Sunday, August 26, 2012

တိုင်းပြည်ချက်ချင်း ဦးမော့လာအောင် လုပ်ချင်လျှင်......။

(သြဂုတ်လ ၂၇ ရက်နေ့ထုတ် Voice ဂျာနယ်မှ ဦးလှဝင်း (လေသူရဲတစ်ဦး) ရေးသားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ထပ်ဆင့်ကူးယူဖေါ်ပြလိုက်ပါတယ်။)
ယခုတစ်လော လွှတ်တော်အစည်းဝေးတွေကို ညစဉ် ၈ နာရီတီဗီရှေ့မှာ ထိုင်ပြီး စောင့်ကြည့်နေခဲ့ပါတယ်။ မေးခွန်းမေးတယ်။ အဆိုတင်တယ်။ ပြန်ဖြေတယ်။ ဒီသတင်းတွေကိုပဲ နေ့စဉ်နားထောင်နေရပါတယ်။
    ကျွန်တော်အားမရဘူးခင်ဗျား။
    နေ့ချင်းညချင်း ကျွန်တော်တို့တိုင်းပြည်ကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမယ်ဆိုတဲ့ အားမာန်အပြည့်ပါတဲ့... ထူးကဲတဲ့ဥဏ်ပညာအပြည်ဝ ရှိတဲ့....ကျွန်တော်တို့ပြည်သူတွေ အလွန်အံ့သြသွားစေမယ့်..... ခုန်ထပြီးလက်ခုပ်လက်ဝါးတီးချင်စိတ် ပေါက်သွားစေမယ့် အတွေးသစ်၊ အမြင်သစ်၊ အကြံဥဏ်သစ်တွေကို အလွန်ကြားချင်လှပါတယ်။
    ဒီနေ့အထိမကြားရသေးပါဘူး။
    ကျွန်တော်တိုမွန်ဒေသရဲ့ စကားနဲပြောရင်တော့ " အိပဲ့ အိပဲ့နှင့် ကနော့ " တဲ့ သတင်းတွေပဲကြားနေရပါတယ်။
    ဒီကြားထဲရခိုင်ပြဿနာ ပေါ်လာတာလည်း အလွန်စိတ်ညစ်စရာတစ်ခုပေါ့ ခင်ဗျား။
    တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ကို ချက်ချင်းဦးမော့အောင် ပြုလုပ်ချင်ရင် ပြုလုပ်လို့ရပါတယ်ခင်ဗျား။
    အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။
    There is will, there is way တဲ့။
    ဆန္ဒရှိရင်နည်းလမ်း ရှိတယ်ပေါ့ခင်ဗျား။
    ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ အာဏာက သမ္မတမှာပဲ ရှိပါတယ်။ လွှတ်တော်မှာ မရှိပါဘူး။ လွှတ်တော်မှာအုပ်ချုပ်မှု့ အာဏာမှမရှိပဲခင်ဗျား။ လွှတ်တော်ကိုအပြစ်တင်လိုမရပါဘူး။
        ကျွန်တော်တို့တိုင်းပြည်မှာ ချက်ချင်းပြုပြင်ကြရမယ့်၊ အဖြေရှာရမယ့် လုပ်ငန်းကြီးလေးခုရှိပါတယ်။ သမ္မတအာဏာဖြင့် ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်နိုင်မယ့် လုပ်
ငန်းတွေပေါ့ခင်ဗျား။
    (၁) လျှပ်စစ်မီးပြဿနာ။
    (၂) လမ်းပန်းဆက်သွယ်ရေးပြဿနာ။
    (၃) အင်တာနက်ပြဿနာ။
    (၄) ဥပဒေစိုးမိုးရေးပြဿနာ။
