Thursday, September 20, 2012

ကာမဘုံသား ကာမရောဂါ


“ ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန၀ါ - တဲ့။ ခု ဦးဘမောင်တို့ မိသားစုနဲ့ ဦးဇင်းတို့ ရွာသူ/သားတွေနဲ့ ခုလို တွေ့ဆုံရင်းနှီးရတာဟာ အရင်ဘ၀တွေက အတူနေခဲ့ဘူးတဲ့ ရှေးရေစက်ရယ်, ဒီဘ၀မှာ မောင်ဋ္ဌေးတို့နဲ့ အကျိုးစီးပွား အတူလုပ်ကိုင်နေတဲ့ အချက်ကြောင့်ရယ်ပဲ။ အဲဒီအချက်နှစ်ချက်ကြောင့် တစ်နယ်စီဝေးနေကြပေမဲ့ တွေ့ဆုံခွင့် ခင်မင်ရင်းနှီးခွင့်ရတာတယ်နော် ” ။ ၀ါးသုံးပင်ရွာရဲ့ ရွာဦးကျောင်းမှ လက်ထောက်ဦးဇင်းလေး ဦးပ၀ရ တရားဟောနေခြင်း ဖြစ်သည်။ မောင်ဋ္ဌေးသည် ဖားကန့်သွားပြီး ကျောက်လုပ်ငန်းလုပ်သည်။ သူရဲ့ သူဋ္ဌေးက မန္တလေးက သူဋ္ဌေးကြီးဦးဘမောင်။ မောင်ဋ္ဌေးသည် ဦးဘမောင်ရဲ့ အားကိုးရသော တပည့်တစ်ဦး။ မောင်ဋ္ဌေးက စီးပွားရေးလုပ်ငန်းမှာသာမဟုတ် ဘာသာရေးလုပ်ငန်း လှူရေး ပေးရေးမှာလည်း တော်သည်။ အကျိုးရှိသည့်နေရာ မရှိသည့်နေရာ အကျိုးများသည့်နေရာ မများသည့်နေရာ ချင့်ချိန်လှူတတ်သည်။ မောင်ဋ္ဌေးသည် သူ့မွေးရပ်မြေ ၀ါးသုံးပင်ရွာတွင် အလယ်တန်းကျောင်းအတွက် နှစ်ထပ်ဆောင် တစ်ဆောင် ဆောင်လုပ်လှူဒါန်းသည်။ ကျောင်းရေစက်ချပွဲမှာ သူ့သူဋ္ဌေး ဦးဘမောင်ကို ဖိတ်သည်။ ဦးဘမောင်နဲ့အတူ ယမင်းလည်း ၀ါးသုံးပင်ရွာသို့ လိုက်လာခဲ့ကြသည်။ ယမင်းသည် ဦးဘမောင်၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ ဦးဘမောင်က ယမင်းကို မောင်ဋ္ဌေးနဲ့ နေရာချထားပေးချင်သည်။ သို့သော် အသက်ကွာလွန်း နေတာကတစ်ကြောင်း ရုပ်ရည်အဆင်မပြေတာက တစ်ကြောင်းကြောင့် ယမင်းက ခေါင်း မငြိမ့်သေး။ ရွာရောက်တုန်း ရောက်ခိုက် အမှတ်တရရှိအောင် တစ်ခုခု လှူဒါန်းချင်စိတ်က ဦးဘမောင်ရဲ့ ရင်ထဲမှာ ဖြစ်လာသည်။ ဒါကြောင့် ရွာဦးကျောင်းထဲက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ဓမ္မာရုံကြီးကြီး တစ်လုံး ဆောက်လုပ်ရန် သိန်း(၁၀၀) လှူဒါန်းသည်။ မောင်ဋ္ဌေးသာမဟုတ် သူ့သူဋ္ဌေး ဦးဘမောင်ကလည်း လှူဒါန်းရေးကိစ္စမှာ ၀ါသနာပါသည်။ အဲဒီလှူဒါန်းပွဲအတွက် လက်ထောက်ဦးဇင်းလေး ဦးပ၀ရက ရေစက်ချတရား ဟောနေခြင်းဖြစ်သည်။

ဦးဇင်းလေး ဦးပ၀ရမှာ မိဘများ မရှိတော့။ သူငယ်ငယ်ကပဲ မိဘနှစ်ပါးလုံး မီးထဲပါသွားကြသည်။ မီးလို မွှေမဲ့ ကလေးပဲ ဆိုပြီး ဘယ်သူကမှ မမွှေးစားချင်ကြ။ ဒါကြောင့် ရွာဦးကျောင်းဆရာတော်က ခေါ်ယူမွှေးစားခဲ့သည်။ မိဘအမွှေအနှစ် လယ်ယာများကို အငှါးပေးထားသည်။ သူ့အတွက်အားလုံးကို ရွာဦးကျောင်းဆရာတော်က စီမံပေးသည်။ ရွာဦးကျောင်းဆရာတော်က ဦးပ၀ရ ၁၄- နှစ်သားအရွယ်မှာ ကိုရင်ဝတ်ပေးခဲ့သည်။ ဘွဲ့အမည်ကို ကိုရင်ပ၀ရလို့ ပေးခဲ့သည်။ သင်သင့်သည့် ပါဠိစာပေများကို သင်ပေးသည်။ အတော်အသင့် ပိုင်ဆိုင်နေပြီးဖြစ်တဲ့ ကိုရင်ပ၀ရကို မြို့တက် စာသင်စေသည်။ ကိုရင်ပ၀ရကလည်း ကြိုးစားသည်။ အကြီးတန်းအထိ အောင်မြင်ခဲ့သည်။ အသက်ပြည့်တော့ ၀ါးသုံးပင်တစ်ရွာလုံးက စုပေါင်းရဟန်းခံပေးကြသည်။ ဖြူဖြူနုနု အရပ်မြင့်မြင့် ဥပဓိရုပ် သန့်သန့်နဲ့။ တစ်ရွာလုံးက သူ့တို့ဦးဇင်းအတွက် ဂုဏ်ယူကြသည်။ ရုပ်ရည်သွင်ပြင်ဘက်ကပဲ ကြည့်ကြည့်, ပညာရေးဘက်ကပဲ ကြည့်ကြည့် အခြားရွာမှ ဦးဇင်းတွေထက် သာသည်။ ဓမ္မာစရိယတန်းရောက်တော့ ဦးပ၀ရ လက်လျှော့ချင်လာသည်။ အောင်မြင်မှု့မရတော့တဲ့အခါ ယုံကြည်မှု့လည်း ပျောက်ဆုံးလာသည်။ ရွာက ဆရာတော်ကလည်း တရားဟောကောင်းအောင်လုပ်လို့  မှာလိုက်သည်။ ဒါနဲ့ တရားဟောလိုင်းဘက် ကူးသွားသည်။ တစ်ဘက်ကလည်း အင်္ဂလိပ်နဲ့ သင်္ချာကိုသင်ယူသည်။ ဒီလိုနဲ့ ရဟန်း (၆) ၀ါ မြောက်တွင် ၀ါးသုံးရွာသို့ ပြန်ပြီး ၀ါဆိုသည်။ ရွာက ကျောင်းသူ ကျောင်းသားများကို အင်္ဂလိပ် သင်္ချာ ဗုဒ္ဓဘာသာယဉ်ကျေးမှု့ဘာသာရပ်များကို သင်ပေးသည်။ အနီးနားရွာရှိ သာရေး နားရေးများတွင် တရားဟောရသည်။ တရားဟော ကောင်းသဖြင့် နာမည်ရသည်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်သည်။ လူချစ်လူခင် ပေါများသည်။ ဒီလိုနဲ့ သူဝါဆိုတဲ့နှစ် သီတင်းကျွတ် လပြည့်ညတွင် ၀ါးသုံးပင်ရွာက ဦးစီးပြီး အနီးနားရွာများသို့ ဖိတ်ကာ တရားပွဲ တစ်ပွဲစီစဉ်ပေးသည်။ တရားဟော ကောင်းသည်ဟု နာမည်ရသည့်အတွက် တရားနာ လာလိုက်ကြသည့် ပရိသတ်ကလည်း အများကြီးပါပဲ။ ဘေးရွာသူ ဘေးရွာသား တော်တော်များများက ဘွဲ့သာကြားဖူးပြီး ရုပ်ကို မမြင်ဘူးကြ။ တရားပွဲစလို့ တရားဟောပလ္လင်ပေါ် တက်လိုက်သည် ဆိုရင်ပဲ ရုတ်ရုတ်သဲသဲနဲ့ ဖြစ်ကုန်ကြသည့် ပရိသတ်။ ဟယ် တကယ်တော့၊ ရုပ်လေးက ကြည်နေတာပဲ။ တော်တော် သပ္ပါယ်တာကိုး -- စသည်ဖြင့် သူတစ်မျိုး ကိုယ်တစ်ဖုံ ပြောဆိုသံတွေကလည်း စုံလို့။ ကျကျနန ထိုင်ပြီး