နိုင်ငံခြားမှာ ကျောင်းတက်တဲ့အခါ အသက်ငယ်လေ၊ အဲဒီနိုင်ငံရဲ့
ပညာရေးစနစ်ထဲမှာ မြန်မြန်ဆန်ဆန် နေသားတကျ ပိုဖြစ်လေ ဖြစ်သည်။ သို့သော်
အသက်ငယ်လေ အဲဒီနိုင်ငံရဲ့ စရိုက်၊ ဓလေ့ထုံးစံ၊ ပတ်ဝန်းကျင်တို့
လွှမ်းမိုးတာကို ပိုခံရတတ်လေလည်း ဖြစ်သည်။ အဲဒီအခါ ကိုယ့်မွေးနိုင်ငံရဲ့
ထုံးတမ်းစဉ်လာ၊ ဘာသာစကား စတာတို့ကို မမေ့ မပျောက်အောင်၊ မိဘတွေက
ကိုယ့်သားသမီးကို ဘယ်လိုထိန်းသိမ်း လမ်းညွှန်မလဲဆိုတာ အရေးကြီးသည်။
စင်္ကာပူမှာ မြန်မာအသိုင်းအ၀န်း အတန်အသင့်ရှိတာကြောင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာတရား၊ အသိုင်းအ၀ိုင်းတို့နှင့် ကျမ အဆက်မပြတ်ခဲ့။ ဒါ့အပြင် ကျမက စာဖတ်ဝါသနာပါတော့ မြန်မာစာအုပ်များကို အမြဲဖတ်ရင်း၊ အိမ်မှာ မြန်မာလိုပြောရင်း မြန်မာဘာသာစကားကို အမြဲထိတွေ့နေခဲ့သည်။ ဒါ့အပြင် ကျမအမေက ကျမကို သူ့ထက်စာရေးကောင်းတယ်လို့ မြှောက်ပေးပြီး ဆွေမျိုးတွေဆီ အမြဲဒိုင်ခံ စာရေးခိုင်းခဲ့သည်။ ကျမအမေကျေးဇူးကြောင့် မြန်မာစာအရေးအပိုင်းမှာလည်း အဆက်မပြတ်ခဲ့ချေ။

စင်္ကာပူနိုင်ငံတွင် တရုတ်၊ မလေး၊ အိန္ဒိယ စသော အဓိက လူမျိုးစု သုံးစု
ရှိသည်။ ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကား အပြင် ထိုလူမျိုးစုသုံးစု၏
မိခင်ဘာသာစကား (mother tongue) များထဲမှ တခုခုကို ဒုတိယဘာသာစကား (second
language) အဖြစ် ကျောင်းသားတိုင်း သင်ကြားရသည်။ နိုင်ငံခြားသား
ကျောင်းသားများအတွက် အဲဒီ ဘာသာစကား ၃ ခုထဲမှ တခုခုကို သင်ယူတာမှာ
မလိုက်နိုင်ခဲ့ရင်၊ တတိယဘာသာစကား (third language) အဖြစ် သင်ကြားပေးသော
ဂျာမန်၊ ဂျပန်၊ ပြင်သစ် ဘာသာစကားများထဲမှ တခုခုကို ရွေးချယ်လေ့လာနိုင်သည်။
ထို ဘာသာစကားများကို ကကြီး ခခွေး လို အက္ခရာမှစပြီး သင်ပေးသည်။
စင်္ကာပူနိုင်ငံသည် လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ၊ ဘာသာတရားစုံလင်သော နိုင်ငံဖြစ်သောကြောင့် အမြဲ စည်းလုံးညီညွှတ်ဖို့ကို ကျောင်းတွေမှာ Civic & Moral Education လို ဘာသာရပ်ကနေတဆင့် ဦးစားပေးသင်ကြားသည်။ အဓိကပွဲတော်တိုင်းကိုလည်း ကျောင်းမှာ ကျင်းပပြီး လူမျိုးတဦးနှင့်တဦး ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေ့လာဖလှယ် ရင်းနှီးစေသည်။