    ပထမဆုံးလျှပ်စစ်မီးပြဿနာကို ကျွန်တော်ဆွေးနွေးပါ့မယ်။ တလောက လောပီတရေအားလျှပ်စစ်နှင့် မနီးမဝေးမှာရှိတဲ့ဒေသရဲ့ ကိုယ်စားလှယ် အမတ်တစ်ယောက်က လွှတ်တော်မှာ မေးခွန်းမေးပါတယ်။ သူမေးတဲ့လိုရင်းကတော့ အဲဒီနားကဒေသသုံးခုကို လျှပ်စစ်မီးရအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို အစီစဉ်ရှိ မရှိ သိချင်ပါတယ်တဲ့။ သက်ဆိုင်ရာဝန်ကြီးကလည်း ပြန်ဖြေပါတယ်။ အဲဒီဒေသတွေကို လျှပ်စစ်မီးပေးဖို့ အစီစဉ်ရှိပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်ခွင့်ပြုချက်အရ ၂၀၁၅ ခုနှစ်ကျမှ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်တဲ့။
    သုံးနှစ်စောင့်ဦးပေါ့ ခင်ဗျား။
    ဒီမေးခွန်းကို ဥပမာအဖြစ် ကျွန်တော်တင်ပြတာပါ။
    ဒီနေ့မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမရတဲ့ဒေသတွေလည်း မီးရချင်တယ်။ လျှပ်စစ်မီးမှန်မှန်မရတဲ့သေတွေလည်း မှန်မှန်ရချင်တယ်။ ရန်ကုန်မြို့ကြီးလိုနေရာမှာလည်း နွေလျှပ်စစ်ဒုက္ခ မရောက်ချင်ကြတော့ဘူး။
    ဘယ်လိုလုပ်ကြမှာလည်း။
    အစိုးရမှာလည်း ဘတ်ဂျက်ကမရှိဘူး။
    တကယ်တော့ ဒီလျှပ်စစ်ဒုက္ခကို ချက်ချင်းဖြေရှင်းပေနိုင်မယ့် နည်းကို (၁၀-၇-၁၀၁၂) နေ့ထုတ်သစ္စာမဂ္ဂဇင်းမှာ ကျွန်တော်ဆောင်းပါးရေးပြီးပါပြီ။
    အောက်စဖို့တက္ကသိုလ်က ပါမောက္ခ Paul Collier မြန်မာနိုင်ငံကို လာရောက်ပြီး အကြံပြု့သွားတာပါ။ ဒီနေ့ အာဖရိကတိုက်က ကင်ညာနိုင်ငံမှာ ပြု့လုပ်ခဲ့သလို ကမ္ဘာကျော် (G.E) လျှပ်စစ်ကုမ္ပဏီကြီးကိုခေါ်ပြီး ခင်ဗျား ကျွန်တော်တို့ နိုင်ငံကို လျှပ်စစ်မီးလင်းအောင် လုပ်ပေးဗျာ ဆိုပြီး တာဝန်ပေးလိုက်ပါ။ သူတို့အာဖရိကမှာ ကောက်ခံတဲ့မီတာနှုန်းက လောင်စာတန်ဖိုး အပေါ်မှာ တစ်ယူနစ်ကို သုံးပြား ( 3 cents) ပဲယူပါတယ်။ တစ်ယူနစ်အပေါ် လောင်စာစရိတ် တစ်ပြား (1cents) ဆိုရင် သူတို့တစ်ယူနစ် မီတာခနှုန်းက (4cents) ပဲရှိပါတယ်။
    တစ်နိုင်ငံလုံးမှာ သူတိုလျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေတည်မယ်။ မီးကြီုးတွေသွယ်မယ်။ တခြားလိုအပ်တာတွေ သူတို့ပိုက်ဆံအရင်းနှီးနှင့် အကုန်လုပ်ပေးမယ်။ ကျွန်တော်တို့နိုင်ငံမှာ ရေအား လျှပ်စစ် စက်ရုံတွေလည်း အများကြီး ရှိပါတယ်။ ဒီစက်ရုံတွေကိုလည်း သူတို့ကိုလွဲပေးလိုက်ရုံပါပဲ။ အခက်ခဲတွေကို သူတိုရှင်းပေးလိမ့်မယ်။ ဒီနေ့ခေတ်စားနေတဲ့ ဘီ အို တီ စနစ်ပေါ့ခင်ဗျား။ အဲဒီလို ကမ္ဘာ့အင်အား အကြီးဆုံး ကုမ္ပဏီကြီးတွေကို တာဝန်ပေးရင် အတတ်ပညာပိုင်း (Teachnology) တွေလည်း ကင်းလွတ်သွားပြီ။ နောက်... ဒီနေ့မြန်မာနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ကျင့်သုံးတဲ့ စီးပွါးရေးမှုဝါဒကလည်း လုံးဝပွင့်လင်းတဲ့မူဝါဒကို သုံးနေတယ်ဆိုတော့ ကြားမှာဘယ်သူမှ ဖြတ်စားလို့မရပါဘူး။ လာဘ်ယူလို့မရဘူး။ ခိုးလို့မရပါဘူး။
