မိဘ ၂-ဦးတို့ ထိထိရောက်ရောက် ပျော်မြူးခြင်း မရှိကြသော်လည်း ပဋိသန္ဓေတည်နေနိုင်၏။ အလောင်းတော် သုဝဏ္ဏသာမ(သုဝဏ္ဏသျှံ) ၏ မိခင်သည် ပန်းပွင့်ခါစ အခါဝယ် ခမည်းတော်က ချက်ကို သုံးသပ်ရုံမျှဖြင့် သန္ဓေရ၏။ စဏ္ဍပဇ္ဇောတမင်း၏ မိခင်သည် ပန်းပွင့်ခါစ၀ယ် ကင်းလျှောက်သွားသည်ကို သာယာမိရုံမျှဖြင့် သန္ဓေရ၏။ ဗျိုင်းအောက်တို့သည် မိုးဦးအခါ တောင်လေလာသည်ကို သာယာသဖြင့် သန္ဓေရကြ၏။ ဘုရားရှင် လက်ထက်တော်က ဘိက္ခုနီမ တစ်ဦးသည် ယောက်ျားဟောင်း ရဟန်း၏ သင်းပိုင်မှ သုက်ကို စုပ်ယူမိ၍ သန္ဓေရ၏။ ရသေ့တစ်ဦး၏ သုက်နှင့် ရောသော ကျင်ငယ်ရည်ကို သောက်မိ၍ သမင်မ၌ သန္ဓေရလျက် ဣသိသိင်္ဂ သတို့သားကို ဖွားမြင်ခဲ့ရ၏။ ထိုအကြောင်းများက တစ်ခါတစ်ရံမှ အထူးအဆန်း ဖြစ်ရသော အဖြစ်မျိုးတည်း။
ပဋိန္ဓေစိတ် စေတသိက်နှင့်အတူ ရုပ်ကလေးများ ပါရှိ၏။ ထိုရုပ်ကလေးများကို “ကလလရည်ကြည်”ဟု ခေါ်ကြ၏။ “ထိုကလလရည်ကြည်ကား မြောက်ကျွန်းသူတို့၏ ဆံပင်ကို အလွန်ကြည်သောဆီတွင် နှစ်၍ ထိုဆံပင်ဖျား၌ ပါလာသော ဆီကြည်ကလေးများ ပမာဏရှိ၏။”ဟု
ဆိုသည်။ ထိုရည်ကြည်သည် ရှေးကံ၏ အစွမ်းကြောင့် ဖြစ်ရသော ရုပ်ကလေးသာတည်း။
မိဘတို့ သုက် သွေးမဟုတ်။ ထို သုက်သွေးကား ထိုကလလရည်ကြည်ကလေးကို
ထောက်ပံ့ရုံသာ ဖြစ်သည်။
ဤဆိုခဲ့ပြီးသော
စကားအရ ရှေးကံအစွမ်းကြောင့် အမိဝမ်းမှာ ကလလရည်ကြည် သန္ဓေတည်ရသော်လည်း
မိဘတို့၏ သုက်သွေး အရေးတကြီး ထောက်ပံ့လျက် ရှိသည်ဟု သိသာပြီ။ ထို
ကလလရည်ကြည်သည် မျိုးစေ့နှင့်တူ၏။ မိဘတို့၏ သုက်သွေးကား ရွှံ့ညွတ်
ရေမြေများနှင့် တူ၏။ ထို ကလလရည်ကြည်ကို ဖြစ်စေသော ရှေးဘ၀ကံမှာ မျိုးစေ့ကို
စိုက်ပျိုးသူနှင့် တူပေသည်။ သို့အတွက် ကလလရည်ကြည် သန္ဓေတည်ဖို့ရာ စင်ကြယ်သော
သားအိမ်နှင့် အနာရောဂါ အပြစ်အဆာ ကင်းစင်သော သုက်သွေးကောင်များ အရေးတကြီး
လိုလားအပ်ပေသည်။ ဘာကြောင့်နည်း။ သားအိမ်နှင့် သုက်သွေး၌ ရောဂါ မကင်းလျှင်
ထို သန္ဓေသူငယ်သည် ကျန်းကျန်းမာမာနှင့်
ကြီးပွားနိုင်ဖွယ်မရှိသောကြောင့်တည်း။
ထို့ပြင်
မြေနီတွင်း၌ အောင်းနေရသော ဖွတ်သတ္တ၀ါ၏ အဆင်းသည် နီ၍ မြေနက်တွင်း၌
အောင်းနေရသော ဖွတ်သတ္တ၀ါ၏ အဆင်းသည် နက်သကဲ့သို့ မိဘတို့ သုက်သွေး၌
ငြိတွယ်နေသော သန္ဓေသူငယ်၌ မိဘတို့ သုက်သွေးမှ ဥတုဇရုပ်များ ဆက်သွယ်လျက်
ရှိသောကြောင့် မိဘတို့၏ အဆင်းနှင့် သူငယ်၏ အဆင်းသည် တူကြရိုးပင်ဖြစ်၏။
လက်ခြေ ပုံသဏ္ဌာန်မှာလည်း တူတတ်ကြ၏။ အဆင်းပုံသဏ္ဌာန် သာမက မိဘတို့၏
စိတ်နေစိတ်ထား သတ္တိဗျတ္တိ အကြံဉာဏ်များလည်း သားသမီးတို့၌ ကူးစက်
ပြန့်ပွားတတ်သည်။
ဤသို့
စိတ်ဓာတ်ချင်း ကူးစက်လာခြင်းကား သန္ဓေတည်စကပင် မိဘတို့၏ စိတ္တ ပစ္စယ
ဥတုဇရုပ်များက ကူစက်နေခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ဖွားမြင်ပြီးနောက်
မိဘတို့ စိတ်နေစိတ်ထား အပြုအမူများကို တွေ့ရဖန်များသဖြင့်
အတုယူမိခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် ကောင်းမြတ်သော
သားသမီးများ ထွန်းကား၍ မသန့်သော အမျိုးမှ အညံ့စား သားသမီးများ
ဖြစ်ပွားတတ်သောကြောင့် ၂-ဖက်လုံးပင် အမျိုးကောင်း၍ မိဘ ၂-ဦး၏
အထူးစင်ကြယ်သော သားသမီးကလေး ဖြစ်ဖို့အကြောင်း အကောင်းဆုံး
ခန္ဓာကိုယ်ကလေးပင်တည်း။
အမှာ။ ။ “ငှက်ပျောပင်စိုက်၊ မိလိုက် ဖပါ”ဟု ဥပမာပြု၍ ရေးသားခဲ့ကြသော်လည်း ထို ဥပမာ၏ အဓိပ္ပာယ်မှာ “မင်းမျိုးဖြစ်သူ၏ ကိစ္စ၌သာ ငုက်ပျောပင် စိုက်ရသည်”ဟု ဆိုလိုသတတ်။ ထို့ကြောင့် ဤနေရာ၌ မသုံဘဲထားသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
0 ကွန်မန့်ရေးရန်:
Post a Comment