စင်္ကာပူနိုင်ငံ၏ ပညာရေးစနစ်မှာ အဓိက အဆင့်လေးဆင့် ရှိသည်။
ပထမအဆင့်မှာ မူလတန်းအတွက် ၆ နှစ်တက်ရသည်။ မူလတန်းကျောင်း (Primary School) မှာ ၆ နှစ်တက်ပြီး Primary 6 ကိုရောက်သောအခါ Primary School Leaving Examination (PSLE) ဟုခေါ်သော အစိုးရစစ် စာမေးပွဲကို ဖြေရသည်။
ဒုတိယအဆင့်ကတော့ အလယ်တန်းကျောင်း (Secondary School) ဖြစ်သည်။ အဲဒီအဆင့်မှာ Special, Express, Normal (Academic), Normal (Technical) ဆိုပြီး PSLE မှာရခဲ့သော အမှတ်ပေါ်မူတည်ပြီး ပြန်ခွဲထုတ်သည်။ Special နှင့် Express လိုင်းတွေမှ ကျောင်းသားများက Secondary School ကို ၄ နှစ် တက်ပြီး အင်္ဂလန်နိုင်ငံမှ စစ်သော GCE ‘O’ Level Exam ကို ဖြေရသည်။ Normal (Academic) နှင့် Normal (Technical) လိုင်းမှ ကျောင်းသားများကတော့ ၅ နှစ်ပြီးမှ GCE ‘O’ Level Exam ကို ဖြေခွင့်ရှိသည်။
တတိယအဆင့်မှာတော့ GCE ‘O’ Level စာမေးပွဲမှ ရသော အမှတ်အားလုံးပေါင်းပေါ်မူတည်ပြီး ဆက်လုပ်နိုင်သော လမ်းသုံးလမ်းရှိသည်။ ပထမလမ်းမှာ ပေါ်လီတက္ကနစ် (Polytechnic) မှာ ၃ နှစ်တက်ပြီး ဒစ်ပလိုမာ (Diploma) ယူနိုင်သည်။ ဒုတိယလမ်းကတော့ Junior College မှာ ၂ နှစ်တက်ပြီး GCE ‘A’ Level စာမေးပွဲကို ဖြေဆိုနိုင်သည်။
တတိယလမ်းကတော့ အသက်မွေးဝမ်းကျောင်းပညာရပ်များကို အဓိကထား သင်ကြားပေးသော Institute of Technical Education (ITE) ကို တက်နိုင်သည်။ ITE တက်သူများက GCE “O” Level မှာ အမှတ်အနည်းဆုံးရသူများ ဖြစ်ကြသည်။ ITE မှ Higher National ITE Certificate နှင့်ရပြီးတဲ့အခါ ပေါ်လီတက္ကနစ်သို့ ဆက်တက်ရန် အခွင့်အလမ်းလည်း ရှိသည်။
နောက်ဆုံးအဆင့်အနေနဲ့ကတော့ ပေါ်လီတက္ကနစ်မှပေးသော ဒစ်ပလိုမာနှင့် ကောလိပ်မှပေးသော GCE “A” Level certificate တို့ကို သုံးပြီး စင်္ကာပူနိုင်ငံမှတက္ကသိုလ်များ၊ တခြားနိုင်ငံမှ တက္ကသိုလ်များမှာ ဆက်တက်နိုင်သည်။
စင်္ကာပူမှ ပေါ်လီတက္ကနစ် (Polytechnic) များက မြန်မာလူငယ်များအတွက်သာမက စင်္ကာပူလူငယ်များ ကြားမှာလည်း ယခုအခါ ရေပန်းစားလာသည်။ GCE ‘O’ Level ပြီးသော စင်္ကာပူလူငယ်အများစုက၊ ကောလိပ်ဆက်မတက်ဘဲ ပေါ်လီတက္ကနစ်များကို ဦးစားပေးလျှောက်လာကြသည်။ ပေါ်လီတက္ကနစ်တွေမှာ နှစ်စဉ်နှစ်တိုင်း ကျောင်းသားဦးရေမြင့်လာသလို၊ အမှတ်ကောင်းသူတွေ လျှောက်ကြတဲ့အတွက် ရေပန်းစားတဲ့ ကော့စ် (course) တွေ၏ ၀င်ခွင့်အမှတ်လည်း မြင့်တက်သွားသည်။
