ဂျပန်နိုင်ငံ ယာမဟာ ဆိုင်ကယ်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဆိုင်ကယ်အရောင်းစင်တာ လာရောက် ဖွင့်လှစ်တော့မယ်လို့ မကြာသေးခင်က သတင်းများ ထွက်ပေါ်လာခဲ့တယ်။ မြန်မာနိုင်ငံ
စီးပွားရေး မြို့တော်မှာ ရန်ကုန်မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ အကြီးဆုံး အထင်ရှားဆုံး မြို့တော်မှာလည်း ရန်ကုန်မြို့တော် ဖြစ်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ နေပြည်တော်ကို ဇွတ်အတင်း အဓိက မြို့တော်လို့ ဇွတ်သတ်မှတ်ခဲ့သော သွားလေသူ အာဏာရှင်တို့က ဘယ်လိုလုပ်လုပ် ရန်ကုန်မြို့တော်မှာ လူဦးရေ အရရော ခမ်းနားကြီးကျယ်မှုများ အပါအ၀င် အဆင့်မြင့် တည်ဆောက်ထားမှုများအရ အဓိက မြို့တော် ဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်သော ခိုင်မာမှုတခုဖြစ်ပါတယ်။
သို့သော် ယာမဟာ ဆိုင်ကယ်များ ရန်ကုန်မြို့တော်မှ ပြည်သူများ ၀ယ်စီးခွင့်မရခြင်းကတော့ လူဖြစ်ရှုံးနေတယ်လို့ ပြောရမှာ ဖြစ်နေပါတယ်။ လက်ရှိ ရန်ကုန်မြို့တော်သည် မြို့အင်္ဂါရပ်နဲ့ မညီသော တားဆီးမှု၊ ကန့်သတ်မှုနဲ့အတူ မော်တော်ဆိုင်ကယ် စီးနင်း အသုံးပြုခွင့် ပိတ်ပင်ထားခြင်းခံနေရပါတယ်။ ၀န်ကြီးချုပ် ဦးမြင့်ဆွေ တိုင်းမှူးအဖြစ် တာဝန်ယူစဉ် ကာလမှာပဲ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ် ၃၁ မြို့နယ်အတွင်း ပြည်သူလူထုအများ မော်တော်ဆိုင်ကယ် စီးခွင့် ကန့်သတ် ပိတ်ပင်ခဲ့ပါတယ်။ ၀န်ကြီးချုပ် ဖြစ်နေတဲ့အထိ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အရင်တုန်းက ဌာနဆိုင်ရာများ စီးခွင့်ရခဲ့ပြီး အခုတော့ ဌာနဆိုင်ရာများထဲမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့က မော်တော်ဆိုင်ကယ် ၆၅ စီးသာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ နောက်ဆုံး ကန့်သတ် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က မြို့တော်တွေထဲမှာ ဆိုင်ကယ်မစီးရဘူးဆိုပြီး ထူးထူးဆန်းဆန်း ရူးရူးနှမ်းနှမ်း အမိန့်ထုတ် ကန့်သတ်ခြင်းခံရတာ ရန်ကုန်မြို့တော်ပဲရှိပါတယ်။
၂၀၀၆ ခုနှစ် နေပြည်တော် ရုံးမစိုက်ခင်အထိ ရန်ကုန်မြို့တော်မှာ ဌာနဆိုင်ရာ မော်တော်ဆိုင်ကယ်တွေကို စီးခွင့်ပြုပြီး မြန်မာနိုင်ငံရဲ့ ဘယ်မြို့နဲ့မှ မတူတဲ့ ဆိုင်ကယ် နှစ်ယောက်စီးခွင့်ကို ပိတ်ပင် ကန့်သတ်ခဲ့ရာက ခုချိန်မှာ တယောက်ထဲတောင် စီးခွင့်မရတော့တာဖြစ်လို့ ရန်ကုန်မြို့ကလွဲပြီး မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ မော်တော်ဆိုင်ကယ်တွေကို လွတ်လွတ်လပ်လပ် စီးခွင့်ပြုထားတဲ့ ခွဲခြားဆက်ဆံမှုနဲ့ ဘာအကြောင်းပြချက်မှမရှိတဲ့ ကန့်သတ် ပိတ်ပင်မှုတွေကတော့ အံ့သြကုန်နိုင်ဖွယ်ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာရှိတဲ့ တက္ကသိုလ်တွေကို ဆူပူမှာကြောက်ပြီး မြို့ပြင်ကို ရွှေ့ပစ်တယ်။ မြို့ပြင်မှာရှိတဲ့ တက္ကသိုလ်တွေကို တက်နေတဲ့ ကျောင်းသူကျောင်းသားတွေ ဆိုင်ကယ်စီးခွင့်မရတော့ ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ ရူးကြောင်ကြောင် အမိန့်ထုတ်တဲ့လူတွေ ကိုယ်ချင်းစာတတ်မှာမဟုတ်ဘူး။
တချို့ကတော့ ပြောကြပါတယ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့သမီးကို စကော်ပီယံ လမ်းသူရဲတွေက ဆိုင်ကယ်နဲ့ တင်ပြီး ခိုးပြေးမယ်ပြောလို့ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပိတ်တာတဲ့။ ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ သမီးလည်း အခု လင်ရနေပါပြီ။ အဲဒီ ဒုတိယဗိုလ်ချုပ်မှူးကြီးကို ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ စကော်ပီယံ လမ်းသူရဲတွေလည်း ထောင်ထဲ ရောက်ကုန်ပြီ။ ဒါပေမယ့် ရန်ကုန်မြို့တော်ကြီးမှာ ဆိုင်ကယ်စီးခွင့် မရှိသေးတာ ဘာကြောင့်လဲ။ အဲဒီ ပုဂ္ဂိုလ်ကြီး အနားယူသွားတာလည်း ကြာလှပါပြီ။ ရန်ကုန်မြို့တော်ကြီးက ပြည်သူတွေကတော့ ထူးထူးဆန်းဆန်း ရူးရူးနှမ်းနှမ်း အမိန့်ကြောင့် လူစဉ်မမီ လူဖြစ်ရှုံးနေတုန်းပါပဲ။
နိုင်ငံသားချင်းအတူတူ ရန်ကုန်မြို့တော်မှာ နေထိုင်သူများသာ မော်တော်ဆိုင်ကယ်စီးခွင့် အခွင့်အရေး ဆုံးရှုံးနေတာဟာ လူ့အခွင့်အရေး ဆုံးရှုံးနေမှုတခုပဲ ဖြစ်ပါတယ်။ ဘာမှအဓိပ္ပာယ်မရှိဘဲ၊ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ တားဆီး ချုပ်ချယ် ကန့်သတ် ပိတ်ဆို့မှုများဟာ အာဏာရှင်စစ်အစိုးရရဲ့ ဖိနှိပ်သော လုပ်ဆောင်မှုများသာဖြစ်လို့ ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်နေတဲ့ အစိုးရသစ်အနေနဲ့ ဒီကိစ္စကို စဉ်းစားသင့်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြည်သူလူထုတွေရဲ့ကိစ္စ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တာဝန်ရှိနေပါတယ်။
ခက်နေတာက လွှတ်တော်တွေမှာ ဘေးထိုင် ငိုက်မြည်း ထထ ကန့်ကွက်နေတဲ့ တမတ်သားတွေလိုပဲ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေကလည်း ရန်ကုန်မြို့တော်ကြီး မြို့အင်္ဂါရပ်နဲ့ ကင်းမဲ့နေတဲ့ လုပ်ရပ်တွေအတွက် ထုတ်ဖော်ဆွေးနွေး တောင်းဆို တင်ပြမှုတွေ မရှိဘဲ ပုတ်သင်ညိုတွေလို ယိမ်းကနေမယ်ဆိုရင် တိုင်းပြည်အတွက် ဘာအကျိုးရှိမှာလဲ။
ရန်ကုန်မြို့တော် အပါအ၀င် မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြင့်ဖို့ အတွက် မကြာမီ ကာလအတွင်း ဂျပန်ကားကုမ္ပဏီမှ ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်း များတွင် ၀င်ရောက်ဖို့၊ ဘတ်စကားလိုင်းတွေ အဆင့်မီ တိုးချဲ့နိုင်ဖို့ အမေရိကန် ဒေါ်လော သန်းပေါင်း ၄၅၀.၆၈၃ သန်း ရင်းနှီးမြှုပ်နှံမယ်လို့ ဂျပန်ကားကုမ္ပဏီ ဥက္ကဌ မစ္စတာ ဘာဇူဟီစာအီဂါမိုတိုက ပြောကြားခဲ့တာကြောင့် ရန်ကုန်မြို့တော်မှာ သွားလာရေး အခက်အခဲတွေ ရှိနေတာကို ကမ္ဘာက သိသွားပါပြီ။ ရန်ကုန်မြို့တော်မှာ ဘတ်စကားစီးသူ ၈၄ %၊ ကိုယ်ပိုင်ကားစီးသူ ၆ %၊ တက္ကစီးကားစီးသူ ၅ %၊ မီးရထားစီးသူ ၅ % ရှိကြောင်း ၂၀၁၁ ခုနှစ် မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ ပညာရှင်များ ကောက်ယူထားတဲ့ စစ်တမ်းများအရ သိရပါတယ်။