ပရိသတ်ကို တစ်ချက်ကြည့်လိုက်သည်။ ဟူးးးးးးးးးးးးး - အများကြီး ပါလား။ ဒီလိုနဲ့ တရားပွဲ စပြီပေါ့။ ဦးပ၀ရမျက်စိထဲမှာ သူ့ကို ကြည့်နေကြသည်လို့ပဲ ထင်မှတ်နေသည်။ ပရိသတ်ကို ကြည့်လိုက်တိုင်းလည်း သူ့ကို ကြည့်နေသည့် မျက်လုံး များစွာနဲ့ ရင်ဆိုင်ရသည်။ ပရိသတ်အရှိန်ကြောင့် ထင်ပါရဲ့။ ဦးပ၀ရလေးရဲ့ မျက်နှာနုနုမှာ ချွေးပေါက်လေးတွေပဲ တွဲခိုဥလာသည်။ ဒီတော့ ဦးပ၀ရက ဘာလုပ်တယ် မှတ်လဲ။ “ ပလ္လင်ပေါ်က လှမ်းလို့ ကြည့်ရင် ခေါင်းကို ငုံ့ထား ၊ ကြည့်မိလို့ ကြိုက်မိသွားရင် တာဝန် မယူ ” လို့ သီးချင်းသံနဲ့ ဆိုလိုက်တယ်လေ။ အယ် ဟယ် ဟိ - ဆိုတဲ့ အသံတွေနဲ့ အတူ သက်တူ ရွယ်တူ မိန်းကလေးတွေ ခေါင်းငုံ့ကုန်ကြတယ်။ ဦးပ၀ရဆိုတာ အဲလိုလည်း နောက်တတ် ပျော်တတ်တဲ့ ဦးဇင်းလေးပါ။

“ ဦးဇင်းရယ် အမြင်တစ်မျိုးလေး ဖြစ်နေလို့များလား၊  ဦးဇင်းပြောခဲ့တဲ့ ရှေးရေစက်ကြောင့်ပဲလား။ ဦးဇင်းကို စတွေ့ခွင့်ရတဲ့ နေ့ကစပြီး တပည့်တော်မျက်စိထဲမှာ ခဏခဏ မြင်နေမိ သတိရနေမိတဲ့ ရုပ်ပုံလွှာတစ်ခု ရှိနေပါတယ်။ အဲဒါ ဦးဇင်းမျက်နှာလေးပါ။ တပည့်တော် တစ်ခါမှလည်း မချစ်ဖူးဘူး။ ချစ်သူလည်း မရှိခဲ့ပါဘူး။ ဖေဖေ သဘောတူတဲ့ ကိုမောင်ဋ္ဌေးကိုလည်း မကြိုက်ဘူး။ ခုလို အာရုံတစ်ခုကို ဆွဲလန်းနေတယ်ဆိုတာမျိုးလည်း တစ်ခါမှ မဖြစ်ဖူးဘူး။ တပည့်တော် ရူးတော့မယ် ဦးဇင်းရယ်။ တပည့်တော် ဘယ်လို လုပ်ရမလဲ။ တပည့်တော်ဘ၀က လိုတရ မဟုတ်သည့်တိုင် ယောက်ျားလေးတော်တော်များများကို ခေါင်းခေါက် ရွေးယူလို့ ရနိုင်တဲ့ ဘ၀မျိုးပါ။ ဒါပေမဲ့ တပည့်တော် မြင်မြင်နေမိတာက ဖြူဖွေးသန့်စင်တဲ့ ညီညာလှပတဲ့ သွားလေးတွေပေါ်အောင်, ပါးလေးနှစ်ဘက်ကို လှပအောင် ပြုံးပြတတ်တဲ့ ဦးဇင်းရဲ့ မျက်နှာလေးကိုပါ။ တပည့်တော် ဘယ်လို လုပ်ရမလဲဘုရား။ ဘ၀က တံတိုင်းတွေခြားနေပေမဲ့ တပည့်တော်စိတ်က ဦးဇင်းမျက်နှာလေးကို မြင်မြင်နေတယ်ဘုရား။ တပည့်စိတ်ကိုလည်း ခြားထား တားထားလို့ရတဲ့ တံတိုင်းလေးရှိရင် ကောင်းမယ်ဘုရား ” ။ ဒီလို ခံစားချက်တွေနဲ့ ၀ါးသုံးပင်ရွာလေးမှာ တစ်ယောက်တည်း ကြိတ်မှိတ်နေခဲ့ရတဲ့ ယမင်း။ ဘယ်သူမှ မသိနိုင်။ သိလို့လည်း မသင့်တော်တဲ့ ခံစားချက်မျိုး။

