Friday, October 19, 2012

အင်္ဂလန်၊ ဒိန်းမတ်၊ ဂျပန်၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)နှင့် နော်ဝေတို့မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ဆွေးနွေး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၁ ဘီလျံကျော်အထိရောက်ရှိ


အင်္ဂလန်၊ ဒိန်းမတ်၊ ဂျပန်၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)နှင့် နော်ဝေတို့မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ဆွေးနွေး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
အမေရိကန်ဒေါ်လာ ၄၁ ဘီလျံကျော်အထိရောက်ရှိ  
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် အင်္ဂလန်၊ ဒိန်းမတ်၊ ဂျပန်၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)နှင့် နော်ဝေနိုင်ငံတို့မှ လာရောက်ဆွေးနွေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြာမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရသိရသည်။

အောက်တိုဘာလ ၈ ရက်နေ့ မှ ၁၁ ရက်နေ့အထိ ၄ ရက်အတွင်း ၆ နိုင်ငံမှ ဆက်တိုက်လာရောက် ဆွေးနွေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်၊ စွမ်းအင်၊ အခြေခံအဆောက်အဦ၊ နိုင်ငံခြားသားကျွမ်းကျင်သူများ ၀င်ရောက်လုပ်ကိုင်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင်မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအကြောင်း ဆွေးနွေးခဲ့ကြသည်။

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံ၏ အသေးစားအလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါထည့်သွင်းဆွေးနွေးပြီး ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ကျွမ်းကျင်သူများ ၀င်ရောက် လုပ်ကိုင်နိုင်ရေးကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အသစ်ပြဋ္ဌာန်းမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပတ်သက်၍လည်းဆွေးနွေးခဲ့ပြီး အဆိုပါ ၆ နိုင်ငံတွင် အကြိမ်ရေအများဆုံးလာရောက်သည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကဏ္ဍစုံတွင် မြှုပ်နှံလုပ်ကိုင်ရန် ဆွေးနွေးခြင်းဖြစ်သည်။

ဂျပန်နိုင်ငံမှ Sumitomo Corporation Asia Ltd၊ Kansai Economic Federation နှင့် AUCNET INC တို့မှ ၄ ရက်အတွင်းဆက် တိုက်လာရောက်ပြီး AUCNET INC မှ မြန်မာနိုင်ငံသို့တင်သွင်းမည့် ကားများအတွက် စစ်ဆေးပေးမည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်  စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၀၉၇ ဘီလျံကျော်ရှိကြောင်းပြီး နိုင်ငံပေါင်း  ၃၂ နိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံထားခြင်းဖြစ်သည်။

မြှုပ်နှံမှုစုစုပေါင်း၏ ၉၀ ရာ ခိုင်နှုန်းနီးပါးမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအားနှင့် သတ္တုတူးဖော်ရေးကဏ္ဍသုံးခုတွင်သာ မြှုပ်နှံထားခြင်းဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ၀ ဒသမ ၄၄ ရာ ခိုင်နှုန်းသာမြှုပ်နှံထားကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်စာရင်းတွင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှမြှုပ်နှံထားပြီး ထိုင်းနိုင်ငံမှ ၉ ဒသမ ၅ ဘီ လျံကျော်ဖြင့် ဒုတိယနေရာမှမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန်ပြင်ဆင်နေသည့်နိုင်ငံများထဲတွင် ဂျပန်နိုင်ငံ၏ မြှုပ်နှံမှုမှာ ကာလတိုအတွင်း အလုံးအရင်းဖြင့်ဝင်ရောက်လာနိုင်ပြီး အထူးစီးပွားရေးဇုန်၊ ကားဆားဗစ်စင်တာကဲ့သို့ ၀န်ဆောင်မှုပေးသည့်လုပ်ငန်း၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် အခြေခံအဆောက်အဦ တည်ဆောက်သည့် လုပ်ငန်းများတွင် အဓိက၀င်ရောက် မြှုပ်နှံမည့် အခြေအနေရှိကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိတွင်မြန်မာနိုင်ငံ၌အမေရိကန်ဒေါ်လာ ၂၁၇ သန်းကျော်သာ မြှုပ်နှံမှုပြုထားကြောင်းထုတ်ပြန် ချက်များအရသိရသည်။
(နှင်းဆီမမ)

0 ကွန်မန့်ရေးရန်:

Post a Comment