    ကဲ... ဒီလိုသာလုက်လိုက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ချက်ချင်း မီးမလင်းသွားဘူးလား ခင်ဗျား။
 
(၂) လမ်းပန်းဆက်သွယ်ရေးပြဿနာ
    ဒီနေမြန်မာနိုင်ငံဟာ အာရှလမ်းမကြီးတွေရဲ့ အဓိကျတဲ့ ပထ၀ီအနေထားမှာ ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အိန္ဒိယကို ကုန်းလမ်းက ဆက်သွယ်ဖို့က မြန်မာနိုင်ငံကို မဖြတ်လိုမရပါဘူး။ တရုတ်နိုင်ငံကလည်း ဘင်္ဂလားပင်လယ်အော်ကို ကုန်းလမ်းကထွက်ဖို့က မြန်မာနိုင်ငံကို မဖြတ်လို့မရပါဘူး။ ဒီနိုင်ငံတွေအားလုံးကို မြန်မာနိုင်ငံက ဖိတ်ခေါ်လိုက်ပါ။ ဘီ အို တီ စနစ်နဲ့ လုပ်ခွင့်ပေးလိုက်ပါ။ ပြေးလာကြပါလိမ့်မယ်။
    မိမိအတွက် အကျုးရှိမယ့်နိုင်ငံတွေ ကုမ္ပဏီကြီးတွေကို ခေါင်းခေါက် ရွေးပေါ့ခင်ဗျား။
    နိုင်ငံတစ်နိုင်ငံကို လမ်းပန်း ဆက်သွယ်ရေးတွေမကောင်းပဲ တိုးတက်အောင်လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီနေ့ဆောက်လုပ်ဖို့က အဓိကလမ်းမကြီး သုံးခုပဲလိုအပ်ပါတယ်။
    ရန်ကုန်မှ မန္တလေး၊ မြစ်ကြီးနားလမ်း။
    ရန်ကုန်မှ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းလမ်း။
    ရန်ကုန်မှ ပုသိမ်လမ်း။
    ကျန်တဲ့ဒေသတွေကတော့ အဲဒီလမ်းမကြီးကို လမ်းသွယ်တွေနဲ့ ဖေါက်ဝင်ကြပေါ့ခင်ဗျား။

(၃) အင်တာနက်ပြဿနာ
    ဒီနေ့မြန်မာနိင်ငံမှာ သုံးနေတဲ့ အင်တာနက်စနစ်၊ အင်တာနက်အမြန်နှုန်းနဲ့ ဒီနေ့ ကမ္ဘာကြီးကို ဘယ်လိုမှဆက်သွယ်လို့မရနိုင်ပါဘူး။ Voice over IP....။
    အင်တာနက်နဲ့တယ်လီဖုန်းလည်း ခွဲခြားလို့မရပါဘူး တွဲနေပါတယ်။
    ဒီနေ့အင်တာနက်အတွက်ပေးနေရတဲ့ ၀န်ဆောင်မှုအတွက်ပေးဆောင်နေရတဲ့အခ...။
    တယ်လီဖုန်းဆက်သွယ်ခ...။
    ဒီစရိတ်နှုန်းထားတွေလည်း အလွန်ပဲမြင့်နေပါတယ်။
    ခွင့်လွတ်ပါခင်ဗျား။
    ကျွန်တော်မြင်နေတာကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တယ်လီဖုန်းသုံးခွင့်နှင့် အင်တာနက်သုံးခွင့်တွေကို ယခင်အာဏာပိုင်တွေက လက်နက်အဖြစ်သုံးခဲ့ပါတယ်။ သူတို့အကျိုးအတွက် အဓိကထားကြည့်ခဲ့ပါတယ်။
