သန်းစိုးလှိုင်၊
ဇူလိုင် ၂၂၊ ၂၀၁၂
ပြီးခဲ့တဲ့
၁ နှစ်ခွဲတာကာလလုံးလုံး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရသစ်ရဲ့
ပြုပြင်ပြောင်းလဲရေးဆိုတာကို မြန်မာပြည်တွင်းကသာမက နိုင်ငံတကာ ကပါ
စိတ်ဝင်စားနေခဲ့ကြပါတယ်။
ပြည်တွင်းက ပြည်သူတွေအဖို့ မြန်မာပြည်ကြီး
ပြောင်းလဲနေပြီ ရှေ့ကိုရွေ့နေပြီလို့ အပြင်ကသူတွေ ပြောတော့မှ
မြန်မာပြည်ထဲနေသူတွေက ကိုယ့်ဟာကိုယ် ပြန်ကြည့်ပြီး
ဒါကိုရွေ့နေတယ်ခေါ်တာလားလို့ မှတ်ယူလိုက်ရသူတွေလည်း မြန်မာနိုင်ငံမှာ
အများကြီးရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေပြီ
ခေတ်ပြောင်းနေပြီ စနစ်ပြောင်းနေပြီဆိုတာ သတင်းစာမှာ၊ ဂျာနယ်မှာ ဖတ်ရပေမယ့်
ကိုယ်တကယ် လက်တွေ့ဆက်ဆံနေရတဲ့ အာဏာပိုင်တွေ၊ လူနေမှု ဘ၀တွေက
မပြောင်းလဲသေးလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေရဲ့
အများစုဖြစ်တဲ့လ
ယ်သမား လူတန်းစား၊ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ၊ ပုဂ္ဂလိက လခစား
ဝန်ထမ်းတွေအများစုရဲ့ နေမှုထိုင်မှုဘ၀တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ
သိသိသာသာ တိုးတက်မလာသေးပါဘူး။
အမှောင်ထဲက အရေးအခင်းများ
လယ်သမားတွေ
အဖို့ အခုချိန်ထိ လုပ်ကိုင်နေတဲ့ လယ်တွေသိမ်းခံနေရဆဲပါ။ အချို့က
အရင်သိမ်းထားရတဲ့ ကိစ္စတွေ အတွက် သမ္မတကြီးထံကို လိပ်မူပြီး
စာရေးတင်ပြနေရဆဲဖြစ်သလို အလုပ်သမားတွေအဖို့လည်း
အလုပ်ခွင်အခြေအနေတိုးတက်လာဖို့ လုပ်ခတိုးတက်လာဖို့ အလုပ်အကိုင်
အခွင့်အလမ်းပိုရလာဖို့ တောင်းဆိုနေရဆဲပဲ ဖြစ်ပါတယ်။
အရင်ကဆို
အလုပ်သမား အခွင့်အရေးလို့ ဆိုလိုက်တာနဲ့ လုံထိန်းကားတွေ အရပ်ဝတ်စုံထောက်တွေ
စက်ရုံ အလုပ်ရုံရှေ့ရောက်လာတဲ့ အခြေအနေကနေ အခုတော့ လုံထိန်းကား အစား
အလုပ်သမား အရေးဆောင်ရွက်သူတွေနဲ့ မီဒီယာတွေရောက်လာတာကို
ပြောင်းလဲတိုးတက်မှုလို့ အဓိပ္ပါယ်ဖွင့်ရင်တော့ ပြောင်းလဲတယ် ဆိုရမယ်
ထင်ပါတယ်။
အလားတူ လယ်သမားတွေအဖို့လည်း အခုဆိုရင် သိမ်းခံရတဲ့
လယ်မြေတွေအတွက် ရန်ကုန်မြို့ မြို့ရွာ အိုးအိမ်ဦးစီးဋ္ဌာနရှေ့မှာ ထိုင်သပိတ်
ဆန္ဒပြခွင့်ရှိလာတာကို တိုးတက်မှုလို့ ပြောမယ်ဆို ပြောကြပါလိမ့်မယ်။ တကယ်တန်း
လယ်သမားတွေအတွက် မြေယာပိုင်ဆိုင်မှု ဥပဒေ ခိုင်ခိုင်မာမာ မရှိသေးတာ၊
စပါးဈေး ကျလို့ ချေးထားတဲ့ ကြွေးတွေ ကြေအောင်မဆပ်နိုင်တဲ့
အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လယ်သမားတွေရဲ့ဘ၀ ဒုံရင်းကနေ
မတက်သေးပါဘူး။
ဒီမိုကရေစီနိုင်ငံအချို့မှာလို လယ်သမားတွေ အတွက်
