Sunday, November 18, 2012

မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်များအား ပိတ်ပင်ထားမှုကို အိုဘားမား မလာမီ ကြိုတင်၍ အမေရိကန် ရုပ်သိမ်းလိုက်ပြီ

‎`

Saturday, 17 November 2012

မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ မတင်ပို့နိုင်အောင် ဆယ်စုနှစ်တစ်ခု နီးပါး ပိတ်ပင်ထားမှုကို အမေရိကန်အစိုးရက ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာမီ ဦးစွာကြို၍
ရုပ်သိမ်းပေးလိုက်ခြင်း ဖြစ်သည်။ ကျောက်မျက်ပို့ကုန်ကဏ္ဍကိုမူ ဆက်လက် ပိတ်ပင်ထားဦးမည်ဖြစ်ကြောင်းလည်း သိရသည်။ ကျန်ပို့ကုန်များကိုမူ ပိတ်ပင်ထားမှု ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်စိမ်းများ၊ ပတ္တမြားများသည် ကမ္ဘာကျော်ကြသည့်တိုင် ထိုလုပ်ငန်း နယ်ပယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျန်ရှိနေဆဲဖြစ်သောကြောင့် ကျောက်မျက် တင်ပို့မှုကိုမူ ဆက်လက်ပိတ်ပင် ထားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။

မြန်မာနိုင်ငံဘက်မှ တင်ပို့သော ပို့ကုန်များကို ပိတ်ပင်ရန် ၂၀၀၃ ခုနှစ်တွင် အမေရိကန် လွှတ်တော်က အတည်ပြု ဥပဒေထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အိုဘားမားအစိုးရသည် ပို့ကုန်ပိတ်ပင်ထားမှုကို ရုပ်သိမ်းသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ပေးလိုက်ပြီဖြစ်သော်လည်း ဥပဒေကား ဆက်လက် တည်ရှိဆဲဖြစ်သောကြောင့် မြန်မာ့ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်လှည့်မည် ဆိုပါက ထိုဥပဒေကို အချိန်မရွေး ပြန်လည်အသက်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပို့ကုန်ပိတ်ပင်ထားမှု ရုပ်သိမ်းပေးခြင်းသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကောင်းများ ပိုမိုဖြစ်ထွန်းလာအောင် အားပေးရန်၊ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု
တိုးတက်လာစေရန်ဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောသည်။

အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၁၉ (တနင်္လာနေ့)တွင် မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်ရာ မြန်မာနိုင်ငံကို လာရောက်သည့်
ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံ မည်ဖြစ်သည်။

မစ္စတာ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် အမေရိကန်-မြန်မာဆက်ဆံရေးကို ပုံမှန် အနေအထား ပြန်ရောက်ရှိလာစေရန် ကြိုးပမ်းမှု၏ အကြီးမားဆုံးခြေလှမ်း တစ်ရပ်လည်း ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း မစ္စတာ အိုဘားမားက မိန့်ခွန်းပြောဖို့ ဆန္ဒရှိပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေး က ထုတ်ပြန်ပြောကြားထားသည်။

ယခုနှစ်အစောပိုင်း ကြားဖြတ်ရွေးကောက်ပွဲပြီးချိန်မှစ၍ အမေရိကန်အစိုးရသည် ပိတ်ပင်ထားမှုများကို ဆက်တိုက် ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား ပိတ်ပင်ထားမှုများ ဖြေလျှော့ပေးခြင်းသည် မြန်လွန်းသည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း အိုဘားမား အစိုးရအဖွဲ့ကမူ ထိုသို့ဖြေလျှော့ပေးမှသာ မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးကောင်းများ အရှိန်မြှင့် လုပ်ဆောင်နိုင်လာမည်ဟု တုံ့ပြန်ပြောကြားထားသည်။

ပိတ်ပင်ထားမှုများ ဖြေလျှော့ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးများ နောက်ကြောင်း ပြန်လှည့်ပါက ပိတ်ပင်မှုများ အချိန်မရွေး ပြန်လုပ်နိုင်အောင် စီစဉ်ထားကြောင်းလည်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောသည်။

Source: BBC, AFP
`

0 ကွန်မန့်ရေးရန်:

Post a Comment