    ဆယ်လူလာဖုန်းသုံးခွင့် ဆင်းကပ်ပြား တစ်ပြားရဖို့ ကျပ်ငွေဆယ့်ငါးသိန်း... သိန်းနှစ်ဆယ်ပေးခဲ့ကြရတာ ကမ္ဘာမှာ ဘယ်နိုင်ငံမှ မှမရှိခဲ့ပါ။
    အဲဒီငွေတွေဘယ်ရောက်သွားသလဲ။
    နိုင်ငံတော်ရဲ့ဘဏ္ဍာတိုက်ထဲကို ရောက်သလား။ ပုဂ္ဂလိကအိတ်တွေထဲကိုရောက်သွားသလား။
    အရေးယူဖို့မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းတင်ဖို့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့တစ်ခုဖွဲ့ပြီး စုံစမ်း စစ်ဆေးသင့်ပါတယ်။
    ဒီအင်တာနက် ၀န်ဆောင်မှု့ကိုလည်း ကမ္ဘာ့ အင်အား အကြီးဆုံး ကုမ္ပဏီတစ်ခုကို ဘီ အို တီ စနစ်နဲ့ပဲ လွဲလိုက်သင့်ပါတယ်။ ချက်ချင်း အင်တာနက်ဝန်ဆောင်မှု့နဲ့ တယ်လီဖုန်းဆက်သွယ်မှု့တွေ ကမ္ဘာ့အဆင့်မီဘ၀ကို မြန်မာတွေရောက်သွားပါလိမ့်မယ်။

(၄) ဥပဒေစိုးမိုးမှု့ ရှိရေးပြဿနာ။
    အဲဒါကအရေးကြီးဆုံး ပြဿနာပါပဲ ခင်ဗျား။
    နိုင်ငံတစ်နိင်ငံရဲ့ စီးပွားရေးဦးမော့လာအောင်ပြုလုပ်ဖိုက တရားဥပဒေစိုးမိုးမှု့ မရှိရင် ဘယ်လိုမှပြု့လုပ်လိုမရနိုင်ပါဘူး။ အဲတာကတော့ ဘီအိုတီ စနစ်နဲ့လည်းရှင်းလိုရတဲ့ ပြဿနာမဟုတ်တော့ပါဘူး။
    ဒီပြဿနာကို အဓိကဦးဆောင်ပြီး ကိုင်တွယ်ဖြေရှင်းရမှာက အာဏာရအစိုးရပေါ့ခင်ဗျား။ ဒါပေမဲ့ အစိုးရတစ်ခုထဲလည်း တာဝန်ယူလို့မရနိုင်ပါဘူး။ ပြည်တွင်ငြိမ်းချမ်းရေး မရှိပဲနှဲ့လည်း ဥပဒေစိုးမိုးမှု့ မရှိနိုင်ပါဘူး။ ဥပဒေစိုးမိုးမှု့ ရှိဖိုက...
    (၁) အစိုးရ။
    (၂) လွှတ်တော်။
    (၃) တရားရုံး။
    (၄) စာနယ်ဇင်း။
    (၅) ပြည်သူလူထု။
    အဲဒီငါးခုလုံးတာဝန်ယူကြရပါမယ်။
    (၁) အစိုးရရဲ့အဓိကတာဝန်က ဒီနေ့နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအဖွဲစည်း အဆင့်ဆင့်ကို လွတ်လပ်တဲ့၊ ပွင့်လင်းမြင်သာတဲ့၊ တာဝန်ကျေတဲ့၊ ပြည်သူကိုအမှန်တကယ် တာဝန်ကျေတ၊ဲ့ ပြည်သူကို အမှန်တကယ်အကျိုးပြုတဲ့ အုပ်ချုပ်မှု့အဖွဲစည်းတွေဖြစ်အောင် ဆောင်ရွက်ရပါမယ်။
    (၂) လွှတ်တော်က ဒီနေ့ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ပြီး ပြည်သူတွေကို အကျိုးပြု့မယ့် ဥပဒေသစ်တွေကို အစားထိုးဖို့ ကြိုးစားသင့်ပါတယ်။
    (၃) တရားရုံးကတော့အသက်ပေါ့ ခင်ဗျား။ ဒီအပိုင်းကိုတော့ ကျွန်တော်မဆွေးနွေးတော့ပါဘူး။ ဒီနေ့တရားရုံးတွေရဲ့ သရုပ်မှန်ကို ဒီနေ့အမှု့ ဖြစ်ဖူးသူတိုင်း သိကြပါတယ်။ ဒီနေ့တရားရုံးက ပြဿနာတွေကလည်း ဖြေရှင်းလို့မရနိုင် တာတွေမဟုတ်ပါဘူး။ အစိုးရပဲအဓိကတာဝန်ယူဖြေရှင်းပေးရမှာပဲ။
