တရုတ်လယ်သမားများကို မြေငှား၍ ဖရဲစိုက်ခွင့်ပြုပြီးနောက် မြေဆီလွှာထိခိုက်မှုကြောင့် စိုက်ပျိုးရန် ခက်ခဲလာမှုကို ယခုအထိ သူတို့ မဖြေရှင်းနိုင်သေးပါ။
“တရုတ်တွေကိုငှားပြီး နောက်နှစ်တစ်ရွာလုံး အထွက်လျော့တာပဲ”ဟု ဖရဲစိုက်ပျိုးရန် မြေငှားရမ်းခဲ့သော မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု ဒဟတ္တန်းကျေးရွာရှိ မြေပိုင်ရှင် မမိုးနိုင်က သူ
မတို့ ကြုံတွေ့ခဲ့ပုံကို ပြန်လည်ပြောပြသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က မမိုးနိုင်သည် တရုတ်ဖရဲစိုက် တောင်သူများကို မြေငှားရမ်းခဲ့သော ပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည်။ သူမလိုပင် မိတ္ထီလာမြို့နယ်အတွင်း တရုတ်ဖရဲစိုက်သူများ တစ်နှစ်စိုက်ပျိုးပြီးနောက် မြေဆီလွှာအရည်အသွေးများ ကျဆင်းလာသည်ဟု ဒေသခံများက ပြောသည်။
မိတ္ထီလာမြို့နယ်တွင်းတွင် ဖရဲစိုက်ပျိုးရန် ငှားရမ်းထားသော မြေဧကသည် ဧက ၅၀၀ မှ ၁၀၀၀ အတွင်း ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းသည်။ စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ အလွန်အကျွံအသုံးပြုခြင်း ရေငန်များ ရေသွင်းစိုက်ပျိုးခြင်းနှင့် မြေအောက်ရေအငန်ဓာတ်များ၊ ရာသီဥတုပူပြင်းမှုကြောင့် ဆားငန်များ တက်လာခြင်းတို့ကြောင့် စိုက်ခင်းများ ဆားပေါက်ခြင်းနှင့် ဆပ်ပြာမြေများ ဖြစ်ကုန်သည့် နေရာများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် မြေဟက်တာ တစ်သန်းကျော်ရှိကြောင်း မြေအသုံးချဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖရဲစိုက်ဘောင်နေရာတွင် မြေဆီလွှာ သိပ်သည်းကျစ်လျစ်ပြီး ထွန်ယက်သောအခါ တစ်နှစ်သီးနှံကောင်းပြီး နောက်နှစ်များတွင် တရုတ်ဖရဲစိုက် တောင်သူများကဲ့သို့ ဓာတ်မြေသြဇာ အသုံးမပြုနိုင်ပါက သီးနှံအထွက် တဖြည်းဖြည်း လျော့လာကြောင်း ဒဟတ္တန်းကျေးရွာမှ မြေခြောက်ဧက ငှားရမ်းခဲ့ဖူးသူ ဦးမြင့်မောင်ကပြောသည်။
“နည်းပညာနဲ့အရင်းအနှီး မတတ်နိုင်လို့သာ ငှားလိုက်ရတာ။ မလုပ်နိုင်လို့ ငှားလိုက်ရတာ၊ မငှားချင်ဘူး။ ကြာရင် မြေနာတာကတော့ နာမှာပဲ”ဟု မြေငှားခဲ့သော ဦးမြင့်မောင်ကပြောသည်။
စိုက်ပျိုးပြီးကျန်ခဲ့သော ဆွေးမြည့်ရန်ခက်ခဲသည့် အမည်းရောင် ပလပ်စတစ်အိတ်ခွံများက ထွန်များနှင့် ငြိခြင်းကြောင့် ထွန်ယက်ရာတွင် အခက်အခဲဖြစ်စေပြီး ပလတ်စတစ်ကောက်ချိန်ပေးရ၍ အချိန်ကြာသလို အလုပ်သမားခများလည်း ခါတိုင်းနှစ်များထက် ပိုမိုကုန်ကျခဲ့သည်။
ထို့ပြင် သီးနှံစိုက်စဉ်တွင် ပေါင်းများလည်း ထူပြောလာကာ သီးနှံအထွက် လျော့လာကြောင်း တောင်သူများက ပြောသည်။
သီးနှံအထွက် လျော့သည့်အတွက် တရုတ်များကို ငှားရမ်းလိုက်ခြင်းက သူမအဖို့ အရှုံးပေါ်ခဲ့သည်။ ဖရဲတစ်ရာသီ ၅ လလောက်စာအတွက် တစ်ဧကကို တစ်သိန်းနှုန်းဖြင့် ငှားခဲ့ခြင်းက သူမအဖို့ နောက်နှစ် စိုက်ပျိုးရာသီကို ပြန်လည်စိုက်ပျိုးရန် ထွန်ကျင်းခသာ ရရှိခဲ့သည်ဟု သူမကဆိုသည်။ ဖရဲစိုက်ပျိုးပြီးနောက်တွင် တစ်ဧကကို နှမ်းရှစ်တင်းလောက် ပုံမှန်ထွက်နေသော သူမစိုက်ခင်း၌ နှစ်တင်းလောက်သာ ထွက်တော့သည်ဟု မမိုးနိုင်ကပြောသည်။
ဒဟတ္တတန်းရွာသားများက အထွက်လျော့၍ ထပ်မံမငှားကြသော်လည်း အချို့ဒေသများတွင်မူ ဖရဲစိုက်ပြီး နောက်ရာသီတွင် သီးနှံများစိုက်ပျိုးပါက ယခင်ထက် အထွက်နှုန်းတိုးသည်များလည်းရှိကြောင်း ဒေသခံများကပြောသည်။
တရုတ်ဖရဲစိုက်သူ၏ ယာတဲအနီးတွင် ပိုးသတ်ဆေးများဖြင့် ရောသမမွှေကာ ပလတ်စတစ်အိတ်များ ဖုံးအုပ်ထားသည့် သွင်းအားစုများ စုပုံထားသည်။ စိုက်ပျိုးချိန် လေးလခန့်ကြာမည့်အတွက် လိုအပ်သော ဓာတ်မြေသြဇာ သွင်းအားစုအိတ်များဖြင့် တရုတ်စာလုံးပါ ဓာတ်မြေသြဇာအိတ်များကို သူနေထိုင်သည့် တဲအိမ်တွင် စီရီကာ စုပုံထပ်ထားသည်။ ထွက်ရှိလာသော ဓာတုအနံ့များက တောင်သူဦးမြင့်မောင်၏ တဲအိမ်တစ်ခုလုံး ပြန့်လွင့်နေသည်။
တရုတ်လူမျိုး ဖရဲစိုက်သူတစ်ဦးက သူတို့စိုက်ပျိုးပုံစံမှာ မြေဆီလွှာကို အန္တရာယ်မပေးနိုင်ဟု ခေါင်းခါလက်ခါပြီး ခြေဟန်လက်ဟန်ဖြင့် ပြောသည်။
မည်သို့ပင်ပြောသော်လည်း တရုတ်ဖရဲစိုက်တောင်သူများ ဓာတ်မြေသြဇာ ပိုးသတ်ဆေး အသုံးပြုပုံ အသုံးပြုနည်းများမှာ ဒေသသုံးစွဲပုံနှင့် မတူညီဘဲ များပြားပြီး ဓာတ်ကြွင်းများ နောက်တစ်နှစ်အထိ ကျန်ရှိနေသည်ကို သာဓကများက သက်သေပြလျက်ရှိသည်။ ၎င်းနေထိုင်သော တရုတ်နိုင်ငံ ဟိုင်နမ်ကျွန်းတွင် သုံးနှစ်ထိ မြေလပ်ပြီးမှသာ စိုက်ပျိုးနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။ မြေလပ်ရာတွင် ရေသွင်း၍ မြေဆီလွှာကို နှပ်ထားလေ့ရှိကြောင်းလည်း ယင်းက ရှင်းပြခဲ့သည်။
တရုတ်ဖရဲစိုက်ခင်းများတွင် မစိုက်ပျိုးခင် ဓာတ်မြေသြဇာ အဆင့်ဆင့်သုံးစွဲပုံကို ရှင်းပြသူများက ဓာတ်မြေသြဇာနှင့် ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေးကို မိမိတို့ ဒေသများထက် များပြားစွာ သုံးစွဲကြောင်း မှတ်ချက်ပေးသည်။
“တရုတ်စာနဲ့ ဓာတ်မြေသြဇာတွေပဲ။ မသိဘူး။ ကီမီရာသုံးတယ်။ ထုံးသုံးတယ်။ ပိုတက်သုံးတယ်။ နွားနီမှုန့်သုံးတယ်။ ပထမတော့ အာမိုကိုသုံးတယ်။ စိုက်တော့မယ်မြေပေါ်မှာ အိတ်မအုပ်ခင် အာမို နောက်ချေးနဲ့ ထုံးသုံးတယ်။ ပိုတက်သုံးတယ်။ နွားနီသုံးတယ်။ ရောပြီးထည့်လိုက်တယ်။ နွားတွေကို လာကိုမစားခိုင်းဘူး။ ဘယ်လောက်ပြင်းလည်း မပြင်းလည်းတော့ မသိဘူး။ ဖရဲဘောင်ပြီးသွားရင် မြေကြီးဘောင်က ကျပ်ခဲကြီးဖြစ်တာပေါ့”ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။
ပိုးသတ်ဆေးနယ်ထားသော အစာများကို စားသောက်သော ခွေးများ သေဆုံးခဲ့သည်ဟု ကျေးရွာဒေသခံများနှင့် အလုပ်သမားများက ပြောကြားသည်။
“ဆေးကပြင်းတယ်။ အကောင်မှန်သမျှ အကုန်သေပဲ။ ဒီနားတစ်ဝိုက် ခွေးတွေသေတာ အကောင်သုံးဆယ်လောက်ရှိပြီ”ဟု မြင်းခြံမြို့မှ နယ်လှည့်ဖရဲစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်သူ သုံးနှစ်အတွေ့အကြုံရှိ အလုပ်သမားတစ်ဦးက ပြောသည်။
ပိုးသတ်ဆေး အလွန်အကျွံ အသုံးပြုခြင်း ကာလရှည်လာပါက မြေဆီလွှာအကျိုးပြုသည့် ပိုးကောင်များ သေဆုံးပြီး မြေဆီလွှာပြုန်းတီးနိုင်သည့် အခြေအနေ ရှိသည်ဟု စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် မြေစာရင်းဌာနတို့က တရုတ်ဖရဲစိုက်သူများ၏ ဖရဲစိုက်ခင်း မည်မျှရှိသည်ဟု မပြောကြားသော်လည်း တရုတ်ဖရဲစိုက်သူတစ်ဦးလျှင် တစ်ရာသီ ဧက ၃၀ နှင့် ၅၀ ကြားရှိပြီး မိတ္ထီလာမြို့တွင် ဧကထောင်ချီရှိမည်ဟု အငှားလုပ်ကိုင်သူတစ်ဦးက ပြောသည်။
တရုတ်မြေ ငှားရမ်းသူများက မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသခံများ၏ ကျေးရွာယာမြေများကို နွေရာသီတွင် ငှားရမ်းလေ့ရှိသည်။ ကျောက်ဆည်မြို့ အခြေစိုက်ကုမ္ပဏီများမှတစ်ဆင့် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများနှင့် သစ်သီးဝလံအသင်းတို့၏ ခွင့်ပြုချက်ရယူပြီး မြေငှားရမ်းလုပ်ကိုင်ကြသည်။
တစ်ချိန်က မိုးမျှော်ပြီး နှမ်းစိုက်၊ ခရမ်းချဉ်သီးစိုက်ပျိုးကာ အသက်မွေးကြသော တောင်သူယာကွက်များတွင် ဧကငါးဆယ်နှင့် ခြောက်ဆယ်ရှိသော ပလတ်စတစ်အမည်းအုပ်ထားသည့် ဖရဲစိုက်ပျိုးဘောင်များကို တစ်မျှော်တစ်ခေါ်ကြီး တွေ့ရသည်။
အထက်ပါ တရုတ်ဖရဲစိုက် တောင်သူများ ဖရဲစိုက်ပျိုးပြီး နောက်တစ်နှစ်တွင် တောင်သူများ ဓာတ်မြေသြဇာ မသုံးဘဲ သီးနှံအောင်မြင်သော်လည်း နောင်နှစ်ဆက်တိုက် စိုက်ပျိုးပါက မူရင်းစိုက်ပျိုးသည့်နှမ်းများ မဖြစ်ထွန်းကြောင်း ဒေသခံစိုက်ပျိုးတောင်သူများက ပြောသည်။
တရုတ်ဖရဲစိုက်သူများကို ပြည်တွင်းရှိ တရားဝင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေး ဓာတ်မြေသြဇာများကို အသုံးပြုရန် ခွင့်ပြုစဉ် ပြောကြားခဲ့သော်လည်း အမှန်တကယ် သုံး၊ မသုံးကို စစ်ဆေးခြင်းမရှိဟု မိတ္ထီလာမြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။
ယာတစ်ကွက်တိုင်းတွင် အ၀ီစိတွင်းများ တူးဖော်ထားပြီး ယင်းရေများကို သဲအိတ်များ စီထပ်ထားသည့် တာလပတ်ကန်တွင် အမျိုးအမည်သိခွင့်မပေးသော ဆေးကိုခတ်ပြီး အရွက်ပေါ်ဖျန်းသည်ဟု နယ်လှည့်စိုက်ပျိုးရေးလုပ်ကိုင်သူ ၂ နှစ် အတွေ့အကြုံရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။
“ဓာတ်မြေသြဇာကို အဲဒီလောက် မြင့်တဲ့ဟာတွေ သုံးတာများရင် မြေဆီလွှာဓာတ်ကို ကြာရင်ဆုံးရှုံးမယ်။ သုံးစွဲတဲ့ပစ္စည်းတွေ မြင့်လေ၊ အပင်အားကောင်းလေဆိုတော့ အပင်ရဲ့ စုပ်ယူနိုင်စွမ်းတွေ မြင့်တယ်။ ဒီတော့ မြေဆီလွှာထဲက ဓာတ်တွေပါ ကြာရင်ပျက်စီးမှာပဲ”ဟု ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် ဦးမျိုးဇော်ကပြောသည်။
မြေဆီလွှာပေါ်တွင် ဓာတ်မြေသြဇာ သုံးစွဲမှုများခြင်း၊ ပိုးသတ်ဆေး သုံးစွဲမှုများခြင်းများ ဖြစ်လာပါက မြေဆီလွှာဆုံးရှုံးနိုင်သည့်အတွက် စိုက်ပျိုးမှုများ
မပြုလုပ်မီကပင် မြေငှားထားသော တောင်သူများကို ပြောပြသင့်ကြောင်း ရုက္ခဗေဒပါမောက္ခတစ်ဦးက ပြောသည်။
“သွင်းအားစုများတော့ မြေဆီလွှာအက်ဆစ်ဓာတ်ပေါက်တာတို့၊ Removel တို့၊ Up Grade တို့ ဖြစ်နိုင်တယ်။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ရင်လည်း အထွက်လျော့တာတွေ ဖြစ်နိုင်တယ်။ သီးနှံပြောင်းစိုက်ဖို့လိုတဲ့ သဘောပေါ့။ ဒါတွေက ဆေးဝါးတွေ၊ ရာသီဥတုဒဏ်၊ မြေဆီလွှာ ပြောင်းလဲမှုတွေလည်းရှိတော့ သေချာစစ်ဆေးပြီးမှ စိုက်သင့်တယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြေဆီလွှာပညာရှင်တစ်ဦးကလည်း ပြောသည်။
ယင်းမြေပေါ်တွင် နှစ်နှစ်လောက် မည်သည့်သီးနှံမျှ မစိုက်ပျိုးဘဲထားပါက ယခင်နှုန်းများအတိုင်း အထွက်နှုန်း ပြန်လည်ကောင်းလာနိုင်ကြောင်း အလုပ်သမားခေါင်းဆောင်က ပြောသည်။
ယင်းစိုက်ခင်းများကို ငှားရမ်းရာတွင် မြန်မာကုမ္ပဏီအမည် ခွာညိုကုမ္ပဏီအမည်ဖြင့် ငှားရမ်းသည်။
ဒေသခံများက တရုတ်စိုက်ခင်းများဟု ခေါ်နေသောကြောင့် ကုမ္ပဏီကို မေးမြန်းရာတွင် “ကျွန်တော်တို့ ကုမ္ပဏီက တရုတ်လူမျိုးတွေပိုင်တာ မဟုတ်ဘူး။ သူတို့နဲ့ ရှယ်ယာလုပ်တာလည်း မဟုတ်ဘူး။ တရုတ်က ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ မျိုးကိုပဲယူပြီး စိုက်တာ”ဟု ခွာညိုကုမ္ပဏီမှ ဦးကျော်မောင်ကပြောသည်။
သို့သော် မြေကို တစ်နှစ်ခြား နှစ်နှစ်ခြားစနစ်ဖြင့် လာရောက် ငှားရမ်းနေသောကြောင့် နောက်နှစ်များတွင် မြေပျက်စီးမှုများ ဖြစ်လာနိုင်သည်ကို ဒေသခံမြေပိုင်ရှင် အများစုက မသိကြပေ။
မြေဆီလွှာပျက်စီးပြီး သီးနှံအထွက် လျော့ကျခဲ့သော မမိုးနိုင်က ယခုအချိန်တွင် နောင်တရလျက်ရှိပြီး တရုတ်စကားပြောသော ဖရဲစိုက်ပျိုးသူများ မြေငှားရမ်းလာပါက ဘယ်တော့မှ ငှားရမ်းတော့မည်မဟုတ်ဟု ဆိုသည်။
ရေးသားသူ- သိမ့်သိမ့်စိုး၊ အိဖြူမွန်
7Day News Journal
0 ကွန်မန့်ရေးရန်:
Post a Comment