ပေါ်လီတက္ကနစ်ပညာရေးကို စင်္ကာပူမှကျောင်းသားများ ပိုရွေးချယ်ကြတာ အောက်ဖော်ပြပါ အချက် ငါးချက်ကြောင့် ဖြစ်နိုင်သည်။ အဓိကအချက်ကတော့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ စသော အထွေထွေဘာသာရပ်တွေကို သင်ကြားစရာမလိုဘဲ ၊ ကိုယ်စိတ်ဝင်စားရာ အလုပ်အကိုင်နှင့် ပတ်သက်သည့် ဘာသာရပ်များကိုပဲ အသေးစိတ် သင်ပြပေးသောကြောင့် ဖြစ်သည်။ ဥပမာ .. အိုင်တီလိုင်းကို စိတ်ဝင်စားသူအနေနှင့် အိုင်တီလိုင်းနှင့်ဆိုင်သည့် ဘာသာရပ်များကိုပဲ သင်ယူရသည်။
စင်္ကာပူက လူငယ်တွေဟာ သူတို့ဘယ်လိုင်းကို စိတ်ဝင်စားတယ်၊ ဘ၀မှာ ဘာလုပ်ချင်တယ်ဆိုတာကို ကိုယ့်ဘာသာ ပိုဆန်းစစ်လာနိုင်ကြသည်။ သူတို့စိတ်ထဲမှာ သူတို့စိတ်ဝင်စားသော ဘာသာရပ်တွေအတွက်ပဲ သင်ကြားလိုကြသည်။ အထွေထွေဘာသာရပ်များကို သင်ကြားရတာ သူတို့လုပ်မယ့် အလုပ်အတွက် အကျိုးမရှိသောကြောင့် အချိန်ကုန်တာပဲဟု မြင်လာကြသည်။
ဒုတိယ အချက်ကတော့ ကောလိပ်ကျောင်းပြီးလျှင် ရသော GCE ‘A’ Level လက်မှတ်နှင့် စာရေးအဆင့်လောက်သာ လုပ်လို့ရသည်။ အိုင်တီ၊ အင်ဂျင်နီယာ၊ သူနာပြု စသည့် အတတ်ပညာနှင့်ဆိုင်သော အလုပ်အကိုင်များကို လုပ်လို့မရ။ ပေါ်လီတက္ကနစ်မှ အင်ဂျင်နီယာပိုင်း ဒစ်ပလိုမာရထားလျှင် လက်ထောက်အင်ဂျင်နီယာအဖြစ် အလုပ်ဝင်လို့ရသည်။ လစာပိုကောင်းသည်။ ကိုယ်ရထားသော ဒစ်ပလိုမာကိုသုံးပြီး၊ နောက်တဆင့်အနေနှင့် စင်္ကာပူ၊ အင်္ဂလန်၊ သြစတေးရီးယား တို့လို နိုင်ငံများမှာ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ယူနိုင်သည်။
တတိယအချက်ကတော့ ပေါ်လီတက္ကနစ်တွေမှာ သင်ပြသောကော့စ်များက ခေတ်နဲ့အညီ အလုပ်အကိုင်ရဖို့အတွက် အသုံးဝင်သည်။ ဥပမာ စင်္ကာပူနိုင်ငံတွင် လေယာဉ်ပျံများကို ပြုပြင် ပြင်ဆင်ထိန်းသိမ်းနိုင်မည့် လူတွေလိုလာလျှင်၊ ပေါ်လီတက္ကနစ်တွေမှာ အရင်က သင်နေသော အီလက်ထရောနစ် အင်ဂျင်နီယာပညာသာမက၊ လေယာဉ်များကို ပြုပြင် ထိန်းသိမ်းတာနှင့် ပတ်သက်သည့် နည်းပညာများကို သင်ကြားပေးသည့် ဒစ်ပလိုမာများကို အသစ်တိုးချဲ့ ထည့်သွင်းသည်။
ကုန်ထုတ်လုပ် စက်ရုံတွေ စင်္ကာပူမှာ အရှုံးများလာပြီး လုပ်သားဦးရေ လျှော့ချလာလျှင်၊ ပေါ်လီတက္ကနစ်တွေမှာ ကုန်ထုတ်လုပ်ပိုင်းနှင့်ဆိုင်သော ကော့စ်များကို ဆက်ထားသင့် မထားသင့် စဉ်းစားကြသည်။ ထိုသို့ ပေါ်လီတက္ကနစ်များက စင်္ကာပူ၏ လုပ်ငန်းပိုင်ဆိုင်ရာမှာ ဖြစ်နေတာတွေကို အမြဲလေ့လာစောင့်ကြည့်နေပြီး၊ ပညာရေးဋ္ဌာနမှ ခွင့်ပြုချက်ယူပြီး ပြောင်းသင့်တာများကို အစဉ် ပြောင်းလဲလေ့ရှိသည်။ ထို့ကြောင့် ပေါ်လီတက္ကနစ်မှာ ကော့စ်များက ခေတ်နောက်ကျသွားတာမျိုး မရှိချေ။
စတုတ္ထအချက်ကတော့ အလုပ်သင်အနေနှင့် ကိုယ်တက်နေတဲ့လိုင်းနှင့် သက်ဆိုင်သော ကုမ္ပဏီတွေမှာ သုံးလလောက် သွားလုပ်ခွင့် ရကြလို့ဖြစ်သည်။ အဲလို အလုပ်သင်ဆင်းတာက ပေါ်လီကျောင်းသားအများစုအတွက် အကျိုးရှိသည်။ ပေါ်လီပြီးလို့ အလုပ်လျှောက်သောအခါ အထောက်အကူဖြစ်သည်။ အလုပ်သဘောကို နားလည်သွားသည်။
နောက်ဆုံးအချက်ကတော့ ပေါ်လီတက္ကနစ်မှာ ကျောင်းသားတွေကို လူကြီးတယောက်လို ပိုဆက်ဆံတယ်လို့ သူတို့ ခံစားရလို့ ဖြစ်သည်။ ကောလိပ်ကျောင်းသားတွေလို ကျောင်းဝတ်စုံလည်း သူတို့မ၀တ်ရ။ စာသင်ကြားရာမှာလည်း လက်တွေ့ပိုကျသော၊ ပိုလွတ်လပ်သော ပတ်ဝန်းကျင်မျိုးမှာ သင်ကြားရသည်။ ခုခေတ် လူငယ်တွေသဘာဝ ကိုယ့်ဘာသာ ဆုံးဖြတ်ပိုင်ခွင့် ပိုရှိတာမျိုးကို သူတို့က လိုလားကြသည်။
ဒါပေမယ့် ခုအခါ ပေါ်လီတက္ကနစ်တွေမှာသာမက အလယ်တန်းကျောင်းနှင့် ကောလိပ်တွေမှာလည်း တချို့ကိစ္စတွေ ဆုံးဖြတ်ရာမှာ ကျောင်းသားတွေကိုပါ ထည့်သွင်းလာကြသည်။ ဥပမာ - စင်္ကာပူနိုင်ငံမှာ ကျောင်းဝတ်စုံ အရောင်က တကျောင်းနှင့် တကျောင်း မတူညီပေ။ ကျောင်းတိုင်းက ကိုယ့်ကျောင်းဝတ်စုံအရောင်ကို ဆုံးဖြတ်နိုင်သည်။
ကျောင်းဝတ်စုံအရောင်ကို ဆုံးဖြတ်ရာမှာ ကျောင်းတွေက ကျောင်းသားများကို အကြံပေးစေသလို၊ မဲပေး ရွေးချယ်စေတာမျိုးတွေလည်း လုပ်လာကြသည်။ ကျောင်းသားများကို ကိုယ့်ကျောင်းမှ ကျောင်းဝတ်စုံကို ဂုဏ်ယူစွာ ၀တ်ဆင်စေချင်တာအပြင်၊ ကျောင်းက သူတို့အမြင်၊ ဆုံးဖြတ်ချက်များကို တန်ဖိုးထားပါလားဟု ပြသတာမျိုးလည်း ဖြစ်သည်။