အရင်တုန်းက လူလတ်တန်းစားများနဲ့ အရာရှိငယ်အဆင့် ၀န်ထမ်းများဟာ ရန်ကုန်မြို့တော်မှာ မော်တော်ဆိုင်ကယ်စီးနင်း အသုံးပြုခွင့်ရခဲ့တာကြောင့် သွားလာရေး အဆင်ပြေခဲ့ပါတယ်။ ကားဝယ်မစီးနိုင်တဲ့အတွက် တန်ဘိုးအသင့်အတင့်ရှိတဲ့ မော်တော်ဆိုင်ကယ်များ ၀ယ်စီးရင် ရုံးသွားရုံးပြန်၊ ကျောင်းသွားကျောင်းပြန် အဆင်ပြေနေကြပါတယ်။
အခုနောက်ပိုင်းမှာတော့ မြန်မာတနိုင်ငံလုံး ရန်ကုန်မြို့တော်မှအပ မော်တော်ဆိုင်ကယ်စီးခွင့် ရကြလို့ တမြို့နဲ့တမြို့ တရွာနဲ့တရွာ ကူးသန်းသွားလာမှုတွေ လွယ်ကူခဲ့ပါတယ်။ တရုတ်နယ်စပ် မူဆယ်နမ့်ခမ်းမှာတော့ ကောက်စိုက်သမား၊ လယ်သူမတွေပါ ဆိုင်ကယ် ၀ယ်နိုင်တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာကောက်စိုက်သမား၊ လယ်သူမတွေလည်း ဆိုင်ကယ်ဝယ်စီးနိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တရုတ်လုပ် မော်တော်ဆိုင်ကယ်တွေ သုံးသိန်းနဲ့အထက်၊ ထိုင်းနိုင်ငံလုပ် မော်တော်ဆိုင်ကယ်တွေကတော့ ဆယ်သိန်းနဲ့အထက် ပေါက်ဈေးတွေ ရှိနေတာ တွေ့ရပြီး လမ်းပန်းဆက်သွယ်မှု ချောမွေ့စေတဲ့ ဆိုင်ကယ်အသုံးပြုခွင့်ကို ရန်ကုန်မြို့တော်မှာ ပိတ်ဆို့ကန်သတ်ထားမှုကို ပြန်လည် ခွင့်ပြု ပေးမယ်ဆိုရင် ပြည်သူအချို့ကတော့ ဘတ်စကားတိုးစီးရတဲ့ ဒုက္ခနဲ့ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။
မော်တော်ဆိုင်ကယ်ဆိုတာ အခြေခံလူတန်းစားများအတွက် အသုံးဝင်တဲ့ အသုံးအဆောင် ပစ္စည်းတခုဖြစ်ပါတယ်။ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါဘူး၊ ရာဇ၀တ်မှုတွေ ကျူးလွန်ကြသူများက အသုံးပြုခဲ့တာမျိုး ရှိခဲ့ပေမယ့် အရေအတွက်အားဖြင့် နည်းပါတယ်။ ပြည်သူလူထုတွေ ချောက်ချားခဲ့တဲ့ စိမ်းလဲ့ကန်သာလို လူသတ်မှုမှာ ဇိမ်ခံကားတွေနဲ့ လူသတ်မှု ကျူးလွန်တယ်လို့ ပြောရမှာဖစ်ပါတယ်။ သတင်းမီဒီယာသမားတွေလည်း ဆိုင်ကယ်စီးခွင့်ရရင် လုပ်ငန်းအတွက် အများကြီး အထောက်အကူပြုပါတယ်။ အရင်တုန်းက သတင်းစာတိုက်တွေက သတင်းထောက်တွေ ဆိုင်ကယ်တွေနဲ့ အဆင်ပြေပြေ လုပ်ငန်းလည်ပတ်နိုင်တာကိုလည်း သင်ခန်းစာယူသင့်ပါတယ်။ လောင်စာဆီဈေးတွေ ကြီးမြင့်နေချိန်မှာ ဆီစားသက်သာတဲ့ မော်တော်ဆိုင်ကယ် စီးနင်းအသုံးပြုခွင့်ပေးမယ်ဆိုရင် တဖက်တလမ်းက အထောက်အကူပြုမှာပါ။
အခု မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးနေပါတယ်။ ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံကို တရားဝင် ဆိုင်ကယ်တင်သွင်းတဲ့ အရေအတွက်က ၁,၈၇၇,၅၉၆ စီး ဖြစ်ပါတယ်။ မကြာခင်မှာ ယာမဟာ ဆိုင်ကယ်ကုမ္ပဏီက ဆိုင်ကယ်သစ်တွေ လာရောင်းမယ်ဆိုတော့ ဆိုင်ကယ်စီးခွင့် မရတဲ့ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေ မြင်သာမြင် မကြင်ရတဲ့ ဘ၀မျိုး မရောက်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဘာအကြောင်းပြချက်မှ မပေးဘဲ အဓိပ္ပာယ်မဲ့ ပိတ်ပင် တားဆီးကန့်သတ်ထားခြင်းကို အလျင်အမြန် သုံးသပ်ဆင်ခြင်မိပြီး ပြန်လည်စီးနင်းခွင့်ပြုပေးဖို့ လက်တို့ သတိပေးလိုက်ရပါတယ်။
စိန်သံလုံး
By Lubo
http://www.lubo601.com/2012/10/blog-post_1077.html
0 ကွန်မန့်ရေးရန်:
Post a Comment