တီတီ.. တီတီ.. တီတီ.. တီတီ.......
တနင်္လာမနက်တို့ရဲ့ ထုံးစံအတိုင်း ကျောင်းသွားဖို့နှိုးစက်က အသံပေးနေပြီ။ တနင်္လာမနက်တို့ရဲ့ ထုံးစံအတိုင်းပဲ မထချင်သေး။ ဒါပေမယ့် ဆက်နှပ်နေရင် မွေးသမိခင်ကျေးဇူးရှင်ရဲ့ မနက်မိုးလင်းနှိုးသံကိုပါ ကြားရမှာစိုးလို့ မျက်လုံး ကို ပြူးပြဲပြီး အတင်းဖွင့်ရတယ်။ မျက်လုံးကိုဖွင့်ဖွင့်ချင်း ၀ါးတားတား။ နိုးခါစ အ၀ါးလေးပေါ့ဆိုပြီး လက်နဲ့မျက်စိကိုပွတ်ကြည့်တော့လည်း ဘာမှမထူးခြား။ ဒုံးရင်းကဒုံရင်း ၀ါးတားတားပဲ။
"ဪ.. ငါမျက်မှန်မှ မတတ်ရသေးပဲ"
မျက်မှန်ထားနေကျ ခုတင်ဘေးက စားပွဲပေါ်ကို မမြင်မစမ်းနဲ့ စမ်းကြည့်လိုက်တယ်။
"အွန်.. ဘယ်ရောက်နေတုန်း"
အနီးနားတစ်ဝိုက် ရှာကြည့်တော့လဲ မျက်မှန်နဲ့ဆင်တာဆိုလို့ အစအနတောင်မတွေ့။ ရှုပ်ပွနေတဲ့အခန်းထဲ ဟိုဒီလျှောက်ရှာကြည့်ပြီး အခန်းဒေါင့်မှာပုံထားတဲ့ အကျီင်္အဟောင်းလေးကို ၀ါးတားတားတွေ့တော့မှ မနေ့ကကိစ္စကို ပြန်သတိရတော့တယ်။
နေမင်းခ
--------
နေမင်းခက ပေါ့သေးသေးတော့မဟုတ်။ ဇရှိသည်။ တစ်ဦးတည်းသောသားမို့ ငယ်ငယ်တုန်းကတည်းက အလိုလိုက်ထားတော့ တစ်ခါ တစ်လေ ဗွေကထဖောက်ချင်သည်။ ဆေးကျောင်းပထမနှစ်သာ ပြီးတော့မယ် လုပ်ချင်ရာကို လုပ်တုန်း။ အိမ်ကလည်း ပြောလို့မရလို့ လွှတ်ပေးထားသည်။ ၁၀ တန်းအပြီး ဆေးကျောင်းစတတ်တော့ အဖေဖြစ်သူကို ကားတစ်စီးပူဆာတယ်။ သားလေးတစ်ယောက် တည်း ရှိတာပဲလေဆိုပြီး ၀ယ်ပေးမိတော့ ၁ လအတွင်း ၀ပ်ရှော့ ၂ ခါရောက်တော့ ကားနားတောင် ကပ်ခွင့်မပေးတော့။ အဲဒါကြောင့် ကျောင်းကို Bus ကားနဲ့သာသွားရသည်။ အဖေအားတဲ့နေ့ လိုက်ပို့ပေးမှ ကားလေးနဲ့ ကျော့ကျော့မော့မော့။ ၁၉ နှစ်လောက် သူ့ဒုက္ခကို ခံလာရတော့လည်း အိမ်ကသိပ်မကြည်ချင်တော့။ မနေ့ကဖြစ်ပုံကလည်း ဒီလို.....။
တနင်္ဂနွေနေ့ဆိုတော့ ထုံးစံအတိုင်းပဲ ဂနာကသိပ်မငြိမ်ချင်။ ကျောင်းပိတ်ရက်လေးတောင် အိမ်မမြဲဘူးဆိုပြီး အပြောခံရမှာဆိုးလို့သာ အောင့်အည်းပြီး နေနေရပေမယ့် ကယ်တင်ရှင်တစ်ယောက်ယောက် လာခေါ်ပါစေလို့ ကြိတ်ဆုတောင်းနေရသည်။ ကံကောင်းချင် တော့ နေ့လည်စာစားပြီး အဆီရစ်နေတုန်း ကယ်တင်ရှင်တွေ ပေါက်ချလာပါတော့သည်။
"ဟေ့ကောင်ငနေ.... ငနေရေ.... အိမ်ထဲမှာ ရှိလားကွ"
