အိပ်နေသည့် အမျိုးသမီးအား မျက်နှာကို ပ၀ါစည်းပြီး ဓားဖြင့်ထောက်၍ ငွေ၊
ရွှေထည်ပစ္စည်းနှင့် ဖုန်းငွေဖြည့်ကတ်များ ယူဆောင်သွားသူကို အဆိုပါ
ဖုန်းငွေဖြည့်ကဒ်မှတစ်ဆင့် ခြေရာခံကာ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းကဲ့သို့ ဓားထောက်၍ ပစ္စည်းများ ယူဆောင်မှုကျူးလွန်သူမှာ ယခင်က
ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ခံစားရပြီး
လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ်ဇူလိုင်လ ၁၈ ရက်
နေ့က မ......(၄၂ နှစ်)ခရေပင်လမ်း၊ ဒညင်းကုန်းရပ်ကွက် အင်းစိန်မြို့
နယ်နေသူသည် နေအိမ် ဒုတိယထပ်ရှိ အိပ်ခန်း၌ တံခါးစေ့ပြီး အိပ်နေစဉ် နံနက် ၃
နာရီအချိန်ခန့်တွင် အမည်မသိ အသက် (၃၀)နှစ်ခန့်၊ အရပ် ၅ ပေ ၄ လက်မခန့်၊
မျက်နှာကို ပန်းရောင် ပ၀ါစည်းထားသူမှ လက်ထဲတွင် အရိုးအသွား ၁၂ လက်မခန့်ရှိ
ဓါးဦးချွန်အား ကိုင်ပြီး မ....... အား ထဟုပြော၍ အိပ်ရာမှနိုးစဉ်
ဓားဖြင့်ထောက်ပြီး မ........ ၀တ်ဆင်ထားသည့် တစ်မတ်သားခန့်ရှိ ဗွီပုံ
နားကွင်းတစ်ရံ၊ တစ်ကွင်းလျှင် ငါးမူးသားခန့်ရှိ၊ ဆောက်ဖြတ်ပုံ
လက်ကောက်နှစ်ကွင်း၊ ကုတင်ခြေရင်းရှိ ဗီရိုအံဆွဲအတွင်းမှ ငွေစက္ကူရောရာ ကျပ်
၁၂ သိန်းခန့်နှင့် ငွေကျပ် တစ်သောင်းတန် GSM ငွေဖြည့်ကတ် ၂၀ ကတ်၊
စုစုပေါင်းတန်ဖိုး ကျပ် ၂၁၁၀၀၀၀ တို့ကို ယူသွားသဖြင့် တရားခံ
(စုံစမ်းဆဲ)အပေါ် အရေးယူပေးပါရန် မ........က တရားလိုပြု တိုင်တန်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တရားလိုပြု တိုင်တန်းမှုအား အင်းစိန်ရဲစခန်း(ပ) ၉၉၈/၁၂၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကျူးလွန်သူကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းက
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
ကျူးလွန်သူမှာ မင်းမင်း (ခ) ဇော်မင်းသိန်း(ခ) ဂျလေဘီ (၃၇
နှစ်) ရွှေလင်းပန်းကျေးရွာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး
ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်းက သူငယ်ချင်းဖြစ်သူများနှင့် စားသောက်ဆိုင်
တစ်ခုမှ ပြန်လာခဲ့ကြောင်း၊ လမ်းတွင် ၀င်ရောက်ကျူးလွန်ခဲ့သည့် အိမ်မှာ
စတိုးဆိုင်နှင့် တွဲဖက်ထားသဖြင့် ပစ္စည်းများများစားစား ရမည်ဟု ထင်ကာ
သံပန်းတံခါးကို ကျော်တက်၍ ၀င်ရောက်ပြီး ဓားထောက်ကာ
ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ကျူးလွန်သူအား စစ်ဆေးမေးမြန်းရာ၌
ကျူးလွန်သူမှ ပြန်လည်ဖြေကြားချက်အရ သိရသည်။
အင်းစိန်ရဲစခန်းမှ
စခန်းမှူး ရဲအုပ်မိုးအောင်က “ဒီကျူးလွန်တဲ့သူက ယူသွားတဲ့ပစ္စည်းတွေမှာ
ကြိုတင်ငွေဖြည့်တဲ့ ဖုန်းကဒ်တွေ ပါသွားတဲ့ အတွက် ဆက်သွယ်ရေးကနေတစ်ဆင့်
ကုတ်နံပါတ်တွေကို ပိတ်လိုက်တယ်။
ကျူးလွန်တဲ့သူက ဖုန်းကတ်တွေကို
မြောက်ဥက္ကလာပမြို့နယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ သွားရောင်းတယ်။ အဲဒီဆိုင်မှာ
ဖုန်းကဒ်လာဝယ်တဲ့ သူက ကုတ်နံပါတ်ရိုက်ထည့်တဲ့ အခါမှာ မရတော့ဘူး။
အဲဒီက တစ်ဆင့်ဆိုင်ကို မေးလိုက်တဲ့အခါ ဖုန်းကတ်လာရောင်းတဲ့သူက ရွှေပြည်သာက
လာရောင်းသွားတယ်လို့ သိရတယ်။ အဲဒီကတစ်ဆင့် ခြေရာခံရခဲ့ပါတယ်။ ဇူလိုင်လ ၂၄
ရက်နေ့ ညမှာတော့ ကျောက်တန်းမြို့နယ် ဘ၀သစ်မှာ အဲဒီလူကို မိခဲ့ကြောင်း”
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။
Posted in: အကြမ်းဖက်သမားများ
0 ကွန်မန့်ရေးရန်:
Post a Comment