Friday, August 17, 2012

‘ရွှေမြွေဟောက်’ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လို



ထိုင်းနှင့် အမေရိကန်တို့၏ ‘ရွှေမြွေဟောက်’ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေး အမေရိကန်နှင့် ညှိနှိုင်းပေးရန် ထိုင်း ကာကွယ်ရေးဝန်ကြီးအား မြန်မာ စစ်ခေါင်းဆောင်များက ပြောကြား လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြ ပါရှိသည်။


ထိုင်း ကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝါနာတတ် Sukumpol Suwan
atat ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမင်းတို့နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ထိုသို့ အကူအညီ တောင်းခံလိုက်ခြင်းဖြစ်ပြီး ဆူခွန်ပိုး အနေနှင့်လည်း ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ကြာသပတေးနေ့က ပြောဆို လိုက်သည်။

မြန်မာနိုင်ငံအနေနှင့် အမေရိကန်တို့ လိုလားသည့် ဒီမိုကရေစီ စံချိန်ကိုက် မဖြစ်သေးကြောင်း ကိုလည်း မြန်မာ ကာ/ချုပ်က ထုတ်ဖော် ပြောကြားခဲ့ပြီး မကြာမီတွင် နိုင်ငံသားများ     အနေနှင့် ဒီမိုကရေစီ အပြည့်အဝ ခံစားကြရမည်ဟု ၎င်းအား ပြောဆိုကြကြောင်း ဆူခွန်ပိုး က ဆိုသည်။

အမေရိကန် အစိုးရနှင့် ပြေလည်မှု အတန်အသင့် ရရှိထားပြီးဖြစ်သည့် မြန်မာ အစိုးရ အနေနှင့် အာရှ-ပစိဖိတ် ဒေသ အတွင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သည့် ‘ရွှေမြွေဟောက်’ တွင် လာမည့်နှစ်၌ လေ့လာသူအဖြစ် ပါဝင်နိုင်ရေးကို ဝါရှင်တန်သို့ တင်ပြနိုင်ရေးအတွက် ထိုင်းနိုင်ငံအား အကူအညီ တောင်းခံခြင်း ဖြစ်သည်။

ရွှေမြွေဟောက် သည် ထိုင်းနိုင်ငံတွင် နှစ်စဉ်ပြုလုပ်သော နိုင်ငံစုံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ဖြစ်ပြီး ပါဝင်လေ့ကျင့်ကြ သည့် နိုင်ငံ ၂ဝ ကျော်အား အလွန်အရေးပါသည့် စစ်ရေး လေ့ကျင့်မှု အခွင့်အလမ်းများ ရရှိစေကာ နိုင်ငံစုံ လေ့ကျင့်မှု အတွင်း ပူးပေါင်းဆောင်ရွက်မှု စစ်ရေး စွမ်းရည်ကိုလည်း တိုးတက်စေမည် ဖြစ်သည်။

လေ့ကျင့်ခန်းများထဲတွင် ကွန်ပျူတာများ အသုံးပြု၍ စစ်ပွဲအခြေအနေမျိုး ဖန်တီးကာ စစ်အမိန့်ပေးသည့် လေ့ကျင့်ခန်း များ၊ ကွင်းဆင်း လေ့ကျင့်မှုများ၊ လူသားချင်း စာနာမှု အကူအညီပေးသည့် လေ့ကျင့်ခန်းများနှင့် စစ်ရေး လေ့ကျင့်ရာဒေသ အနီးတဝိုက်တွင် နေထိုင်ကြသည့် ထိုင်းလူမျိုးများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည့် လူမှု အကူအညီပေးရေး အစီအစဉ်များလည်း ပါဝင်သည်။ ထို့ပြင် ဗဟုသုတ သတင်း အချက်အလက်များ အချင်းချင်း မျှဝေရန်နှင့် ဆက်ဆံရေးများ တည်ဆောက်ရန် အတွက်လည်း အကြီးတန်း ခေါင်းဆောင်းများ တွေ့ဆုံကြသည်။

ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ၂ဝ၁၂ တွင် ပါဝင်ခဲ့ကြသည့် အချို့နိုင်ငံများမှာ အမေရိကန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူ နှင့် တောင်ကိုရီးယားနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံ ၂ဝ မှ အမှုထမ်း စုစုပေါင်း ၁ဝ,ဝဝဝ ခန့် ပါဝင်ခဲ့ကြကာ ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၇ ရက်နေ့အထိ စစ်ရေးလေ့ကျင့်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် ထို ရွှေမြွေဟောက် ကို မြန်မာနိုင်ငံက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက ထုတ်ဖော် ပြောကြားဖူးသည်။

Aung Soemin ,facebook အင်တာနက်စာမျက်နျညမှ

0 ကွန်မန့်ရေးရန်:

Post a Comment