နေ့ခင်းဘက် ထမင်းစားပြီး
ထန်းပက်လက်ကုလားထိုင်မှာ နာရီဝက် တနာရီ မှိန်းတတ်တာ ကိုတက်တူ အကျင့်။ ဒီနေ့
ထမင်းစားရတာလည်း အတော်ခံတွင်းမြိန်ခဲ့တယ်။ ချဉ်ပေါင်ရွက်ဟင်းချိုနဲ့ ၊
ငါးငပိရေကျို ပျစ်ပျစ်နှစ်နှစ်ကို ငြုပ်သီးစိမ်းထောင်းနိုင်နိုင်နဲ့၊
ယာခင်းထွက် ခရမ်းကြွပ်သီးနဲ့ ဆလပ်ရွက် နံနံပင် သခွားသီးတို့စရာ
လတ်လတ်ဆတ်ဆတ်၊ ငါးကလေးအိုးကပ်။ သားကြီးငါးကြီး မပါဘဲနဲ့ ဗိုက်ထဲ
ငရုပ်ကျည်ပွေ့နဲ့ ထောင်းသွင်းသလို ၀င်တာပ။
ထမင်းပူပူဟင်းချိုပူပူနဲ့ဆိုတော့ နားသယ်စပ်နှစ်ဖက်ကတောင်
ချွေးပြိုက်ပြိုက်စီးလို့၊ ပုခုံးပေါ်က ပုဝါပိုင်းနဲ့ သုတ်သုတ်ပစ်ရတယ်။
သုံးပန်းကန် မောက်မောက် အဆက်မပြတ် စားပြီးတော့မှ ရပ်နိုင်တယ်။ လက်ဆေးရေ
ကမ်းပေးတဲ့ ရှင်မက မျက်စောင်း ချိုချို ချိတ်လို့။ ထိုင်နေကျကုလားထိုင်ပေါ်
ပက်လက်မှိန်း နေရင် အိပ်ချင်သလိုလို ငိုက်မျဉ်းလာပြန်တယ်။ အိမ်ရှေ့က
ဝါးကွပ်ပျစ်နံဘေးက အညာနွေကိုအံတုပြီး ထီးလိုမိုးပေးထားတဲ့ ထနောင်းပင်ကြီးက
သူ့အာရုံထဲမှာ နီးလာလိုက် ဝေးသွားလိုက် ကြီးလာလိုက် သေးသွားလိုက်။
ဇရက်မင်းစည်းစိမ်ဆိုတာ ဒါမျိုးထင်ပါရဲ့..။
(ကျွတ် ကျွတ်) မတိုးမကျယ်
အိမ်မြှောင်စုတ်ထိုးသံကြောင့် မျက်လုံးဖျပ်ကနဲပွင့်လာပြီး
အငိုက်ပြေသွားတယ်။ လူ့စိတ်ကလည်း အခက်သားကလား။ အိပ်ချင်စိတ်တွေက
အပူပြင်းပြင်းပေးလိုက်တဲ့ ရေခိုးရေငွေ့တွေလို တမုဟုတ်ချင်း
ပါးလျားပျောက်ကွက်သွားတာ အစအနတောင် ရှာလို့မရတော့ပါဘူး။
ဇိမ်ဖျက်တဲ့သတ္တ၀ါကို မလိုတမာ စောင်းငဲ့ကြည့်လိုက်တော့ သင်းက နံရံမှာ
အမြီးတရမ်းရမ်းနဲ့။ ဘာရယ်မဟုတ်။ သူနဲ့မလှမ်းမကမ်း ဖုန်အလိမ်းလိမ်းတက်နေတဲ့ ကြွက်လျှောက်တန်းပေါ်မှာ
သုံးလက်စ ပိုးသတ်ဆေး တပုလင်းကို သွားမြင်တယ်။ အိမ်မြှောင်က ပိုးသတ်ဆေးကို
စားစရာမဟုတ်မှန်းသိသလိုလို ဂရုပင်မစိုက်ဘဲ ကျောခိုင်းလို့ ၊ သူ့အတွက်
နေ့လည်စာအဖြစ် မျက်စေ့လည် လမ်းမှားလာမဲ့ ပိုးကောင်မွှားကောင် တကောင်တလေများ
ရမလားလို့ ၀ီရိယထားပြီး တွင်တွင်ချောင်းနေတယ်။ တကယ်တော့ ဒီပိုးသတ်ဆေးက
သူ့ ငရုပ်ခင်းနဲ့ ခရမ်းခင်းတွေမှာ လက်စွဲအဖြစ်သုံးခဲ့တာပေါ့။ အလို
ငါနောက်ဆုံး ပိုးသတ်ဆေးဖြန်းခဲ့တာ ဘယ်ရက်ပါလိမ့်လို့ သူ မျက်စေ့မှေးပြီး
စဉ်းစားမိတယ်။ ပြီးခဲ့တဲ့ တပါတ်ကလား ဆယ်ရက်ကလား။ အသက်ကလေးရလာတော့
