Friday, October 12, 2012

ဂျပန်၊ မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် နောက်ကွယ်က အကြောင်းများ




တံခါးဖွင့်ဟ လာသော မြန်မာနိုင်ငံအတွင်း ဂျပန်တို့ အဓိက ပလေယာအဖြစ် နေ့ချင်းညချင်း ရောက်ရှိ လာခြင်းမှာ ယမန်နှစ် အောက်တိုဘာလ၏ တစ်ခုသောညတွင် အစပြုခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သမ္မတ သက်တမ်း ခြောက်လသာ ရှိသေးသော သမ္မတ ကြီးဦးသိန်းစိန်သည် မြန်မာနိုင်ငံ အပေါ် စိတ်ဝင်တ စား ဖြစ်ဆဲရှိသော အသက် ၇၈ နှစ် အရွယ်ရှိ ဝါရင့် ဂျပန်နိုင်ငံရေးသမားကြီး Hideo Watarabe
နှင့် နေပြည်တော် တွင် ဆုံတွေ့စဉ် သီလဝါ အထူးစီးပွားရေးဇုန်ကို ဂျပန်တို့ ထူထောင်နိုင်ရန် ကမ်းလှမ်းခဲ့သည်။ သီလဝါသည် လူဦးရေ သိန်းခြောက်ဆယ်ခန့် ရှိသော စီးပွားရေးမြို့တော် ရန်ကုန်နှင့် နာရီဝက်ခရီးသာ ကွာဝေးပြီး အိန္ဒိယသမုဒ္ဒရာ ကမ်းရိုး တန်းပေါ်ရှိ ဆိပ်ကမ်း တစ်ခုဖြစ်ကာ မကာအိုကျွန်း နီးပါး ကျယ်ဝန်းသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း Yasuhiro Nakasone ၏ ထိပ်တန်း လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သလို အစိုးရ အဖွဲ့ဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်သော Watanabe က တစ်ခုခု စဉ်းစားပေးမည်ဟု ဆိုခဲ့ သည်။ စကားတည်သော Watanabe က ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ အကူအညီများ ရင်းနှီးမြှုပ်နှံမှု များနှင့် ကြွေးးမြီစာရင်း ပယ်ဖျက်ခြင်း အပါအဝင် အနည်းဆုံး ဒေါ်လာ ၁၈ ဘီလျံခန့် အထောက်အပံ့ ရရှိရေး လမ်းစကို တစ်နှစ်အတွင်း အမြန်နည်းဖြင့် လမ်းဖောက်ပေး နိုင်ခဲ့သည်။

ထို့အပြင် အရှေ့တောင်အာရှဒေသ၏အကြီးဆုံးစက်မှုဇုန်အဖြစ် ပေါ်ထွက်လာမည့် မြန်မာနိုင်ငံ တောင်ပိုင်း ထား ဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အတွက်လည်း ချေးငွေ ဒေါ်လာ ၃.၂ ဘီလျံ ကို ဂျပန်တို့က ထပ်မံ ခွင့်ပြုဦးမည် ဖြစ်သည်။

ဂျပန်အစိုးရနှင့် လုပ်ငန်းရှင်တို့က မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးကို သတိကြီးစွာ ထား၍ ဆောင်ရွက် နေရာမှ ယမန်နှစ်နှောင်းပိုင်းအတွင်း နေ့ချင်းညချင်းပြောင်းလဲခဲ့ပုံကို ဆန်းစစ်နိုင်ရန်
Reuters သတင်းဌာနက နှစ်နိုင်ငံ ထိပ်တန်း အရာရှိကြီးများ၊ စီးပွားရေး အမှုဆောင်များနှင့် နိုင်ငံရေး သမားများ အပါအဝင် ပုဂ္ဂိုလ် ၅ဝ ခန့်ကို တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့သည်။