ချစ်သူငယ်ချင်းတွေရဲ့ အသံကြားတော့ ၀မ်းသားလုံးဆို့ပြီး ထအော်မိသည်။
"အေး... ဟေ့ကောင်တွေ.. ငါဒီမှာကွ။ ဘာလုပ်မလို့တုန်း"
"ဟေ့ကောင်.... ခဏနေရင် ကြည်မြင့်တိုင်ဘက်မှာ ဘောလုံးပွဲရှိတယ်။ ချိန်းပွဲကွ။ မင်းလိုက်မယ်မလား"
"ဟီးဟီးဟီး... လိုက်မှာပေါ့ကွာ။ ငါမပါလို့မှ မပြီးတာ"
"အရေးထဲ.. လိုက်မယ်ဆိုရင် ထွက်ခဲ့ဟေ့။ ငါတို့ကားဂိတ်မှာ စောင့်နေမယ်"
ထွက်ဖို့လမ်းစက ရသွားပြီဆိုတော့ မျက်နှာချိုသွေးပြီး အမေ့ဆီသွားရသည်။
"အမေ... သားဘောသွားကန်မို့"
"ကြားသားပဲ။ ခုနက ဒီလောက် အော်ကြီးဟစ်ကျယ် အော်သွားတဲ့ဟာကို။ ကြွ.. ကြွ"
"မုန့်ဖိုးလေး.. အဟီး"
"အမလေး.. ဟိုတစ်နေ့ကမှ တစ်လစာ ပေးထားတာလေ။ မပေးနိုင်ဘူး။ ကြွတော်မူ။ နင့်အဖေကြားရင် ပိုဆိုးမယ်"
ဘောလုံးကန်ပြီး ညနေစောင်းတော့ အိမ်ကိုဘက်(စ်)ကားနဲ့ ပြန်လာတာပေါ့။ လူကလည်းမောနေတော့ ကျပ်တဲ့ကားမစီးချင်လို့ စောင့်နေ ရတာ ၃ စီးရှိနေပြီ။ ဒီကြားထဲ စီးလာတဲ့ညှပ်ဖိနပ်က ပျက်တော့မယ်တည်းတည်း။ အခုထိ ကိုယ်စီးရမယ့် ကားကလည်း ချောင်တာတစ်စီး မှမတွေ့။ ဒီကြားထဲ မလှမ်းမကမ်းက ရုပ်ဆိုးဆိုးဝတုတ်တုတ် အဒေါ်ကြီးက လူကိုပြူးကြည့်ပြီး မျက်လုံးမှိတ်ပြလိုက်။ သူ့လက်မောင်း တုတ် တုတ်ကြီးနှစ်ခုနဲ့ ကျွန်တော့်ကိုပဲ ပြေးဖက်တော့မလိုလို။ ကျွန်တော်ကပဲ ပျက်တော့မယ့် ခြေညှက်ဖိနပ်ကို ကုန်းကောက်ပြီး ပြေးရတော့ မလိုလို။ ကြက်သီးကို ထနေတာပဲ။ ကျွန်တော်မောင်နေတို့များ
"အရှင်ဘုရား... ရည်းစားချောချောလေးကို ကျွန်တော်ကမလိုက်ရပဲ ရပါစေ"
လို့ ဆုတောင်းတာလည်း ၁၀ တန်းပြီးကတည်းပေါ့။ ခု ၁ နှစ်ပြည့်လို့ နောက်ဆုံးကဝင်တဲ့ ဆေးကျောင်းပထမနှစ်လည်း ပြီးတော့မယ်။ ဆုတောင်းက မပြည့်။ မ,မစ တော့လည်း မ,မစလို့။ ဆုတောင်းကပဲ ကျွန်တော်နဲ့ မတန်သလား မပြောတတ်။ မစလိုက်တော့လဲ အရပ် ကပုပု။ ခြေသလုံးတွေ၊ လက်သလုံးတွေ၊ လက်သမောင်းတွေ ခြေသမောင်းတွေက တုတ်တုတ်နဲ့။ ဈေးထဲက ဝက်သားသည် မတုတ်ကြီး ဖြုတ် တော့မယ့် အဲ့လေ ခုတ်တော့မယ့် ဝက်တုန်းတုံးကြီးအလားပဲ။ မောနေတဲ့လူ သေချင်စိတ်ပေါက်နေပြီ။ ဟိုကလဲ သူ့ Feeling နဲ့ သူကောင်း နေတုန်း။ စိတ်ကူးယဉ်အနမ်းတွေ ပေးလို့ကောင်းတုန်း။ နောက်ဆုံးတော့ သေမထူး၊ နေမထူး လာတဲ့ကားပဲ တက်စီးလိုက်တာ စိတ်ထဲမှာ တော့ ဟိုဘွားတော်ကြီး လိုက်တက်မလာပါစေနဲ့ပေါ့။ ဘက်(စ်) ကားပေါ် ခြေ ၁ လှမ်းပဲ လှမ်းရသေး စပါယ်ယာက လှမ်းဆွဲတာ၊ နောက်ကဘိုးတော်က ထီးနဲ့ထိုးတာနဲ့ စပါယ်ယာရဲ့ဆဲသံတွေနဲ့ ကားပေါ်ရောက်ချင်းမသိ ရောက်သွားရော။ ဒီကြားထဲ နောက်ကဘိုးတော်က ထီးနဲ့ ထိုးလို့ကောင်းတုန်း။ လူက လေနေပါတယ်ဆိုမှ ဒုက္ခပေါင်းစုံနဲ့တိုးနေလို့ ကားနောက်ဆုံးနားကို ပြေးရတော့တာပဲ။ ကျွန်တော်လည်း တိုးလို့ရသလောက်တော့ တိုးပေးတာပဲ။ ဒါတောင် စပါယ်ယာရဲ့ နှုတ်နဲ့မလွတ်ဘူး။
"ဟိုဆံပင်စုတ်ဖွား မျက်မှန်နဲ့ညီလေး ဟိုဖက်ကို ၄၅ ဒီဂရီလောက် စောင်းလိုက်လေ။ ဒါမှ ဒီကလူက နေရာရမှာပေါ့"
ကြည့်ကြပါဦး.. လူကိုသုံးသွားတဲ့ နာမ်စား။ ရစရာတောင် မရှိဘူး။ ကား ၁ စီး လုံးရဲ့ မျက်လုံးပေါင်း သောင်းခြောက်ထောင်။ ဟီးဟီး.. နည်းနည်းတော့ များ သွားပြီထင် တယ်။ လူ ၁ ယောက်မှာ ၂ လုံး။ ယောကျာ်းလေးဆိုရင်ပေါ့။ အဲလေ.. မှားလို့။ ကျားကျား၊ မမ ၂ လုံးကိုယ်ဆီတော့ ရှိကြတာပဲ။ (မျက်လုံး ပြောပါတယ်)။ ထားတော့ ဘာ ၂ လုံးပဲ ဖြစ်ဖြစ် လူ ၃၀ ရှိရင် အလုံးခြောက် ဆယ်ပေါ့။ မျက်လုံးနော် ဟဲဟဲ။ အင်း အဲဒီ့အလုံးခြောက်ဆယ်ရဲ့ အကြည့်တွေ ကိုယ့်ဆီရောက်လာတော့။ ရောက်လာတာတောင်မှ မကောင်းတဲ့နာမ်စားကြီးနဲ့။ မတတ်နိုင်ဘူး။ ရှက်ကလဲရှက်။ ဟိုလူကို လှမ်းရှိုးလိုက်တော့ မောင်မင်းကြီးသား က ဖြီးနေတာပဲ။ ဖြီးမှာပေါ့။ သကောင့်သားက အခုမှတတ်လာတဲ့ ကောင်မလေး ကို မျက်နှာလိုမျက်နှာရနဲ့
"ညီမလေး.. ဝေးလား။ နေရာရမယ်နော် ခဏလေး "
ကောင်မလေးကို အဲ့လိုပြောပြီး ကျွန်တော့်ဘက်လှည့်ကာ
"ဟိုလူ ခင်ဗျားနားက ပင်းနေလို့လား။ ကဲ.. ကိုနားပင်း ခင်ဗျားဘာသာ ခင်ဗျားလှည့်မလား။ ကျုပ်လာ လှည့်ပေးရမလား"
ကျွန်တော်လည်း လန့်လန့်နဲ့
"တော်တော် ကျုပ်ဘာသာကျုပ်လှည့်မယ်"
ပြောပြီး သူ့လှည့်ခိုင်းတဲ့ဘက် လှည့်ရသေးတယ်။ အဲ့တာတောင် သူက မပြီးသေးဘူး။ တစ်ကားလုံးကြားအောင် အော်သေးတာ
"လူတွေများနော် ခက်တယ်။ ကောင်းကောင်းပြောလို့ မရဘူး။ ဆိုးဆိုးပြောမှ ရတယ်။ ဒါနဲ့များလူတွေက စပါယ်ယာဆို အာကြမ်း လျှာ ကြမ်းလို့ ထင်နေကြတယ်။ ဒီလိုလူတွေရှိနေလို့ ဒီလို ကြမ်းနေရတာဗျ"
"၁ စက္ကန့်လေး နောက်ကျမိပါတယ်။ အပြောခံရတာ လူက ၁ ပြားမှ မတန်တော့ဘူး"