    (၄) စာနယ်ဇင်း။ ဒီနေ့ ၂၀-၈-၁၂ မှာပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှုး ဦးတင့်ဆွေရဲ့ ထုတ်ဖော်ပြောကြားချက်အရ (ဆင်ဆာ) မရှိတော့ပါဘူး။ ကျွန်တော့တို့စာနယ်ဇင်းလောက အနေနဲ့ကတော့ ဒီမိုကရေစီ အခွင့်ရေးတွေ အကုန်ရခဲ့ကြပါပြီ။ ရှေ့မှာ စာပေစီစစ်ရေးရုံးနဲ့ ဘာမှပြဿနာ ရှိတော့မှာမဟုတ်ပါဘူး။ ဥပဒေကြောင်းရတော့ ကိုယ်ဖြစ် ကိုယ်ခံဘ၀ ရောက်ခဲ့ကြပါပြီ။
    အလွန်ဝမ်းသားတယ်ခင်ဗျား။
    ဘာကြောင့်ဝမ်းသာသလဲ။
    တိုင်းပြည်ရဲ့အကျိုးကို ပိုပြီး လုပ်ခွင်ရခဲ့ကြတဲ့အတွက်ပါ။
    ဒီလိုအခွင့်ရေးတွေ ရခဲ့ကြတဲ့အတွက် စာနယ်ဇင်းတိုက်တွေက တရားရုံးမှာသတင်းထောက်တွေ ခန့်ထားကြတော့မယ်။ တရားသူကြီး တစ်ဦးရဲ့ တရားစီရင်ချက် မှားရင်မှားသလို ထောက်ပြကြတော့မယ်။ အစိုးရကလည်း ချက်ချင်းအရေးယူတော့မယ်။ မှန်ပါတယ် စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတာဟာ တိုင်းပြည်တစ်ပြည်မှာ ဥပဒေစိုးမိုးမှု့ အပြည့်ဝမရရှိအောင် ပြု့လုပ်ထားသလိုပါပဲ။ ဒီနေ့ ကျွန်တော်တို့ အမှောင်ထုထဲက လွှတ်မြောက်ကြပါပြီ။ စာနယ်ဇင်းသမားတွေဒီနေ့ မြန်မာနိင်ငံကို ဥပဒေစိုးမိုးမှု့ ပိုရှိအောင် ယခင်ကထက် ပိုပြီး လုပ်နိုင်ကြတော့မယ်လို့ ကျွန်တော်အကြွင်မဲ့ ယုံကြည်ပါတယ်။
    (၅) ပြည်သူလူထု။ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေစိုးမိုးမှု့ ရှိရေးဟာ လူထုအပေါ်မှာလည်း အလွန်တည်ပါတယ်။ လူထုက ဥပဒေကို သိနားလည်ရပါမယ်။ လေးစားလိုက်နာ ရပါမယ်။ ဥပဒေမလေးစားသူကိုလည်း ဆွဲထုတ်ပြရဲရပါမယ်။ အဲဒီလိုဆွဲထုတ်ပြနိုင်မယ့် အခွင့်ရေးကိုလည်း နိုင်ငံတော်က ပေးထားရပါမယ်။
    ကျွန်တော်တင်ပြချင်တာ ဒါပါပဲ။
    ကျွန်တော်တို တိုင်းပြည်ချက်ချင်း ဦးမော့လာချင်ရင် အထက်ပါအချက်ငါးချက်ကို အစိုးရနဲ့ပြည်သူလက်တွဲပြီး ချက်ချင်းအကောင်တည်ဖေါ်ပါ။ နိုင်ငံရဲ့ အခြေခံအဆောက်ဦးတွေ ချက်ချင်းခိုင်မာလာလိမ့်မယ်။ ဒီအခြေခံအဆောက်ဦးတွေ ခိုင်မာလာမှပဲ ပြည်ပက၀င်လာမယ့် အရင်းနှီးနဲ့ချေးငွေ၊ ထောက်ပံ့ငွေ၊ အကူငွေတို့ကို မျှော်လင့်လို့ ရပါမယ်။
    အဲဒီငွေအရင်းနှီးတွေရောက်လာမှပဲ ကျွန်တော်တို့ ဒီနေ့မျက်နှာငယ်နေရတဲ့ ဘ၀ကလွတ်မြောက်ကြပါလိမ့်မယ်။
ဦးလှဝင်း(လေသူရဲတစ်ဦး)

0 ကွန်မန့်ရေးရန်:

Post a Comment