ယင်းတို့၏ ပြောကြားချက်များအရ အဆက်အသွယ်ကောင်းများ ရရှိထားသည့် ဂျပန်အစုအဖွဲ့ငယ် တစ်ရပ်က တိုကျို၏ ဗျူရိုကရေစီနှင့် ထောက်ပံ့ရေး အေဂျင်စီများကို အရေးပါ သောဆုံးဖြတ်ချက်များ အဆင့်ကျော်၍ ချမှတ်နိုင်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိလာရသည်။ မြန်မာ တို့၏ သက်တမ်း နုနယ်သေးသော ပါလီမန် တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို အခြေအတင် ဆွေးနွေးမှုများ မပြီးပြတ်သေးခင်မှာပင် ထိုသို့အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်စေရန် စွမ်းဆောင် ပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်တို့၏စီးပွားရေးဩဇာလွှမ်းမိုးမှုကို လျှော့ချနိုင်ရန် မြန်မာ ခေါင်းဆောင်တို့က မျှော်လင့်ထားသည်နှင့် အညီ ဂျပန်တို့က လက်ဦး မှုရယူလိုက်ခြင်း ဖြစ်ပြီး လောင်းကြေးမှာမူ အာရှဒေသ၏ နောက်ဆုံး ကြွင်းကျန်သော ဈေးကွက် အပေါ် ဩဇာ လွှမ်းမိုးမှုပင် ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုများကို သတိကြီးစွာ ဖြေလျော့ ပေးနေသော အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ သံတမန်တို့ကမူ ဂျပန်တို့၏ လက်ဦးမှုသည် အနောက်နိုင်ငံများအတွက် အားနည်းချက် မဖြစ်စေကြောင်း သုံးသပ် ပြောကြားခဲ့သည်။

ဝါရှင်တန် အစိုးရက တိုကျို အပါအဝင် ယင်း၏ မိတ်ဖက်နိုင်ငံတို့ကို မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းဖြင့် ပြောင်းလဲရေး လိုလားသော စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရနှင့် မြန်မာ့စီးပွားရေးကို အထောက်အကူ ပြုကြရန်ပင် တိုက်တွန်းခဲ့ကြောင်း အစိုးရဌာန အကြီးတန်း အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။

G.E နှင့် Coca-Cola အပါအဝင် အမေရိကန် ကုမ္ပဏီကြီး အနည်းငယ်ခန့်လည်း ပြန်လည် ဝင်ရောက်ခဲ့ကြပြီး ဖြစ်ကာ လျှပ်စစ် လုပ်ငန်းကြီးများဖြစ်သည့် G.E နှင့် Siemen ၊ ဆောက်လုပ်ရေး လုပ်ငန်းကြီးများ ဖြစ်သည့် Bechtel နှင့် Balfour Beatty အစရှိသည့် ကုမ္ပဏီကြီးများသည် ဂျပန်တို့၏ တစ်ဆင့်ခံ လုပ်ငန်းရှင်များ ဖြစ်လာကြမည် ဟု စီးပွားရေး ဆန်းစစ်သူတို့က သုံးသပ်ထားကြသည်။
သို့ရာတွင် ဂျပန်တို့၏ အလောသုံးဆယ် ဆောင်ရွက်ချက်က အန္တရာယ်နှင့် မကင်းလှပေ။ နှစ်ဖက် သဘောတူညီချက်များ အရ ဂျပန်ကုမ္ပဏီ တို့သည် အမေရိကန် ပြည်ထောင်စုက အမည်မည်း စာရင်းသွင်းကာ စီးပွားရေး ဆက်ဆံမှု မပြုရန် တားမြစ်ထားသည့် မြန်မာသူဌေးကြီးတစ်ဦးနှင့် လက်တွဲ ဆောင်ရွက်ရမည် ဖြစ်သည်။

