Wednesday, October 9, 2013
ရန်ကုန်မြို့စွန် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အစိမ်းရောင်ဆိုင်းဘုတ်ငယ်လေးများ တန်းစီချိတ်ထားသည့် ဆေးခန်းတစ်ခုကို တွေ့ရသည်။ အထွေထွေရောဂါကု၊ ကလေးအထူးကု၊ သားဖွားမီးယပ် စသည်ဖြင့် အစုံဖြစ်သည်။ ၂၄ နာရီဖွင့်လှစ်သည့် ဆေးခန်းဖြစ်ကြောင်းလည်း ထင်ထင်ရှားရှားရေးထားသည်။
ဆေးခန်းအတွင်း ၀င်ကြည့်လိုက်သည့်အခါ ဆိုင်းဘုတ်ချိတ်ထားသော ဆရာဝန်တစ်ယောက်မှမရှိ။
ပုံမှန်အားဖြင့် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးရှိသည်။ သို့သော် ညနေ ၃ နာရီကျော်လျှင် ဆရာဝန်မရှိတော့။ ထို့ကြောင့် ဆေးခန်းပိုင်ရှင်နှင့် ဆေးခန်းအကူက အလိုအလျောက် ဆရာဝန်များဖြစ်သွားကြသည်ဟု ယင်းဆေးခန်းတွင် အကူအလုပ်လုပ်ကိုင်နေသည့် မမျိုးမျိုးကပြောသည်။
“ဆရာဝန်မရှိပေမယ့် မရှိကြောင်းမပြောခိုင်းဘူး။ တစ်ခါတစ်ခါ ကျွန်မတို့တောင် လူနာတွေကို ဆေးထိုးပေးရတယ်”ဟု ရိုးရိုးဘွဲ့ရတစ်ဦးဖြစ်သူက ၎င်းမတတ်ကျွမ်းသော ဆေးပညာနှင့် လူနာများအပေါ် လှည့်စားနေရခြင်းကို စိုးရွံ့စွာပြောဆိုသည်။
အများပြည်သူ ကျန်းမာရေးဝန်ဆောင်မှုအဖြစ် အထွေထွေရောဂါကု ဆေးခန်းများက လူဦးရေသိပ်သည်းများပြားသော ရန်ကုန်မြို့စွန် ဆင်ခြေဖုံးရပ်ကွက်များတွင် မိုးတွင်းကာလ မှိုပေါက်သလို နေရာယူလာကြသည်။
ဆင်ခြေဖုံးရပ်ကွက်များအတွင်းရှိ ပုဂ္ဂလိကဆေးခန်းငယ်များ၌ လိုင်စင်ရအပ်ပုန်းများက အပေါစား ကျန်းမာရေးဝန်ဆောင်မှုများကိုသာ မှီခိုနေရသည့် လူနာများကို လှည့်ဖြားကုသနေခြင်းသည် မလိုလားအပ်သော ပြဿနာများအပေါ် ဦးတည်နေကြောင်း ဆရာဝန်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။
ယခင်က ညနေပိုင်းမှသာ ဆေးခန်းဖွင့်သည့် အလေ့အထရှိခဲ့သော်လည်း စီးပွားရေးအကွက်မြင်သူအချို့က နှစ်ဆယ့်လေးနာရီ အချိန်ပြည့် ၀န်ဆောင်မှုပေးသည့် အထွေထွေရောဂါကု ဆေးခန်းများကို ဖွင့်လှစ်ကြ၏။ ဆေးပညာဘွဲ့ရ ကျောင်းဆင်းပြီးခါစ ဆရာဝန်များနှင့် လုပ်ငန်းခွင်မ၀င်ရသေးသော ဆရာဝန်များကို အချိန်ပိုင်းငှားရမ်း၍ လုပ်ကိုင်ကြခြင်းဖြစ်သည်။
သို့သော် ဆရာဝန်အလွယ်တကူ ငှားရမ်းမရသော အချို့ဆေးခန်းများတွင် ဆေးခန်းဖွင့်လှစ်ထားသူနှင့် ဆေးခန်းအကူတို့က ကျန်းမာရေးအသိပညာ အားနည်းသော လူနာများကို ဆရာဝန်များသဖွယ် ဟန်ဆောင်၍ ဆေးကုသမှုပေးနေခြင်းများ တွေ့လာရသည်။