မှတ်ဥာဏ်တွေလဲ မှုန်ဝါးလာသလိုပါဘဲ။ ဒီလိုပိုးသတ်ဆေးတွေ
သူ့စိုက်ခင်းမှာသုံးခဲ့တာ ဆယ်စုနှစ်တစုတောင် မကတော့။ ဒီပိုးသတ်ဆေးတွေကို
စိုက်ပျိုးရေးရဲ့ ရဲဘော်ရဲဘက်လို့တောင် အမည်ပေးလိုက်ချင်တယ်။
တနှစ်ပြီးတနှစ် တံဆိပ်တွေသာ အမျိုးမျိုးပြောင်းသွားတယ်။ ပိုးသတ်ဆေးကတော့
ပိုးတွေရဲ့ ဇီဝိန်ကို မှန်မှန်ခြွေနေမြဲ။ ဒီ သီးနှံဖျက်ပိုးမွှားတွေကို
မသတ်ချင်လို့လဲမရ။ တောင်းပန်လို့လည်းမရ၊ မောင်းထုတ်လို့လည်း မနိုင်တဲ့
အမျိုးတွေ။ ကိုယ့်လည်ချောင်းထဲရောက်မဲ့ အစားအစာတွေ သင်းတို့က အုပ်နဲ့
ကျင်းနဲက လုယက်ယူငင် စားသုံးတော့မှာမို့ လူနဲ့ သတ္တ၀ါတို့ရဲ့ အစာလုပွဲမှာ
အားကြီးသူ နိုင်စတမ်းပေပ။
ရွာတွေမှာက ဗဟုသုတကနည်း စာမတတ် ပေမတတ်မို့
ကိုယ့်အတတ်ကိုယ်ပြန်စူးတဲ့ ဖြစ်ရပ်တွေ လည်း မနည်းလှတော့။ မယုံမရှိနဲ့။
တမြန်နှစ်က ငရုပ်ခင်းတွေ ပိုးသတ်ဆေးဖြန်းရင်း ပိုက်ဆို့နေလို့ ပါးစပ်နဲ့
မှုတ်ထုတ် တဲ့ ရွာထဲကကောင်လေး တယောက် ယာခင်းထဲတင် စင်းစင်းသေပါရောလား။
မြို့ပေါ်က တူတယောက်ကတော့ ဟင်းသီးဟင်းရွက်တွေ ရေဆေးတာ နည်းလို့ ထင်ရဲ့
လင်မယားနှစ်ယောက်လုံးရော၊ ကလေးတွေပါ ဆေးရုံတက်လိုက်ရတယ်။ ဒါဆိုရင်
ကိုယ့်လက်နက် ကိုယ့်ပြန်စူးပြီထင်ပါ့။ ခြေရင်းအိမ်က ကိုကျွဲသမီး
အပျိုပေါက်မကတော့ ရည်းစားနဲ့ကွဲပြီး သူ့အဖေယာခင်းထဲပက်မဲ့ ပိုးသတ်ဆေးကို
ပုလင်းတ၀က်လောက် မော့သောက်လိုက်တာ၊ ရေရောပြီးသားမို့လို့တကြောင်း ဆေးရုံ
ချက်ချင်းပို့နိုင်လို့ တကြောင်း သေတွင်းထဲက သီသီလေး လွတ်ခဲ့သပေါ့။
အခုတော့ ရပ်ထဲရွာထဲမှာ လင်မယားချင်း ခိုက်ရန်ဖြစ်ရင်တောင် ပိုးသတ်ဆေးပုလင်း
ဝှက်ထားရပေါ့။
ဟိုတလောက ငယ်သူငယ်ချင်းတယောက် သူ့ဆီ
လမ်းကြုံလို့ အလည်လာတုန်း ပြောသွားတာတွေ အခုထိမှတ်မိသေးတယ်။ သူက
မြို့မှာစာသင်၊ အဲဒီမှာဘဲ အလုပ်ဝင်၊ မြို့သူနဲ့အိမ်ထောင်ကျ၊ အခုတော့ ဘာတဲ့
ပါတ်ဝန်းကျင်ထိမ်းသိမ်းရေး ပရဟိတလုပ်ငန်း လုပ်နေတယ် ဆိုလား။ သူက
ပြောသေးတယ်။ “ဟ-ကောင်ရ၊ ငါတို့ငယ်ငယ်က ယာခင်းထဲမှာ တွေ့တဲ့အသီးခူးပြီး
ရေမဆေး ဘာမဆေး ဂျိုးဂျိုးဂျွတ်ဂျွတ်ဝါးစားခဲ့တာ ချိုလည်းချို
သိပ်အရသာရှိတာဘဲ မောင်၊ အခုတော့ဖြင့် လက်လွတ်စပယ် မစားရဲပေါင်ကွာ၊
မင်းတို့အဲဒီ ပိုးသတ်ဆေးဆိုတာကြီး မသုံးလို့ မရဘူးလား” တဲ့ ။ ပြီးတော့
ပိုးသတ်ဆေးရဲ့ ဆိုးကျိုး ဆိုးမွေတွေ ဆက်ပြောနေသေးရဲ့။ ပိုးသတ်ဆေးကြောင့်
