သတို့သားအနေဖြင့် သတို့သမီး၏အိမ်သို့ ရောသည့်အခါ သတို့သမီး၏ ဆွေမျိုးတစ်စုက ၎င်းအတွက် ၀ယ်ထားသော အ၀တ်,ပုဆိုးအသစ်တို့ ထုတ်ပေးစဉ် လဲလှယ်ဝတ်ဆင်ပါကလည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
             ( ၈ )   လက်စွပ်လဲ၍ ထိမ်းမြားခြင်း
                  သတို့သားနှင့် သတို့သမီး တစ်ဦးနှင့်တစ်ဦး လက်စွပ်လဲ၍ ၀တ်ဆင်ကြလျှင်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
              ( ၉ )   လက်ဆုံစား၍ ထိမ်းမြားခြင်း
                   သတို့သားနှင့် သတို့သမီးတို့ အစားအသောက် တစ်ခုခုကို လက်ဆုံစားကြပါက ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
              ( ၁၀ )   ပုဆိုးတန်းတင်၍ ထိမ်းမြားခြင်း
                  သတို့သမီး၏ အိပ်ခန်းအတွင်းရှိ အ၀တ်လှမ်းကြိုးတန်းပေါ်သို့ သတို့သား၏ ခါးဝတ်ပုဆိုးအား တင်ထားလိုက်ရုံဖြင့်လည်း ထိမ်းမြားခြင်းအင်္ဂါရပ်နှင့် ပြည့်စုံပါတယ်။
                                                    ဟူ၍ မှတ်သားထားဖူးကြောင်း ဗဟုသုတအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment