Monday, August 6, 2012

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၃)


မာမာအေး
သြဂုတ် ၅၊ ၂၀၁၂


“... ခေတ်အဆက်ဆက်မှာ ဂီတသမားတွေဖက်က မပြောတတ် မဆိုတတ်လို့ ဗဟုသုတရှိဖို့ စာမဖတ်လို့ ခံရတဲ့ဖက်မှာ နေရာ အရများနေကြောင်း သိနေတယ်။ ကိုယ်တိုင်လဲဘဲ ငယ်တုန်းက ငယ်သေးလို့ ကြီးလာတော့လဲ အားနာလို့နဲ့ အနှပ်ခံရတာတွေ ရှိလို့ပါ။ အဲဒါတွေ သင်္ခဏ်းစာ ယူပြီး စိတ်အားမတ်မတ် လူအားမတ်မတ် ရပ်နိုင်အောင် အလေ့အကျင့် လုပ်မိပါတယ်။ ဂီတလောကလုံး အကျိုးရှိစေမယ့် ဥပဒေကိစ္စကို တနေ့နေ့ကျဖြစ်အောင် ကျိုးစားမယ်...”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …ရှေ့မှာ ဂီတဥပဒေသတွေ မူပိုင်ခွင့်ဆိုတာတွေအကြောင်းကို ပြောချင်တာနဲ့ တာစူလိုက် မြောင်းဖောက်လိုက် ကျင်းတူးလိုက် ဘေးရောက်သွားလိုက်ဖြစ်နေတာ ကြာပါပြီကေါရှင်။ အဲဒါကြောင့်ဘဲ တရားမ၀င် ခိုးယူသုံးစွဲခြင်း ပြဿနာ ရှေးက ဘာဖြစ်လို့ မတက်ခဲ့တာလဲ ဆိုတာကို မာအေး ဥာဏ်မီသလောက် ထောက်ပြနေခဲ့ပါတယ်။ ပဒေသရာဇ်ခေတ်မှာ ဘုရင်မင်းမြတ်ဟာ သက်ဦးဆံပိုင်တဲ့ရှင်.။ အသက်တောင် ပိုင်မှတော့ သီချင်းလောက်ဟာ ပြောစရာကို မလိုတော့ဘူးပေါ့နော၊ သူ့အတွက် ရေးဆက်တာ သူပိုင်ဘဏ္ဍာချည်းပါဘဲ၊ ဘယ်သူခိုးရဲပါ့မလဲ။

မာအေးတို့ဒီဖက်ခေတ်မှာလဲ တကယ်တွေးကြည့်ရင် ပိုင်တာက ပြည်သူပါ၊ ကိုင်ထားတာက အစိုးရလက်ထက်မှာပါ။ မြန်မာ့အသံလို့ ခေါ်တဲ့ တခုတည်းသော နိုင်ငံရဲ့ အသံလွှင့်ဌာနမှာ လက်ခံပြီး အသံသွင်းပေး လွှင့်ထုတ်ပေးခဲ့တဲ့ ရေဒီယို သီချင်းများရဲ့ မူရင်းအတိုင်း ကူးယူ ရောင်းဝယ်ခဲ့တာမျိုးကိုလဲ ပြည်သူ့ဘဏ္ဍာ ခိုးယူရာကျတယ်လို့ တွေးဆနိုင်ကြပါတယ်ရှင်။

တရားမျှတစွာ ဖြစ်သင့်တာကို ဖြစ်သင့်တဲ့အတိုင်း ပြောပြခဲ့ချင်ပါတယ်ရှင်။ မာအေးတို့ဆီမှာ ရေဒီယိုခေတ်၊ ဓါတ်ပြားခေတ်တွေ အချိန်နဲ့အချိန် ပေါ်ပေါက်ခဲ့တယ်၊ ဂီတလောကထဲမှာပေါ့ရှင်၊ တေးသံကူးတို့ တေးသံသွင်းတို့ကတော့ ကက်ဆက် - ရီကေါ်ဒါလေးတွေ ပေါ်လာတော့မှ စည်းပွားရေးလာဘ်မြင်တဲ့သူတချို့ သီချင်းတပုဒ် တကျပ်ကနေ ငါးကျပ်လောက်နဲ့ ကူးပေးခဲ့တာက စပြီး လုပ်ငန်းကြီးတခု ဖြစ်ခဲ့တာပါ။

အဲဒီ ကက်ဆက်ခွေ ကူးတဲ့ စည်းပွားရေးအရှိန်မြင့်လာတဲ့အခါ ဓါတ်ပြား ရွှေခေတ် ပျက်သုဉ်းသွားခဲ့ရပါတယ်ရှင်။ မပျက်ဖဲနေပါ့မလား၊ ရိုးရိုးလေးဘဲတွေးဦး၊ နားထောင်တဲ့ ပရိဿဒ်ဟာ ဓါတ်ပြားစက်တွေ ဓါတ်ပြားတွေ စပီကါတွေ သယ်ရပိုးရတဲ့ဒုက္ခက မသေးဘူးရှင့်။ ဓါတ်ပြားတချပ်မှ အများဆုံး သီချင်း ၂ ပုဒ်ပဲ ပါတာလေ။ နားထောင်ချိန်က ၆ မိနစ်ရယ်။ ကက်ဆက်ခွေကျတော့ အားလုံးပေါင်း တနာရီစာ နားထောင်ရတယ်။ သီချင်းလဲ များများဆံ့တယ်။ ရီကေါ်ဒါလေးနဲ့ ရှိုးပေးရင်လဲ ခန့်တယ်၊ ပေါ့ပေါ့ပါးပါး ဘယ်ဆွဲသွားသွား ဆိုတော့ လွယ်ကူရာလိုက်ကြတာပေါ့။

တေးသံသွင်း စီးပွားရေးလုပ်ငန်း စတဲ့သူဟာ 'အရင်းမရှိကိုမြတ်သာ မြင်းမ၀ယ်လို့လာ' ဆိုပြီး ငယ်ဘ၀က အချောင်ရတဲ့သူတွေကို လောင်ခဲ့တဲ့စကါးလိုပါဘဲ မရင်းမနှီးဘဲ မြင်းစီးနိုင်သူတွေပါရှင်။ နိုင်ငံတော်က အသံလွှင့်ပေးတဲ့ ရေဒီယို သီချင်းတွေကို ရေးခဲ့တဲ့ သီချင်းရေးဆရာ ဆိုထားတဲ့ အဆိုတော် တီးခတ်တဲ့ ဂီတပညာရှင်နဲ့ ထုတ်လုပ်တဲ့ မြန်မာ့အသံအတွက် ဆန်တစေ့စာတောင် အကုန်အကျခံဘူးလို့လား မေးမကောင်းလို့ မမေးတာပါနော်။

ဘယ်လိုဦးဏှောက်ချောင်တဲ့သူတွေက စလိုက်တဲ့ 'ငတက်ပြား'ဇါတ်လမ်းလဲ မသိပါဘူးရှင်။ မာအေး အပါအ၀င် ဓါတ်ပြားလုပ်ငန်းဝင်နေတဲ့သူတွေဟာလဲ တိုင်းပြည်မှာ FE မရှိလို့ နိုင်ငံခြားကို ဓါတ်ပြားမှာတာ ရိုက်တာတွေ လုပ်မရတဲ့အခါ ပြည်တွင်းဖြစ် ချိတ်ပြားကေါ်ပြားတွေနဲ့ ကိုယ့်နိုင်ငံထဲတင် ဓါတ်ပြားရိုက်ပါတယ်။ ရိုက်တဲ့ကုမ္ပဏီကလဲတခုရှိတာပါ။ 'နီရွန်လိုက်' လို့ ခေါ်ပါတယ်။ အဲဒီမယ် ကိုယ်တိုင် စောင့်ယူမှ သူခိုးဘေးက လွတ်တယ်ရှင့်။ အဲဒီမှာ လွတ်သွားရင်လဲ ဓါတ်ပြားသစ်ထွက်တဲ့အခါ ၉ ကျပ်ကနေ ၁၂ ကျပ် ပေးပြီး ၀ယ်သွား ကူးရောင်းစား လုပ်တော့ ဓါတ်ပြားအလုပ်တွေ ပြုတ်ပြုတ်ပြုံးပါလေရောရှင်။

ဂီတဘက်တော်သားတွေက ကိုယ့်သောတရှင်ပြည်သူတွေကို မေတ္တာနဲ့ ဖျော်ဖြေချင်လို့ အစမ်းသတ်ခံချင်လို့ အသံလွှင့်ဋ္ဌာနကို သွားကူကြတာသာ ဖြစ်ပါတယ်။ ဋ္ဌာနဆိုင်ရာ ဘုတ်အဖွဲ့က စိစစ်ပြီးလို့ ဓါတ်ပြားပေးရတဲ့ အဆင့်ဖြစ်ပါမှ သီချင်းတပုဒ်ကို ကျပ်ငွေ ၅၀ ပေးတာမို့ ခရီးစားရိတ်လောက် ပေးတာပါလို့ ပြောထားတာဘဲ။ ဘယ်လောက်ပဲဖြစ်ဖြစ်ပါ ပြည်သူကို ဖျော်ဖြေခွင့်ရတာမျိုးမို့ ပျော်ခဲ့ကြတာပါဘဲ။

တေးသံကူးပေးတဲ့ကိစ္စကတော့ စည်းပွားရေးလုပ်တာမျိုး ရှင်တို့ရဲ့။ သူတို့ဖက်က စက်တွေ ရင်းထားရလို့ပါ - ဘာညာ နဲ့ ဆင်ခြေပေးစရာ ရှိတာပေါ့လေ။ အဲဒီတော့ စက်ဖိုး ကြေရင်ကေါ လို့ မေးဘို့ လိုမယ် မထင်ပါဘူး။ ဆိုင်တွေ တဆိုင်ပြီးတဆိုင် တိုးလာတာကို ကြည့်ရင် အဖြေသိတော့ပေါ့နော။ အဲဒီအချိန်တုန်းက အသံကြားရတဲ့ခေတ်ပဲ ရှိသေးတော့ကါ အဆိုတော် နာမည်ကျော်တွေလောက်ကိုဘဲ မြင်ဖူးကြတာကိုး။ ကိုယ့်သီချင်း ကိုယ့်အသံကို အခကြေးငွေပေး ကူးခိုင်း အသံသွင်းခိုင်းရတဲ့ ရေဒီယို အဆိုတော်တွေဘ၀ လှတပတရှိမှာလားရှင်။ စိတ် ဘယ်လောက် ပိန်လိုက်ကြမလဲ ရဲရဲတွေးကြည့်ပေးပါလား။

မာအေးကတော့ လောကကြီးထဲက ဂီတလမ်းတလျှောက်မှာ အူဝဲထဲက ရောက်နေတာမို့လား။ ရှင်ကြီးဝမ်းလဲ ၀င်ခဲ့ပြီ ရှင်ငယ့်ဝမ်းလဲ ၀င်ခဲ့ပြီ၊ နံတန်တန်မို့ ပြန်ခဲ့ပြီ လို့ ပြောတတ်ကြတဲ့စကါးအတိုင်းဘဲ အားလုံး အကြော နောနေအောင် သိပြီးပြီလို့ ပြောနိုင်လာပြီပေါ့။ ခေတ်အဆက်ဆက်မှာ ဂီတသမားတွေဖက်က မပြောတတ် မဆိုတတ်လို့ ဗဟုသုတရှိဖို့ စာမဖတ်လို့ ခံရတဲ့ဖက်မှာ နေရာ အရများနေကြောင်း သိနေတယ်။ ကိုယ်တိုင်လဲဘဲ ငယ်တုန်းက ငယ်သေးလို့ ကြီးလာတော့လဲ အားနာလို့နဲ့ အနှပ်ခံရတာတွေ ရှိလို့ပါ။ အဲဒါတွေ သင်္ခဏ်းစာ ယူပြီး စိတ်အားမတ်မတ် လူအားမတ်မတ် ရပ်နိုင်အောင် အလေ့အကျင့် လုပ်မိပါတယ်။ ဂီတလောကလုံး အကျိုးရှိစေမယ့် ဥပဒေကိစ္စကို တနေ့နေ့ကျဖြစ်အောင် ကျိုးစားမယ်လို့ ကိုယ့်ကိုယ်ကို ဂတိပေးထားလိုက်ပါတယ်။

ဂတိတခုခု ပေးထားရင် ပေးတဲ့အတိုင်း တည်အောင် ကျိုးစားတတ်တဲ့ မာအေးရဲ့ညာဉ်ရှိနေလို့ပါ။ ကိုယ့်ဟာကိုယ်ပေးထားတော့လဲ မလုပ်မဖြစ် ကိစ္စတခု ဖြစ်သွားတာပေါ့လေ။

'ဥပဒေ' ဆိုတာနဲ့ ပတ်သက်ပြီး ဦးဆုံး ကြုံခဲ့ရတာ မာအေး နာမည်ကြီးစ 'သက်တန့်ပေါ်မှာ ကစားမယ်'အရွယ်ကတည်းကပါရှင်။ အဲဒီတုန်းက ဓါတ်ပြားကုမ္မဏီဆိုလို့ 'လွတ်လပ်ရေး' ရယ်၊ 'ပဒေသာ'ရယ်၊ 'ဘားမားပရိုက်' ဆိုတာရယ်၊ ဒါလောက်ပါဘဲ၊ ဒိရှေ့က၊ ခွေးတံဆိပ်တို့ဘာတို့က မာအေးဓါတ်ပြားလောက ရောက်ချိန်မှာ မရှိတော့ပါဘူး။ မာအေးက ပဒေသာဓါတ်ပြားကုမ္မဏီနဲ့ စာချုပ် ချုပ်ခဲ့ပါတယ် ရှေ့နေဆိုတဲ့လူကြီးမင်းတဦးရဲ့ ရှေ့မှာ ချထားတဲ့ နိုင်ငံတော်တံဆိပ်ခေါင်း အကြီး ခေါင်းစဉ်အောက်မှာ လက်နှိပ်စက်နဲ့ရိုက်ထားတဲ့ စာရွက် ၂ ရွက်ထဲက နောက်စာရွက်မှာ ကိုယ့်နာမည်ရိုက်ထားတဲ့ စာလုံးပေါ်က နေရာလေး ပြပေးတဲ့နေရာ လက်မှတ်ထိုးလိုက်တာပါဘဲ။ မာအေး မိဘတွေကလဲ ဂီတသမား ရိုးရိုးကြီးတွေ ဘာမှ သူတို့ မသိကြဘူး။ ကိုယ်ကလဲ ခလေး - ဘာတွေးနေမှာလဲ လူကြီးတွေက ဒါလုပ်ပေး ဆို လုပ်ပေးလိုက်တာဘဲပေါ့။ မာအေးက ရှေ့နေဆိုတာ မောင့်ကျက်သရေခေါင်းပေါင်းနဲ့တိုက်ပုံနဲ့၊ လည်ပင်းမှာ လျှာနှစ်ခွလေး တတ်ထားလိမ့်မယ်လို့ ရုပ်ရှင်ထဲ မြင်ဖူးတာလို မျှော်လင့်တာပါ။ ခုတော့ အဲဒီလျှာတွေ ဘာတွေ တတ်မလါလဲ ရှေ့နေပါဘဲကလား လို့ ရင်ထဲမှာ အသိနောက်ကျတဲ့ ကိုယ့်ကိုယ်ကိုဘဲ ဟားလိုက်ပါတော့တယ်။

*(ကျမ မိန်းမရှေ့နေမှ) ကျမ မိန်းမရှေ့နေလုပ်မယ်၊ ယောက်ျားတိုင်းလဲ ကန့်ကွက်မဲပေးနိုင်တယ်၊ ယောက်ျားအမျိုးမျိုး ကျမ်းကိုးအစေါင်စေါင် အာဂုံဆောင်ကါ အမှုနိုင်အောင် လိုက်ပြချင်တယ် xxx

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် - မျိုးဇော်

0 ကွန်မန့်ရေးရန်:

Post a Comment