လူကို အကျိုးပြုတဲ့ တခြားအင်းဆက်သတ္တ၀ါတွေ သေကြေရသတဲ့။ မြေဆီလွှာတွေ
ပျက်ယွင်းသတဲ့။ ပါတ်ဝန်းကျင် ညစ်ညမ်းသတဲ့။ လူတွေ ကျမ်းမာရေးထိခိုက်သတဲ့။
အင်း- သူနဲ့ အခြေအတင်ပြောမနေတော့ပါဘူး၊ ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသကိုး ။
ဘယ်သူက အလကား ငွေကုန်ခံ၊ ပါဏာတိပါတာ အကုသိုလ်တက်ခံ ချင်ပါ့မလဲ။
ကိုယ့်အခင်းက ပိုးသတ်ဆေးမဖျန်းရင် ပိုးသတ်ဆေးဖျန်းထားတဲ့ သူများအခင်းက
ပိုးတွေ ကိုယ့်ဆီ စုပြုံလာမှာပေါ့။ စိုက်ခင်းတွေ ပျက်ကုန်ရင်
ဘယ်လိုထမင်းစားရမလဲ။ အခုလို ထမင်းဝရုံသာသာ ရုန်းကန်နေရတဲ့အချိန်မှာ
ဘယ်လိုလုပ် ဒါတွေ ဂရုစိုက်နိုင်ပါ့မလဲ။ အင်း၊ သူပြောသွားတဲ့ “ဘိုင်အို
နည်းပညာ” တို့ “ဇီဝ ပိုးသတ်ဆေး” တို့ ကိုယ့်ရွာနီးချူပ်စပ်မှာ လွယ်လွယ်ကူကူ
လက်လှမ်းမှီမဲ့ အချိန်ရောက်ရင်တော့ တမျိုးပေါ့လေ။
စိတ်ထွေထွေနဲ့ တီဗွီကြည့်ရင်ကောင်းမလား စဉ်းစားပြီး ရီမုတ်ကို ရှာတယ်။ တီဗွီရီမုတ်ကို နှိပ်ကြည့်လိုက်တော့ ထင်းရူး သေတ္တာစုတ်ပေါ်က ဘက်ထရီအိုးနဲ့ တွဲထားတဲ့ ၁၄လက်မ အဖြူအမည်းတီဗွီကလေးက တာဝန်ကျေစွာ
တရှဲရှဲ ခဏမြည်ပြီး ပုံရိပ်တချို့ ပေါ်လာတယ်။ အပြိုင်းအရိုင်း
အောင်မြင်နေတဲ့ သီးနှံခင်းတွေထဲမှာ နောက်ခံ တေးဂီတနဲ့အတူ
ပျော်ရွှင်ကခုန်နေကြတဲ့ နံမည်ကျော်မင်းသားနဲ့ မင်းသမီးလေးစုံတွဲကို ပိုးသတ်ဆေးပုံးကိုလွယ်ပြီး ဆေးဖြန်းပိုက်တရမ်းရမ်းနဲ့ ဂိုက်ပေးကြမ်းကြမ်း သရုပ်ဆောင်နေတာ တွေ့ရတယ်။
တိုက်ဆိုင်လိုက်ပုံများ ပြောဘဲမပြောချင်။ အမှတ်မထင်
သူ့ညာဖက်လှည့်ကြည့်လိုက်တော့ အိမ်နံရံမှာ ချိတ်ထားတဲ့ မှန်ပေါ်မှာ
သူ့ရုပ်ကို သူပြန်မြင်လိုက်ရတယ်။ အသားမည်းမည်း၊ ပါးစပ်ပြဲပြဲ ၊ ဆံပင်
ဖြူတ၀က် နက်တ၀က်နဲ့ ထူးမခြားနား မြင်နေကျမျက်နှာ။ အဲ- ထူးခြားတာက
သူ့မျက်စေ့တွေက ပိုးသတ်ဆေးစားမိထားတဲ့ ဖားတကောင်လို ပြူးကျယ်ကျယ်
ဖြစ်နေတယ်လို့ ခံစားရတယ်။ ချက်ချင်း အသက်ရှုကြပ်ချင်သလိုဖြစ်လာတာနဲ့
ကုလားထိုင်လက်တန်းကို တင်းတင်းဆုပ်ထားလိုက်မိတယ်။ ရှင်မရေ ရှင်မ။ အသံက
လည်ချောင်းထဲမှာပဲ တိမ်ပြီးပျောက်သွားတယ်။ ဗိုက်ထဲက
ထိုးအောင့်ပြီးနာလာတယ်၊ လေချဉ်တချက်တက်တယ် ပြီးတော့ နားခေါင်းထဲမှာ၊
ပါးစပ်ထဲမှာ ပိုးသတ်ဆေးနံ့တွေ စူးရှလာပြန်တယ်။
မိုးစက်ပွင့်မှ ဖြစ်သည်။
မိုးစက်ပွင့်မှ ဖြစ်သည်။
0 ကွန်မန့်ရေးရန်:
Post a Comment