Wednesday, October 10, 2012

အင်တာနက် အဆင့်မြှင့်တင်ရေးနှင့် မိုဘိုင်းတိုးချဲ့ တပ်ဆင်ရေး လုပ်ငန်းများကို ချေးငွေသန်း ၃၀၀ ဖြင့် လုပ်ကိုင်သွားမည်


ဂျပန်အကူအညီဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင် ဦးဆောင်၍ ချေးငွေသန်း ၃၀၀ ဖြင့် စတင်လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ကျွန်တော်တို့ရဲ့ ဒုတိယဝန်ကြီး ဦးသောင်းတင်ဟာ ဂျပန်အကူအညီနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများအပြင် အများသိကြတဲ့အတိုင်း ချေးငွေသန်း ၃၀၀ နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်နေတဲ့အတွက် ကျွန်တော့်အဖို့ အင်မတန်အားရှိပါတယ်” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။ အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးသောင်းတင်သည် ကိုရီးယားနိုင်ငံရှိ Ministry of Public Adminastration and Security နှင့်ပူးပေါင်း၍ နိုဝင်ဘာလ ဒုတိယအပတ် အတောအတွင်း သုတေသန လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်သွားရန် ရှိသည်ဟု သိရသည်။ အစီအစဉ်ကို စမ်းသပ်ကာလအဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆင်ပြေ တိုးတက်မှုများ ကြုံတွေ့လာခဲ့ရပါက နှစ်နိုင်ငံအကြား အိုင်စီတီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် သဘောတူညီမှုစာချုပ် ချုပ်ဆို၍ လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။ “Trial  အနေနဲ့ပါ။ Public ကို အင်တာနက်နဲ့ ပတ်သက်ပြီး Training တွေလုပ်မယ်။ အဲဒီကနေ Research တွေလုပ်မယ်။ ပြီးတော့ Discussion တွေ ဆက်လက် လုပ်ကြမယ် ဆိုတာကို အသိပေးချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ အလားတူပင် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများအတွက် လုပ်ကိုင်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ အထိ ရောက်ရှိအောင် စီမံကိန်းများ ရေးဆွဲ၍ လုပ်ကိုင်ဆောင်ရွက်နေသည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ပြောဆိုခဲ့သည်။ အင်တာနက် အဆင့်မြှင့်တင်ရေး လုပ်ငန်းနှင့် မိုဘိုင်းဖုန်း တိုးချဲ့တပ်ဆင်ရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ဝန်ကြီးဌာနအတွင်း၌ အစည်းအဝေးများ ကျင်းပ၍ စတင်လုပ်ကိုင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment