Saturday, March 31, 2012

အသက်ပေးရသည့် စကားများ(၂)


အေဒီ ၁၀၇၇ ခုနှစ်တွင် အနော်ရထာမင်းကြီး နတ်ရွာစံသောအခါ
သားတော် စောလူးမင်း နန်းတက်တော်မူသည်။
ကျန်စစ်သားမှာ ကြောင်းဖြူရွာတွင် ပုန်းအောင်းနေကြောင်း
စောလူးမင်း၏ အမတ်များက သိကြသည်။
ထိုအချိန်အခါတွင် မွန်လူမျိုးတို့သည် ဆူပူပုန်ကန်ကြရန်
ဟိုတစ်စုဒီတစ်စု အုပ်စုဖွဲ့နေကြသည်။
မနူဟာမင်း၏မြေးဖြစ်သူ အသ၀တ်ဓမ္မာက အုပ်စုတစ်စု၊
ငရမန်ကန်းက အုပ်စုတစ်စု စသည်ဖြင့် မွန်တို့သည်
စောလူးထံမှ အာဏာကို လုယူရန်ကြံစည်နေကြောင်း ကြားသိနေရသည်။
အသ၀တ်ဓမ္မာသည် အနော်ရထာမင်းကိုယ်တိုင်စီးခဲ့သော လှေကြီးကိုပင် ခိုးဝှက်ထားသည်။
"မင်းကြီး၊ ကျန်စစ်သားကို ပြန်ခေါ်ပါ" စောလူးမင်း၏ အမတ်များနှင့် စစ်သူကြီးတို့က
ကျန်စစ်သားကို  ပုဂံ နေပြည်တော်သို့ပြန်လာရန် ဆင့်ခေါ်ဖို့ အကြံပြုသည်။
တိုင်းပြည်၏ နိုင်ငံရေး၊စစ်ရေး ရှုပ်ထွေးနေကြောင်းလည်း ကျန်စစ်သားကို သိစေသည်။
ဤသို့ဖြင့် ကျန်စစ်သားသည် သာမန်အရပ်သား ဟန်ဆောင်ပြီး
တောင်သူလုပ်ကိုင်နေရာမှ ပုဂံနေပြည်တော်သို့ ပြန်လာခဲ့သည်။
ပုဂံသို့ရောက်သောအခါ စောလူးမင်းသည် ကျန်စစ်သားကို ထိုက်တန်သောရာထူးမပေး၊
သာမန်မင်းမှုထမ်းလေးတစ်ဦးပမာ ဆက်ဆံသည်။
စောလူးမင်းကိုယ်တိုင်ကမူ အပျော်အပါးများပြီး ကြွေအံကစားခြင်းဖြင့် အချိန်ကုန်နေသည်။
အထူးသဖြင့် ငရမာန်ကန်းနှင့် စောလူးမင်းသည် နေ့စဉ် ကြွေအံကစားသည်။
ကျန်စစ်သားသည် ငယ်ချစ်မဏိစန္ဒာနှင့် ပြန်လည်ဆက်သွယ်မိပြီဖြစ်သည်။
ပဲခူးဘုရင်၏သမီးတော် မဏိစန္ဒာကို စောလူးမင်းသည် သီရိစန္ဒာဒေ၀ီအမည်ဖြင့်
ဦးဆောက်ပန်းမိဖုရားကြီးအဖြစ် ခန့်ထားခဲ့သည်။
ဦးဆောက်ပန်းမိဖုရားကြီးနှင့် ကျန်စစ်သားတို့သည်
အဆက်အသွယ်ဖြစ်နေပြန်ကြောင်း သတင်းကိုကြားလျှင်
ကျန်စစ်သားကို ရာထူးအားလုံးမှ နုတ်သိမ်းပြီး ဒလအရပ်သို့ နယ်နှင်ပြန်သည်။
တစ်ဖန် မှူးကြီးမတ်ကြီးများက တိုင်းရေးပြည်ရေး ရှုတ်ထွေးနေသောအချိန်တွင်
ကျန်စစ်သားကို အနီးမှာ ခစားစေသင့်ကြောင်း လျှောက်ထားကြပြန်သဖြင့်
ကျန်စစ်သားကို ပြန်လည်ခေါ်ယူရပြန်သည်။
ငရမာန်ကန်းကိုလည်း ဥဿာပဲခူးစားအဖြစ် ခန့်ထားလေသည်။
"နင်ငါ့ကို အံတစ်ပွဲမျှနိုင်သည်ကို လက်ခမောင်းခပ် ကြွားဝါသည်ကား နင် ယောက်ျားဟုတ်နိုးသော်"
"နင်စားသော ပဲခူးနှင့် ပုန်စားလေ" ဟု ဆိုပြီး စောလူးမင်းသည်