စင်္ကာပူနိုင်ငံ၏ ပညာရေးစနစ်ကြောင့် တနိုင်ငံလုံးမှာရှိသော ကျောင်းများဟာ နာမည်ကြီးကြီး မကြီးကြီး အဆင့်အတန်းတခုဆီတော့ ရှိကြသည်။ နာမည်ကြီးကျောင်းတွေမှာတော့ သင်ပြသောဆရာများနှင့် သင်ပြပုံနည်းစနစ်တွေက ပိုကောင်းတတ်ကြသည်။ ဒါ့အပြင် ကြီးပြင်းရသော ပတ်ဝန်းကျင်မှာ အများအားဖြင့် လူတော်တွေနှင့် ပြည့်နေသည်လို့ စင်္ကာပူနိုင်ငံသား မိဘများက ခံယူကြသည်။
စင်္ကာပူ ပညာရေးကို မြန်မာနိုင်ငံမှ လူငယ်များ၊ မိဘများလည်း စိတ်ဝင်စားကြသည်။ အရှေ့တောင်အာရှမှာသာမက ကမ္ဘာပေါ်မှာလည်း စင်္ကာပူပညာရေးက နာမည်တခု ရထားသည်။
စင်္ကာပူနိုင်ငံတွင် အလယ်တန်းအဆင့်မှ ကျောင်းစတက်ခဲ့သလို၊ နောက်ပိုင်းမှာလည်း ပေါ်လီတက္ကနစ်တွင် ဆရာမလုပ်ခဲ့သောကြောင့် စင်္ကာပူပညာရေးကို ကျောင်းသားတယောက်အနေနှင့်ရော၊ ဆရာမတယောက်အနေနှင့်ရော ကျမသုံးသပ်မိသည်။ စင်္ကာပူမှာ အလယ်တန်းက စကျောင်းတက်ခဲ့သောကြောင့် ကနေဒါ နှင့် အင်္ဂလန်နိုင်ငံတို့တွင် ကျမ ဆက်လက်ပညာသင်သောအခါ အဘက်ဘက်မှာ ပြဿနာမရှိအောင် အခြေခံကောင်းခဲ့သည်ဟု ကျမယုံကြည်မိသည်။
ကမ္ဘာပေါ်မှာအသုံးပြုသော အင်္ဂလိပ်ဘာသာစကားကို စင်္ကာပူပညာရေးတွင် အဓိကထား သုံးသည်။ ဘာသာရပ်တိုင်းက အင်္ဂလိပ်လို၊ သင်တာကလည်း အင်္ဂလိပ်လို။ တချိန်တည်းမှာလဲ ကိုယ့်မိခင်ဘာသာစကားကို မမေ့မပျောက်အောင် ဒုတိယဘာသာစကားအနေနှင့် သင်ပေးသည်။ ဆရာကောင်းတွေကို ပြုစုပျိုးထောင်သည်။ အစိုးရကလည်း ပညာရေးကို အဓိကထား ဆောင်ရွက်သည်။
ဒါကြောင့် စင်္ကာပူပညာရေးဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်းရှိသော ပညာရေးလို့ သတ်မှတ်ခံရပြီး၊ အနောက်နိုင်ငံတွေမှာ စာဆက်သင်တဲ့အခါလည်း ဘာသာစကားအရ အခက်အခဲမရှိတော့ချေ။
အချိန်နှင့်အမျှ ကမ္ဘာပေါ်တွင် ပြောင်းလဲမှုတွေ ရှိနေသလို၊ စင်္ကာပူပညာရေးမှာလည်း ပြောင်းလဲမှုတွေ ရှိနေသည်။ တချို့ပြောင်းလဲမှုများက အောင်မြင်ခဲ့သလို၊ တချို့ကတော့ အချိန်ယူပြီးမှ ရလဒ်ကို သိရသည်။ တချို့ပြောင်းလဲမှုများကတော့ ထင်သလောက် မအောင်မြင်ခဲ့သောကြောင့် နောက်ထပ် ပြောင်းလဲမှုများ လုပ်ရတာလည်း ရှိသည်။ မည်သို့ဆိုစေ ပြောင်းလဲမှုရှိနေသော၊ ရပ်တန့်မနေသော စင်္ကာပူပညာရေးစနစ်က ခေတ်နှင့်အညီ လိုက်နေသော ပညာရေးစနစ် ဖြစ်ပေသည်။
ခင်နှင်းစိုး
၇ ဇွန် ၂၀၁၂
(၁၄ ရက်၊ ဇွန်လ၊ ၂၀၁၂ ထုတ် Venus News Journal တွင်ဖော်ပြပြီးဖြစ်သည်)
http://www.maukkha.org/

0 ကွန်မန့်ရေးရန်:
Post a Comment