“ဆေးခန်းပိုင်ရှင်က ဆရာဝန်မရှိဘူးလို့ လာတဲ့လူနာကိုပြောရင် မကြိုက်ဘူး”ဟု မမျိုးမျိုးက ၎င်းနေ့စဉ်ကြုံတွေ့နေရသော ဆေးခန်း၏အခြေအနေကို ပြောပြသည်။
နားကြပ်ကို လည်ပင်းမှာချိတ်ဆွဲသည်။ သွေးပေါင်ချိန်ပေး၊ ဟိုစမ်းသည်စမ်းပြုလုပ်ကာ တတ်ကျွမ်းသူသဖွယ် ရောဂါရှာဖွေမှုပြုလုပ်ကြသည်။ ဗိုက်အောင့်လျှင် ဘာဆေးသောက်၊ ခေါင်းကိုက်ဖျားနာနှင့် ၀မ်းလျှော အစရှိသည့်ရောဂါများဖြစ်လျှင် ဘာဆေးသောက်ရမည် စသည့် သာမန်ဆေးပညာအသိကို အခြေခံပြီး ကုသမှုပေးကြသည်။ ထိုမျှမက အသားဆေး၊ အကြောဆေး စသည်တို့ကို ဆေးထိုးအပ်ကိုင်ကာ လက်ရဲဇက်ရဲပြုမူသည်။ အပြိုင်အဆိုင်ဖြစ်နေသော အထွေထွေရောဂါကုဆေးခန်း ဈေးကွက်တွင် မိမိဆေးခန်း၌ ဆရာဝန်မရှိလျှင် အခြားဆေးခန်းသို့ လမ်းညွှန်မှုမပေးကြ။ အကျိုးစီးပွားကို ရှေးရှုကာ လူနာများများရရှိရေး... ဒို့အရေး ဖြစ်လာပါသည်။
“အခုနောက်ပိုင်းမှာ ဆရာဝန်မရှိရင် တချို့ဆေးခန်းပိုင်ရှင်တွေက သူတို့ကိုယ်တိုင် ၀င်ပြီးကုသတာတွေ လုပ်လာကြတယ်။ ဆရာဝန်မရှိရင် မရှိဘူးပြောကြပေါ့။ လူနာတွေက သူတို့ရဲ့ အစမ်းသပ်ခံမဟုတ်ဘူး”ဟု ရွှေပြည်သာမြို့နယ်၌ နှစ်ဆယ့်လေးနာရီ ဖွင့်လှစ်ထားသော အထွေထွေရောဂါကု ဆေးခန်းတစ်ခုတွင် အချိန်ပိုင်းလုပ်ကိုင်နေသူ ဒေါက်တာထူးလွင်ကပြောသည်။
လူနာများအနေဖြင့် ရောဂါအသေးအမွှားမှအစ မိမိတို့၏ကျန်းမာရေးအခြေအနေကို ပြည့်ပြည့်စုံစုံ သိရှိလိုကြပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်တစ်ယောက်၏ မှန်ကန်အားကိုးထိုက်သော လမ်းညွှန်ကုသမှုကို လိုအပ်ကြောင်း၊ ဆေးခန်းများအနေဖြင့်လည်း ပေးဆောင်ရသော အခကြေးငွေနှင့် ထိုက်တန်သောဝန်ဆောင်မှုများ ပေးရမည်ဖြစ်ကြောင်း အဆိုပါဆရာဝန်က ဆက်လက်ပြောကြားသည်။
“ဆေးခန်းတွေမှာ ဆရာဝန်မရှိရင် နောက်တစ်ယောက်ကို ခဏတာဝန်ယူခိုင်းပြီး ထိုင်ခိုင်းရပါတယ်။ သူနာပြုဆရာမတွေ၊ ဆေးခန်းအကူတွေက လူနာတွေကို တာဝန်ခံဆရာဝန်မရှိချိန်မှာ ဆေးကုသပေးနေတာက တရားမ၀င်ဘူး။ ဒီလိုလုပ်လို့မရဘူး။ ဆေးကုသခွင့်လိုင်စင်မရှိဘဲလုပ်ရင် ဆေးခန်းလိုင်စင်ကို သိမ်းလို့ရတယ်။ ဆရာဝန်မရှိချိန်မှာ ဒီလိုမျိုးလုပ်လို့ လူနာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ပြဿနာတစ်စုံတစ်ရာဖြစ်လို့ တိုင်တန်းရင်၊ ဒါမှမဟုတ် သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိရင် ဥပဒေအရအရေးယူလို့ရတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွဋ်ကပြောကြားသည်။