“ အော် ယမင်း။ မင်း အကြည့်တွေကို ငါ သိနေသလိုပဲ။ ဘာကြောင့်များ အဲလို အကြည့်တွေနဲ့ ငါ့ကို ကြည့်ရတာလဲ။ ဘာကြောင့် ငါကလည်း အဲဒီအကြည့်ကို နှစ်သက်နေမိတာလဲ။ မျက်နှာပေါင်းများစွာ မျက်လုံးပေါင်းများစွာနဲ့ ငါ ပြောဆို ဆက်ဆံ ဖူးတာပဲ။ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူး မခံစားရဖူးပါဘူး။ နင့် မျက်လုံးတွေက ဘာကြောင့် ငါ့ကို ခုလို ခံစားရအောင် တွေးနေမိအောင် လုပ်နိုင်ခဲ့တာလဲ ”။ ဒီလိုအတွေးတွေနဲ့ ညပေါင်းများစွာကို ဖြတ်သန်းလာခဲ့ရသည့် ဦးပ၀ရ။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ။ ရွာဦးကျောင်းဆရာတော် ပျံလွန်တော်မူသွားခဲ့သည်။ ဦးပ၀ရ ကျောင်းထိုင်ဆရာတော် ဖြစ်လာခဲ့သည်။ ဆရာတော်ဦးပ၀ရအဖြစ်  နှစ်ပေါင်းများစွာ နေထိုင်ပြီး ပျံလွန်တော်မူသည်။ ဆရာတော်ပျံလွန်တော် မူတဲ့အခါ သူဋ္ဌေးသမီး ဒေါ်ယမင်းရောက်လာသည်။ ဒါဟာ ၀ါးသုံးပင်ရွာကို ဒုတိယမြောက်ရောက်လာခြင်းပါပဲ။ ဒေါ်ယမင်းက ဆရာတော်၏ အခန်းကို သန့်ရှင်းရေး လုပ်ချင်သဖြင့် ရွာလူကြီးနဲ့အတူ ကျောင်းဂေါပကများက ကူညီဆောင်ရွက်ပေးကြသည်။ ဆရာတော်သည် အမြဲတမ်းသန့်သန့်ရှင်းရှင်းနေတတ်သူ ပီပီ အခန်းကိုလည်း သန့်သန့်ရှင်းရှင်းထားသည်။ အခန်းထဲမှာပဲ ဘာပစ္စည်းမှ သိမ်းမထားတတ်။ သက်တော်ထင်ရှားရှိစဉ်က ရလာသမျှ ပစ္စည်းပစ္စယများကိုလည်း ကျောင်းဂေါပကထံသာ အပ်ထားသည်။ ဆရာတော် ယူထားသည် မရှိ။ စာရင်း ဇယားနဲ့ ကျကျနန အပ်သည်။ ဂေါပက လူကြီးများက ထိန်းသိမ်းစောင့်ရှောက်ထားရသည်။ ဒေါ်ယမင်းသည် ဆရာတော်၏ ကုဋင်ကို သန့်ရှင်းသည်။ ဖုန် သုတ်သည်။ ကုဋင်ပေါ်မှာ အခင်းပါးပါးလေး တစ်ထည်နဲ့ တောဝါးကပ်ဖျာလေး တစ်ချပ်သာ ခင်းထားသည်။ အခင်းပါးပါးလေးကို ဖုန်ခါသည် သုတ်သည်။ ပြီးတော့ ၀ါးကပ်ဖျာလေးကို ဖုန်ခါဘို့ မ- လိုက်သည်။ “ ဟင် ”  ။ ဒေါ်ယမင်းထံမှာ ကြားလိုက်ရသော အာမေဋိတ်သံလေးဖြစ်သည်။ ရွာလူကြီးများနဲ့ ဂေါပကလူကြီးများလည်း ဒေါ်ယမင်းကို ငေးကြည့်နေကြသည်။ တုန်လှုပ်နေသော လက်ချောင်းလေးများနဲ့ ဆပ်ပြာအမွှေးခဲဗူးလေးကို ကောက်ယူလိုက်သည်။ ဆပ်ပြာခဲတော့ မရှိတော့။ ကုဋင်နဲ့ ဖျာတို့ကြားက ဆပ်ပြာဗူးခွံလေးမှာ ပြားချပ်နေသည်။ မျက်လုံးအ၀ိုင်းသားနဲ့ စိုက်ကြည့်နေတဲ့ ဒေါ်ယမင်း။ လှုပ်ရှားနေတဲ့ မျက်လုံးအစုံနဲ့။ သူ ပေးပို့လိုက်တဲ့ ဆပ်ပြာဗူးလေးဆိုတာ သေချာပါပြီ။ တုန်ငင်နေတဲ့ လက်ချောင်းလေးများနဲ့ အတူ ဆပ်ပြာဗူးခွံလေးထဲကို ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက်က ရေးခဲ့သည့် စာရွက်လေးကိုလည်း တွေ့လိုက်ရသည်။ ပြီးတော့ စာရွက်လေး နှစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ ပထမတစ်ရွက်မှာ --