စိတ်ရှုတ်ရှုတ်နဲ့ ၁ ဖက်ကိုလှည့် မျက်လုံးမှိတ်ပြီး ဆင်းရမယ့်မှတ်တိုင်သာ ရောက်ပါတော့လို့ ဘုရားတနေရတယ်။ ၁၅ မိနစ် လောက် ကြာတော့ အိမ်များရောက်ပြီလားဆိုပြီး အသိဝင်လာတဲ့အချိန်မှာ နှာခေါင်းထဲရလိုက်တာက ရနံ့သင်းသင်းလေး။ ပြီးတော့ ဆံပင်ချော ချောလေးရဲ့ အထိအတွေ့။ ရင်တော့ ၁ ချက် ခုန်လိုက်ရသား။ ဒီလိုမျိုး လူကြပ်လို့ စိတ်ရှုပ်စရာတွေချည်းရှိနေချိန်။ ဒါမျိုးလေးရတော့ ထူးဆန်းသဟဆိုပြီး မျက်လုံးဖွင့်လိုက်တော့ အမြင်တွေ မကြည်တော့ဘူး။
"ဟိုက်.. ဘယ်လိုဖြစ်သွားတာတုန်း"
သိလိုက်တဲ့အချိန်က နဲနဲနောက်ကျသွားပြီ။ ခုနက ရနံ့ပိုင်ရှင်လေးဆီကို ကျွန်တော့်မျက်မှန် ညှိပါသွားပြီ။
"ဟိတ် ဟိတ်။ ဟိုကအမ ခဏ"
" ဖြန်း" ဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်ပါး စပ်ခနဲပူသွားပြီး လူလည်း အီစလန်ဝေသွားတယ်။ မနဲ အားယူပြီး ကြည့်လိုက်တော့ ခုနမှတ်တိုင်က ဒေါ်တုတ်ကြီး။ နာမည်တော့ မသိဘူး။ ဒါပေမယ့် ရုပ်ရည်နဲ့လိုက်အောင်တော့ အခုလိုနာမည်ပေးလိုက်ပြီ။
"ဟာ... ခင်ဗျားကြီးက ဘာကိစ္စကျုပ်ကို ပါးလာရိုက်တာတုန်း"
"အောင်မာ သူကလာပြောနေသေးတယ်။ ဒီက ၁ ခါ ၂ ခါ ဆို ခွင့်လွှတ်တယ်။ ဒါပေမယ့် ခုက များပြီ။ သူများနောက်က လာလာပြီးတော့ မဟုတ်တာတွေလာပြီး"
"တော်တော်... ခင်ဗျားလို ပျော့ပျော့လုံးလုံးကြီးကို ကျုပ်မစဉ်းစားဘူး။ ကျုပ်မျက်မှန် ဟိုမှာ ပါသွားလို့ ကျုပ်ပြေး . . . . . . ."
စကားတောင်မဆုံးသေးဘူး။ နောက်ထပ် လက်ချောင်းတုတ်ကြီး ၅ ချောင်းကို ရှောင်ချိန် မရပဲ မိသွားတယ်။ လူလဲပူထူသွားပြီး ၁ ကားလုံး ဝိုင်းတွန်းထုတ်တာ ကားအောက်ရောက်ရောပဲ။ ဒီကြားထဲ ပျက်ခါနီးဖိနပ်ကပါ ပျက် သွားသေးတယ်။ လူလဲရစရာမရှိ မျက်မှန်လဲမရှိနဲ့ Taxi ငှားပြီးသာ အိမ်ပြန်လို့ အိပ်ရာပေါ် ဒိုင်ပင်ပစ်ရတော့တာပဲ။
ကဲ.. အခုတော့ မနက်လည်းမိုးလင်းပြီ။ ကျောင်းလည်း သွားရတော့မယ်။ မျက်မှန်ကလည်း မရှိ။ ဪ.. ရှေ့ရေးကို ရင်လေး ပါသဘိနဲ့။ မွေးသမိခင်ကျေးဇူးရှင်ကို လက်ဖြန့်ပြီးတော့ ပိုက်ဆံတောင်းရပေဦးတော့မည်။ မောင်နေ.. မောင်နေ။ မင်းကတော့ လုပ်ချ လိုက်ပြန်ပြီကွာ။ ။
References by http://www.mymclub.net/main/index.php?option=com_content&view=a...

0 ကွန်မန့်ရေးရန်:
Post a Comment