ဆေးခန်းဖွင့်လှစ်သည်မှာ အချိန်ကြာမြင့်သည်နှင့်အမျှ ဆရာဝန်များထံမှတစ်ဆင့် မည်သည့်ရောဂါဖြစ်လျှင် မည်ကဲ့သို့သော ဆေးသောက်ရမည်ကို ဆေးခန်းအကူများနှင့် ပိုင်ရှင်ဖြစ်သူတို့က နားလည်လာကြသည်။ သို့သော် အဆိုပါ အခြေခံအသိ အနည်းငယ်သည် အသက်အရွယ်နှင့်လိုက်၍ ပေးရမည့် ဆေးပမာဏ၊ ဖြစ်ပွားသည့်လက္ခဏာများ ဆင်တူသယောင်ရှိသော်လည်း ကွဲပြားမှုရှိသော ရောဂါများကို သိရှိနိုင်ရန်နှင့် ကျွမ်းကျင်သည့် သမားတော်အထူးကုများနှင့် ဆက်လက်ပြသရန် လို၊ မလို စသည်တို့ကို သိရှိနိုင်မည်မဟုတ်ပါ။
အချို့ဆေးခန်းပိုင်ရှင်များမှာ အစိုးရဆေးရုံများမှ အနီဝတ်၊ အပြာဝတ် စသည့် သူနာပြုဆရာမများဖြစ်သော်လည်း ဆရာဝန်နှင့်ပြမည်ဟု စိတ်ဆုံးဖြတ်ကာ လာရောက်သော လူနာများအတွက် ကျေနပ်မှုကို ပေးစွမ်းနိုင်မည်မဟုတ်ပါ။ ဆရာဝန်များသာ ကုသနိုင်သော ရောဂါအခြေအနေမျိုးကို အချိန်နှောင်းမှ သိခွင့်ရခဲ့လျှင် အပ်နှင့်ထွင်းရမည့်အရာကို ပုဆိန်နှင့်ထွင်းရမည့် အခြေအနေမျိုး လူနာများအနေဖြင့် ကြုံတွေ့လိုမည်မဟုတ်ပါ။
“ချောင်းဆိုးရင်ကျပ်ဖြစ်တာကြာလို့ ဆေးခန်းသွားပြတာ။ နားကြပ်နဲ့စမ်းတယ်။ ဘာဖြစ်တာလဲ။ ဘာရောဂါလဲမပြောဘူး။ ဆေးထိုးပြီး ဆေးခြောက်ခွက်စာ ပေးလိုက်တယ်။ နောက်မှသိတာက အဲဒီသူက ဆရာဝန်မဟုတ်ဘူးတဲ့”ဟု အသက် ၂၀ အရွယ် လှိုင်သာယာစက်မှုဇုန်(၅)မှ အလုပ်သမားတစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးက သူကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။
ဆေးခန်းလိုင်စင် လျှောက်သောအခါ တာဝန်ခံဆရာဝန်တစ်ဦးဦးနာမည်ဖြင့် လျှောက်ထား၍ စီးပွားရေးအရ ဆေးခန်းပိုင်ရှင်များက တတ်ကျွမ်းနားလည်သူများအား အချိန်ပိုင်းငှားရမ်းလုပ်ကိုင်ကြပြီး မြန်မာနိုင်ငံဆေးကောင်စီက အသိအမှတ်ပြု လက်မှတ်ရရှိထားသော ဆေးပညာဘွဲ့ရများသာ ဆေးကုသခွင့်ရှိကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်မှုများရှိနေခြင်းကို သေချာစိစစ်ရန်လိုအပ်ကြောင်း လှိုင်သာယာမြို့နယ်မှ အငြိမ်းစားမြို့နယ်ဆရာဝန်တစ်ဦးကပြောသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဆေးခန်းများတွင် နာမကျန်းဖြစ်သော လူနာများအား ကုသမှုပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးပညာဘွဲ့ရ ဆရာဝန်များသာ ဆေးထိုးအပ်ကိုင်ခွင့်ရှိသည်။ မည်သည့်ရောဂါဖြစ်သည်၊ မည်သည့်ဆေးထိုးမည် စသည့် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကုသမှုပေးရသော ကိစ္စရပ်များကို ဆေးခန်းအကူလူများနှင့် သူနာပြုဆရာမများက ပြုလုပ်ခွင့်မရှိပေ။