မင်းတို့မပြောအပ်သော စကားတစ်ခွန်းကို မဆင်မခြင် ပြောလိုက်သည်။
ငရမာန်ကန်းလည်း ပဲခူးသို့ပြန်သွားပြီး လူစုတော့သည်။
ပဲခူးမှ ငရမာန်ကန်း၏ စစ်တပ်ကြီးသည် ပုဂံသို့ ချီတက်လာသည်။
မကွေးမြို့ အောက်နားရှိ ပြည်တော်သာကျွန်းသို့ ရောက်ပြီဟု သိရသည်။
စောလူးမင်းနှင့် ကျန်စစ်သားတို့သည် စစ်သည်အလုံးအရင်းနှင့် ပုဂံမှ စုံဆင်းခဲ့ကြသည်။
မကွေးမြို့တွင် ခေတ္တ စခန်းချသည်။
စောလူးမင်းသည် မကွေးမြို့ထိပ်တွင် မြသလွန်စေတီကို တည်စေသည်။
ငရမာန်ကန်း၏ စစ်တပ်ကြီးသည်လည်း ပြည်တော်သာကျွန်းတွင် စခန်းချပြီး စစ်မြူနေသည်။
စောလူးမင်းသည် ငရမာန်ကန်း၏ စစ်တပ်ကို ၀င်ပြီးတိုက်ခိုက်ရန် အမိန့်ပေးသည်။
ကျန်စစ်သားက အခြေအနေ စောင့်ကြည့်ပါဦးဟု တားသည်ကိုပင်မရ။
ငရမာန်ကန်းသည် နွံထဲတွင် ဆင်ရုပ်ကို အတုလုပ်ပြီး အပေါ်မှာ ဒိုင်း၊လွှားတို့ကို ကိုင်ထားသော
လူရုပ်တို့ကို တင်ထားသည်။
စောလူးမင်းသည် မဆင်မခြင်ဘဲ ဒေါသဖြင့် ထိုဆင်ရုပ်ကို ငရမာန်ကန်းဟုထင်ပြီး
ဆင်တော်သန်မြန်စွာကို ချွန်းဖွင့်၍ ၀င်တိုက်သည်။
ဆင်တော်သန်မြန်စွာ ရွံ့နွံထဲတွင် နစ်ရတော့သည်။
စောလူးမင်းမှာ ငရမာန်ကန်း၏တပ်တွင် အဖမ်းခံရတော့သည်။
စောလူးမင်း၏တပ် ပျက်လေပြီ။
ကျန်စစ်သားသည် ပုဂံသို့ပြန်သည်။
ပုဂံမှ နန်းတော်သူနန်းတော်သားတို့က ရွှေစည်းခုံဘုရားမှကြိုပြီး
ကျန်စစ်သားကို ထီးနန်းအပ်ကြသည်။
မဏိစန္ဒာကလည်း ကျန်စစ်သားကို ပုဂံထီးနန်းမှာ စိုးစံဖို့ အသနားခံနေသည်။
ကျန်စစ်သားသည် မင်းမြောက်တန်ဆာငါးပါးကို ရွှေစည်းခုံဘုရားမှာ လှူလိုက်သည်။
"ငါ့သခင် အသက်ရှင်လျက် ရှိနေသောသလော၊ ငါ စုံစမ်းဦးမည်။
ငါ့သခင် အသက်ရှင်လျက် ရှိနေသေးလျှင် ငါကယ်ပြီး ပုဂံထီးနန်းကိုတင်မည်။
သခင်မရှီမှသာ ငါ ထီးနန်းကိုစံမည်" ဟု ပြောပြီး
ပုဂံနေပြည်တော်မှ ထွက်ခွာလာခဲ့သည်။
ကျန်စစ်သားသည် ငရမာန်ကန်းလက်တွင်း၌ ဖမ်းမိထားသော စောလူးမင်းကို
အချုပ်ခန်းဖောက်ပြီး ၀င်ရောက်ခိုးယူလေသည်။
စောလူးမင်းက "ကျန်စစ်သား ငါ့ကိုခိုးသည်" ဟု အော်လေသည်။
ကျန်စစ်သားသည် စောလူးမင်းကို ပစ်ချခဲ့ပြီး ကိုယ်လွတ်ထွက်ပြေးရလေသည်။
ငရမာန်ကန်းလည်း စောလူးမင်းကို သတ်လိုက်သည်။
"ကျန်စစ်သား ငါ့ကိုခိုးသည်" ဟု ဟစ်အော်မိသဖြင့် စောလူးမင်း သေခဲ့ရတော့သည်။
(ဒေါက်တာသက်လွင်၊ သမိုင်းကပြောသောပုဂံ ပုဂံကပြောသောသမိုင်းစာအုပ်မှ)

0 ကွန်မန့်ရေးရန်:

Post a Comment