“ ဦးဇင်း အပြစ်ရှိရင် ခွင့်လွှတ်ပါလို့ ကြိုတင် တောင်းပန်ပါရစေ၊ တပည့်တော် ဦးဇင်းမျက်နှာလေးကို မြင်မြင်နေမိလို့ပါဘုရား၊ ရှေးရေစက်ကြောင့်လို့ပဲ ပြောချင်ပါတယ်ဘုရား၊ တစ်ခါမှ မဖြစ်ဖူးတဲ့ အဖြစ်မျိုးပါဘုရား၊ တပည့်တော် မလိမ်ညာပါဘူးဘုရား၊ ဖြစ်နိုင်ရင် တစ်သက်လုံး မြင်ခွင့် ကြည့်ခွင့်ရချင်ပါသည်ဘုရား၊ ဦးဇင်းမျက်နှာလေးကို မပိုင်ဆိုင်ရရင် တပည့်တော် ဒီတစ်သက် အိမ်ထောင် မပြုတော့ဘူးဘုရား၊ ဒီဆပ်ပြာလေးက တန်ဘိုးမကြီးပေမဲ့ တပည့်တော်ရဲ့ အသက်တမျှ တန်ဘိုးရှိပါသည်ဘုရား --
ယမင်း ”
လို့ ရေးထားပါသည်။ စာလုံး သေးသေးလေးနဲ့ ရေးထားသည့်စာ။ တော်တော်လေးတောင် ဟောင်းနွမ်းကျေညက်နေပါပြီ။
ဒေါ်ယမင်းက နောက်စာရွက်လိပ်လေး တစ်ခုကို အလျှင်အမြန်ဖြေလိုက်သည်။ စာရွက်ပေါ်မှာ --
“ ကာမဘုံသား ကာမရောဂါ ”
ကာမဘုံ မွေး။
ကာမ သွေး နဲ့။
ကာမမှာ ပျော်။
စိတ်ရှိ သော်မှ။
မမြဲ ကာမ။
ဖောက်ပျက် ကြလို့။
ကာမကို ပယ်။
ဓမ္မနယ် မှာ။
တကယ် ပျော်ဘို့။
ကြိုးစား စို့။ ---
လို့ ရေးထားပါသည်။ ပြီးတော့ ဒီစာရွက်ရဲ့ နောက်ကြောဘက်မှာ--
“ မေတ္တာကို အသိမှတ်ပြုလို့ ဆပ်ပြာကို အသုံးပြုသွားသည် ” - ဆိုတဲ့ စာလေးကိုလည်း တွေ့လိုက်ရပါတယ်။ အသက်အရွယ်လည်း အိုမင်းလာပြီဖြစ်တဲ့ ဒေါ်ယမင်းလည်း  မြို့ကို မပြန်တော့ပါဘူး။ ဆရာတော်ဦးပ၀ရပိုင်တဲ့ ယာတောထဲမှာ တဲအိမ်လေးတစ်လုံးဆောက်ပြီး အသက်ဆုံးတိုင် တရားအားထုတ်သွားခဲ့ပါတယ်။ ကဲ သယ်ချင်းတို့ရေ ဇာတ်လမ်းလေးက ဒါပါပဲနော်။ ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် ပုထုဇဉ်ဖြစ်လို့ ကိလေသာရှိသေးရင် ချစ်တတ်တဲ့စိတ်လေး ရှိနေကြဦးမှာပါ။ ချစ်တတ်တဲ့ စိတ်ကလေးကို ပုထုဇဉ်ဖြစ်ပါလျှက် စောင့်ထိန်းသွားနိုင်တဲ့ စောင့်ထိန်းနိုင်ကြတဲ့ စောင့်ထိန်းနေကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့အား လက်အုပ်ချီ ပူဇော်မိပါသည်။


အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း

0 ကွန်မန့်ရေးရန်:

Post a Comment