အစိုးရအနေနဲ့ မျိုးကောင်း မျိုးသန့်၊ အထောက်အပံ့ပေးဖို့ လယ်ယာစိုက်ပျိုးရေး
ပေါ်လစီ မှန်မှန်ကန်ကန် ချဖို့ စတာတွေကို တောင်းဆိုရကောင်းမှန်း
မြန်မာနိုင်ငံက လယ်သမားတွေ မသိကြသေးပါဘူး။ ကိုယ့်လယ်မြေ အသိမ်းမခံရအောင်၊
သိမ်းခံရတာတွေ ပြန်ရအောင် တောင်းဆိုတဲ့ အဆင့်ပဲရှိပါသေးတယ်။
လုပ်ရလွယ်တဲ့ ပြုပြင်မှု၊ လုပ်သင့်တဲ့ ပြုပြင်မှု
ထင်သာမြင်သာရှိတဲ့
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တဲ့ အတိုက်အခံကို
လွှတ်တော်ထဲရောက်အောင် စီစဉ်တာ၊ နကိုက မိုးထိနေတဲ့ကားဈေး ကျဆင်းသွားအောင်
ဖြေလျော့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလိုမျိုးတွေက လုပ်ရလွယ်ပေမယ့်
ပညာရေး လို လယ်ယာစိုက်ပျိုးရေးကဏ္ဍလို ကိစ္စရပ်တွေမှာ လုပ်ရခက်ခဲသလို
အခုချိန်ထိ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတာလည်း တွေ့ရပါတယ်။
ပညာရေးမှာ
ကျူရှင်ချည်း အားကိုးနေရတဲ့ ပညာရေး စနစ်တွေပြင်ဆင်ပေးဖို့၊ စာမတတ်တဲ့
အဝေးသင်စနစ်တွေ ပြင်ဆင်ဖို့၊ အရည်အချင်းရှိတဲ့ ဆရာတွေဖြစ်ဖို့ အစရှိတဲ့
လုပ်ဆောင်သင့်တဲ့ ပြောင်းလဲမှုအများအပြားကို ကျောင်းသားတွေနဲ့
သူတို့ရဲ့မိဘတွေက ငံ့လင့်နေကြပါတယ်။
တိုင်းရင်းသား ဒေသတွေမှာတော့
ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးက ပြုပြင်ပြောင်းလဲရေး ဆိုတာကို
မှတ်ကျောက်တင်မယ့် အချက် ၂ ချက်ပါ။ ရေရှည်တည်တံ့မယ့်
ငြိမ်းချမ်းရေးရှိမှသာပဲ ရေရှည်ဖွံ့ဖြိုးရေး ဖေါ်ဆောင်နိုင်မှာပါ။
နို့မဟုတ်ရင်တော့ တိုင်းရင်းသားဒေသများမှ သယံဇာတ ထုတ်ဖေါ်တဲ့
ဖွံ့ဖြိုးရေးမျိုးပဲ ဖြစ်ပြီး ဒေသခံတွေ အားလုံး အကျိုးခံစားရမှာ
မဟုတ်ပါဘူး။
၉၀ ကျော် ခုနှစ်တွေတုန်းက ဦးခင်ညွန့်လုပ်ခဲ့သလို
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လက်နက် ဆက်ကိုင်ခွင့်ပေးပြီး
မြို့ပေါ်ရောက်လာရုံနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး မဖေါ်ဆောင်နိုင်သလို
ဖွံ့ဖြိုးရေးလည်း မလုပ်ဆောင်နိုင်ပါဘူး။ အဲဒီကာလရဲ့ သင်ခန်းစာကို
ယခုတကြိမ်မှာ ယူကြမှ နိုင်ငံရေးအရ ဆွေးနွေးမှု၊ ဖြေရှင်းမှုတွေဆီ
ဦးတည်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဘယ်သူတွေ အကျိုးခံစားနေရပြီလဲ
နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေး ဖြေလျှော့မှု၊ ဆိုတာကြောင့် ဥရောပနဲ့
အနောက်နိုင်ငံအချို့က ပိတ်ဆို့မှုတွေကို ယာယီအားဖြင့် ဒါမှမဟုတ် အပြီးတိုင်
ဖယ်ရှားပေးတာတွေရှိလာပါပြီ၊ ဘဏ္ဍာရေး ဆိုင်ရာ တားမြစ်မှုတွေ အတော်လေး
လျော့ပေါ့လာတာကြောင့် နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ လုပ်ငန်းရှင်တွေ
အထိုက်အလျှောက် အကျိုးခံစား နေရပါပြီ။
နိုင်ငံခြားငွေကြေးလဲနှုန်း တမျိုးထည်းဖြစ်အောင် သတ်မှတ်ဖို့ ကြိုးစားတာ၊ ပုဂ္ဂလိကဘဏ်တွေကို နိုင်ငံခြား ငွေစာရင်းဖွင့်ခွင့်ပေးတာတြွေေ
၁၀
စုနှစ်နှစ်ကာလ တခုကျော် သဘာဝမကျတဲ့ ကားဈေးကြီးမြင့်မှုကို တနှစ်အတွင်း
ဈေးခေါက်ချိုးအောက်ရောက်အောင် စီးပွားကူးသန်းနဲ့ ကညနတို့က ကန့်သတ်ချက်တွေ
ပယ်ဖျက်ခဲ့ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်နဲ့ လုပ်ငန်းရှင်ကြီးတချို့သာ
ရတဲ့ ကားပါမစ်ကို ဖြေလျော့လိုက်တာ လုပ်သင့်တဲ့ လုပ်ရပ်တခုအဖြစ် အများက
ကြိုဆိုကြပါတယ်။
ကားပါမစ် ဖြေလျော့တာလိုမျိုး မိုဘိုင်း တယ်လီဖုန်း
လိုင်းတွေ ပုဂ္ဂလိက ကုမ္ပဏီတွေကို လွပ်လပ်စွာလုပ်ကိုင်ခွင့် ပေးဖို့
လိုအပ်နေတာကိုလည်း ထောက်ပြနေကြပါတယ်။ မြန်မာပြည်မှာ ကား၊ မိုဘိုင်းဖုန်း
နိုင်ငံတကာနဲ့ နှိုင်းရင် မဖြစ်သင့်တဲ့ ဈေးဖြစ်နေတာက
ဆယ်စုနှစ်တခုကျော်လာပါပြီ၊ မိုဘိုင်းဆင်းကဒ် တကဒ် ကျပ် ၃၊ ၄ ၊ ၅ထောင်နဲ့
ရောင်းနိုင်အောင်၊ တမိနစ်ပြောခ ယခုထက် သက်သာအောင်
လွပ်လပ်စွာပြိုင်ဆိုင်ခွင့် ပြုမှဖြစ်မှာပါ။
ဆက်သွယ်ရေး
ဝန်ကြီးဋ္ဌာနနဲ့ အစိုးရနီးစပ်သူ ကုမ္ပဏီကြီးတွေ လက်ဝါးကြီးအုပ်ထားတဲ့
အခြေအနေကြောင့် နယ်က သူတွေ၊ မြို့ပေါ်က လက်လုပ်လက်စားတွေ
ဖုန်းမကိုင်နိုင်ကြသေးပါဘူး။ ခေတ်သစ်စီးပွားရေး မှာ မိုဘိုင်းဖုန်းဟာ
အလွန်အရေးပါသလို အများကြီးလည်း အထောက်အကူပြုနိုင်ပါတယ်။ ပညာနဲ့ အသက်မွေးသူက
စလို့ လယ်ယာစိုက်ပျိုးရေး နဲ့ အသက်မွေးသူအဆုံး မိုဘိုင်း အင်တာနက်
နည်းပညာရဲ့ အကျိုးကျေးဇူးကို အနည်းနဲ့အများ သက်ဆိုင်ခံစားကြရပါတယ်။
ခေတ်ပြောင်း
စနစ်ပြောင်းတဲ့ရလဒ်ကို လူတိုင်း ထိတွေ့ခံစားစေချင်ရင် မိုဘိုင်းဖုန်းကို
ဈေးနှုန်း အသက်သာဆုံးနဲ့ သုံးနိုင်အောင် အစိုးရက လုပ်ဆောင်ရမှာပါ။
ရင်းနှီးမြှုပ်နှံမှုတွေ အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးမယ့် စက်ရုံတွေ၊
အလုပ်ရုံတွေက နေ့ချင်း အကောင်အထည် မပေါ်လာနိုင်ပေမယ့် မိုဘိုင်းဆက်သွယ်မှု
နည်းပညာဆိုတာက နေ့ချင်းညချင်း အကောင်အထည်ဖေါ်လို့ ရပါတယ်။
ဒါကြောင့်
ငါးထောင်တန် ဆင်းကဒ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ ဂယက်ဟာ စိတ်ကူးယဉ်မှု
သက်သက်မဟုတ်ပါဘူး၊ ပုဂ္ဂလိက ကုမ္ပဏီတခုအနေနဲ့ လုပ်နိုင်တယ်ဆိုတာကို
ဖွင့်ချပြလိုက်သလို ဒီရလဒ်ဟာ လူထု မျှော်လင့်တဲ့ အပြောင်းအလဲဆိုတာတွေထဲက
တခုဆိုတာ ဖေါ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒီအသံကို နိုင်ငံ အုပ်ချုပ်တဲ့
အစိုးရ အနေနဲ့ ကြည့်မြင်နားလည်တတ်ရင် လူထုရဲ့ ဆန္ဒ၊ မျှော်လင့်ချက်ကို
အဓိပ္ပါယ်ဖွင့်နိုင်ပါလိမ့်မယ်။
ဈေးသက်သာတဲ့ မိုဘိုင်းဖုန်း
ဖြစ်မြောက်ရေးဟာ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက်ထိ ပြုပြင်လွယ်သလဲ၊
အစိုးရနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာနေတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့
နှောင်ကြိုးကို ဘယ်လောက် ဖြတ်တောက်နိုင်သလဲ ဆိုတဲ့ အချက်ကိုလည်း
မှတ်ကျောက်တင်မယ့် ကိစ္စတရပ်ဖြစ်ပါတယ်။
ပြောင်းလဲမှု မျက်နှာစာ
သတင်းမီဒီယာတွေ
အထိုက်အလျောက် လွတ်လပ်ခွင့်ပေးလာတဲ့ အခြေအနေကြောင့် ပြည်ပအခြေစိုက်
သတင်းဋ္ဌာနတချို့ ပြည်တွင်း ပြန်ဝင်ပြီး လုပ်ကိုင်နိုင်လာပါတယ်။ ပြည်တွင်း
ဂျာနယ်တွေ ယခင်ရေးသားခွင့်မရှိတဲ့ အကြောင်းအရာတွေ ရေးသား လာနိုင်ပါတယ်။
လက်နက်ကိုင်
တိုင်းရင်းသား အဖွဲ့တွေဆီသွားရောက်ပြီး သတင်းယူရေးသား ဖေါ်ပြလာတာတွေ
ရှိလာပါတယ်။ ဖေါ်ပြရာမှာ ဝေဘန်ဆန်းစစ်မှု အရေးအသားတွေ ပြည့်ပြည့်၀၀
ဖေါ်ပြနိုင်တဲ့ လွတ်လပ်မှုတော့ မရှိသေးတာ အမှန်ပါ။
နိုင်ငံရေးအဖွဲ့အစည်း၊
အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ စုဝေးကာ အထိမ်းအမှတ် အခမ်းအနားတွေ
လုပ်ဆောင်လာနိုင်တာတွေက ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်လို့ပြောရင်
ပြောနိုင်ပါတယ်။ အရင်က ဓါးမိုးအုပ်ချုပ်ခဲ့တဲ့ ခေတ်ကနေ
အသက်ရှုနည်းနည်းချောင်လာတာက ဒီမိုကရေစီရပြီလို့ မဆိုနိုင်သေးပါဘူး။ လှုပ်သာ
လူးသာရှိလာတယ်လို့သာ ဆိုရမယ်ထင်ပါတယ်။
လတ်တလော မီဒီယာ ဖြေလျော့မှု
နိုင်ငံရေး ဖြေလျော့မှုတွေကနေ လူတွေအားလုံး ခံစားထိတွေ့နိုင်တဲ့
ပြုပြင်ပြောင်းလဲမှုမျိုး ၀ိုင်းဝန်းလုပ်ဆောင်ကြရဦးမှာပါ။ အုပ်ချုပ်ရေး
အာဏာပိုင်တွေရဲ့ လာဘ်စားမှုတွေ၊ တရားစီရင်ရေးဋ္ဌာနရဲ့ လာဘ်စားမှုတွေ၊ တပ်မတော်က
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထောက်ပြ ဝေဘန်ပြောဆိုခွင့်ရှိလာပါပြီလား
ဗိုလ်ချုပ်တွေ
ဝန်ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားတွေ တရားဥပဒေနဲ့ ညီမညီ၊ ကန်ထရိုက်ချပေးတာ၊
လုပ်ပိုင်ခွင့်ချပေးရာမှာ ပွင်းလင်းမြင်သာမှု မရှိတာ၊ ခြစားတာ
အာဏာအလွဲသုံးမှုတွေကို မီဒီယာက ဖေါ်ထုတ် ဝေဖန်ခွင့်ရှိပါပြီလား။
အဲဒီအချက်တွေ
မရှိသေးရင် ပြုပြင်ပြောင်းလဲမှု၊ မြန်မာပြည်ရွှေ့နေပြီဆိုတာ အမှန်တကယ်
ဖြစ်ပျက်နေတာပါလို့ ယုံကြည်ဖို့ ခက်ခဲနေရဦးမှာဖြစ်ပါတယ်။

0 ကွန်မန့်ရေးရန်:
Post a Comment