ပုဂ္ဂလိကအထွေထွေရောဂါကု ဆေးခန်းများတွင် တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူတို့၏ တာဝန်ဝတ္တရားများ ပျက်ကွက်ပါက သတ်မှတ်ထားသော ဒဏ်ငွေရိုက်ခြင်း၊ လိုင်စင်ကို အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ လိုင်စင်ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီ၏ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထို့အပြင် တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူတို့ ပေါ့လျော့စွာဆောင်ရွက်မှုများအပေါ် တရားမနစ်နာမှုဥပဒေအရ တရားစွဲဆိုနိုင်ပြီး အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်မရှိဟု အထက်ပါဥပဒေတွင် ဖော်ပြထားသည်။
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းကြီးကြပ်ရေးကော်မတီအနေဖြင့်လည်း ဆေးခန်းလိုင်စင်၊ အခွန်ဆောင်မှု၊ တာဝန်ခံဆရာဝန်၏ ဆေးကုသခွင့်လိုင်စင် စသည်တို့ကို နှစ်စဉ်စစ်ဆေးပေးနေသော်လည်း ယခုကဲ့သို့ လက်တစ်လုံးခြား လုပ်ဆောင်နေမှုများကို အတိအကျသိရှိနိုင်ရန် ခက်ခဲမည်ဟု မေးမြန်းမှုပြုလုပ်ခဲ့သော အထွေထွေရောဂါကုဆရာဝန်များက ပြောကြားကြသည်။
“တစ်နှစ်တစ်ခါ စစ်ရုံနဲ့တော့ အခုလို မျက်မြင်ကိုယ်တွေ့ ဖြစ်ပျက်နေတာတွေကို တွေ့ရမှာမဟုတ်ဘူး”ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာစည်သူကပြောသည်။
အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပြည့်အ၀အားကိုးမှုမပြုနိုင်သေးသော ဆင်းရဲသားပြည်သူများအနေဖြင့် ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသော အထွေထွေရောဂါကု ဆေးခန်းများတွင်သာ မိသားစုကျန်းမာရေးအတွက် ဖြေရှင်းနေရခြင်းဖြစ်သည်။
“အရမ်းကြီးရောဂါသည်းနေမှ ဆေးခန်းကိုလာတာ။ တော်ရုံတန်ရုံဆို စပ်ဆေးနဲ့ပဲပြီးတာ”ဟု နှစ်ဆယ့်လေးနာရီ ၀န်ဆောင်မှုပေးသော အထွေထွေရောဂါကု ဆေးခန်းတစ်ခုမှ ထွက်လာသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
ဆေးခန်းရှိလျှင် ဆရာဝန်ရှိသည်ဟု အားကိုးထင်မှတ်၍ လာရောက်ကြသော လူနာများအား မျှတသောငွေကြေးဖြင့် အရည်အသွေးမြင့်မားသောဝန်ဆောင်မှု ပေးရေးသည် ပုဂ္ဂလိကအထွေထွေရောဂါကု ဆေးခန်းများ၏ တာဝန်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ။
ရေးသားသူ- ရဲနောင် - 7Day News Journal
0 ကွန်မန့်ရေးရန်:
Post a Comment