“ပြဿနာတွေကို ချရေးလိုက်ရင် စာကြောင်းရေ ၅ဝ၊ ၆ဝလောက် ရှိမယ်”ဟု စီမံကိန်း ရင်းနှီးမြှုပ်နှံသူ Marubeni Corp ၏ အာရှနှင့် သမုဒ္ဒရာဒေသ မဟာဗျူဟာဌာန မန်နေဂျာ Yasuhiro Morimoto က ဆိုသည်။ သို့တိုင်အောင် ရရှိမည့် အကျိုးအမြတ်က အလေးသာဆဲ ဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိခြင်းကို ဆုလာဘ်သဖွယ် ရှုမြင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ မြေ အကျယ်အဝန်း အားဖြင့် ဗြိတိန်နှင့် ပြင်သစ် နှစ်နိုင်ငံပေါင်းခန့် ကျယ်ဝန်းသလို ကမ္ဘာ့လူဦးရေ၏ ၄ဝ% ခန့် ရှိသော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့(ရှ်)၊ ထိုင်းနိုင်ငံတို့နှင့်လည်း နယ်မြေချင်း ထိစပ်နေသည်။ အိန္ဒိယ သမုဒ္ဒရာ နှင့် အန်ဒမန် ပင်လယ် အတွင်းမှ မြန်မာဆိပ်ကမ်းတို့သည် ကမ္ဘာပေါ်တွင် ရေကြောင်း အသွားအလာ အထူထပ်ဆုံး ဖြစ်သည့် မလက္ကာရေ လက်ကြား၏ မြောက်ဘက် အစွန်းနားတွင် တည်ရှိကြသည်။
၂ဝ၁ဝ-၁၁ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၏ ၇ဝ% နီးပါးခန့်ရှိသော ဒေါ်လာ ၁၄ ဘီလျံ ခန့်ကို စွမ်းအင်ကဏ္ဍတွင် ထည့်ဝင်ခြင်းဖြင့် တရုတ်တို့က အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် တည်ရှိနေဆဲဖြစ်ပြီး ဂျပန်ကုမ္ပဏီများမှာ မူ ၁၉၈၈ ခုမှ ၂ဝ၁၁ ခုနှစ် ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂၁၂ သန်းသာရှိခဲ့သည်။

သို့ရာတွင် ဂျပန်တို့က အနောက်နိုင်ငံတို့နှင့် မတူသည့်အချက်မှာ ကူးသန်း ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့ အရေးယူချက်များ ပြဋ္ဌာန်းမထားခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ဖြင့် အဓိက ဘဏ်လုပ်ငန်းကြီး များဖြစ်သည့် Mitsubishi UFJ, Sumitomo Mitsui Financial, Mizubo Financial Group စသည်တို့မှာ စီးပွားရေး အချက်အချာ ကျသည့် ရန်ကုန်မြို့ တွင် ရုံးခန်းများ တည်ရှိပြီး ဖြစ်နေကြပေသည်။ ဂျပန်-မြန်မာ ဆက်ဆံရေးကို ငွေကြေးထည့်ဝင်ရန် အချိန်ကျရောက် ပြီဟု ထိပ်တန်း ဘဏ်အရာရှိတစ်ဦး က Reuters သို့ ပြောကြားခဲ့သည်။

အဆိုပါ လမ်းကြောင်းကို အစပြု ဖောက်လုပ်ပေးခဲ့သူ Nakasone သည် ဝန်ကြီးချုပ် Nakasone လက်ထက် အစိုးရအဖွဲ့ လက်ထောက် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၉၈၇ ခုနှစ် အတွင်းတွင် မြန်မာ ဗိုလ်ချုပ်ကြီးများ နှင့် စတင်တွေ့ဆုံခဲ့ရသူ ဖြစ်သည်။ နောက် နှစ်နှစ်အကြာ မြန်မာ့နိုင်ငံရေး မုန်တိုင်းများ ပြင်းထန်နေသည့် ကာလတွင် Nakasone က Watanabe ကို မြန်မာတို့နှင့် တရားဝင် မဟုတ်သော ဆက်သွယ်မှုများ ထားရှိရန် တိုက်တွန်းခဲ့သည်။

နိုင်ငံရေး ဖိနှိပ်ဖြိုခွင်းမှုများက စစ်အစိုးရကို အပယ်ခံဘဝ ရောက်စေခဲ့သော်လည်း Watanabe ၏ မြန်မာ စစ်ဗိုလ်ချုပ်တို့ အပေါ် ထောက်ခံပံ့ပိုးမှုက ယိမ်းယိုင် မသွားခဲ့ပေ။ “တိုင်းပြည်အတွင်း ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး တို့အတွက် စစ်အစိုးရကို မိတ်ဆက်ရန် မှတစ်ပါး အခြားမရှိ”ဟု က သူ၏ Japan-Myanmar Association Website တွင် ရေးသားဖော်ပြခဲ့သည်။ ဂျပန်-မြန်မာ အဖွဲ့သည် မြန်မာပြည် ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

Watanabe သည် မြန်မာနိုင်ငံသို့ ၁၉၉၆ ခုနှစ်အတွင်း ဆေးပစ္စည်း ကိရိယာများ သယ်ဆောင်ရန် လာရောက် သည့် ရှမ်းပြည်နယ် ခရီးစဉ်တွင် ထိုစဉ်က ဒေသဆိုင်ရာ တပ်မတော် အကြီးအကဲဖြစ်သော လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဆုံတွေ့ရင်းနှီးခဲ့ဖူးသူလည်း ဖြစ်သည်။
Watanabe ၏ သံတမန်ရေးရာ ကျွမ်းကျင်မှုသည် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကိုပင် လှုပ်ခါစေခဲ့သည်။
သတင်း ဆောင်းပါး အစပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သမ္မတကြီး ဦးသိန်းစိန်နှင့် Watanabe တို့ တွေ့ဆုံ ခဲ့ကြသော ၂ဝ၁၁ ခု၊ အောက်တိုဘာ ၂၁ ရက် ညမှာပင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Koichiro Gemba က မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို လက်ခံတွေ့ဆုံကာ ညစာတည်ခင်း ဧည့်ခံခဲ့သည်။ ဤသို့တွေ့ဆုံခြင်းသည် ၁၆ နှစ်တာ ကာလအတွင်း ဂျပန်၊ မြန်မာ ထိပ်တန်း သံတမန်နှစ်ဦး ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အများအပြား တိုးတက် ဖြစ်ထွန်းလာပါက ဂျပန်နိုင်ငံက ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ပေး မည် ဖြစ်ကြောင်း Gemba က ကတိပေး ပြောကြားခဲ့သည်။

ထိုညမှာပင် သမ္မတကြီး ဦးသိန်းစိန်နှင့် နေပြည်တော်၌ ဆုံတွေ့ခဲ့သော Watanabe ၏ တမူကွဲပြား ခြားနား သော တုံ့ပြန်မှုကို ပေးခဲ့သည်။

မြန်မာသမ္မတသစ်က ထားဝယ်စီမံကိန်းကို ထိုင်းတို့နှင့် ဆောင်ရွက်ရေး အခက်အခဲ ကြုံတွေ့နေရပုံကို ထုတ်ဖော် ပြောကြား ခဲ့သည်။ တရုတ်တို့နှင့် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းမှာလည်း လူထုဆန္ဒပြမှု ကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး ဖြစ်သည်။ ထိုအခြေအနေတို့က ဂျပန်အတွက် တံခါးဖွင့်ပေးခဲ့ခြင်းပင် ဖြစ်သည်။

“ဝါတာနာ ဘေးစံကို ကျွန်တော် ပြစရာတစ်ခု ရှိတယ်”ဟု ဦးသိန်းစိန်က ပြောကြားကာ သီလဝါ စီမံကိန်းကို ကမ်းလှမ်းခဲ့ရာမှ ဂျပန်တို့ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဝင်ရောက်လာဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း Watanabe က ပြောကြားခဲ့သည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးနှင့် နေပြည်တော်ရှိ သမ္မတရုံးသို့ Reuters သတင်းဌာနက ဆက်သွယ်ကာ သမ္မတနှင့် Watanabe တို့ တွေ့ဆုံခြင်း အကြောင်း မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိခဲ့ပေ။

ဂျပန်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော Watanabe သည် နိုင်ငံခြားရေးဝန်ကြီး Gemba အား ၂ဝ၁၁ ခုနှစ် ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ တရားဝင် သွားရောက်ကာ သီလဝါ စီမံကိန်းအကြောင်း မေးမြန်းရန် တိုက်တွန်းခဲ့ သည်။ Gemba ကို ဖိအားပေးနိုင်ရန် အတွက် ကုန်သွယ်ရေးဝန်ကြီး Yukio-Edano နှင့် အာဏာရ ဂျပန် ဒီမိုကရက်တစ် ပါတီ၏ ဩဇာရှိ နိုင်ငံရေးသမားကြီး Yoshito Sengoku တို့ကို ချဉ်းကပ်ကာ မြန်မာနိုင်ငံသို့ အလျင်အမြန် သွားရောက်ရန် စည်းရုံးခဲ့သည်။ ဤသို့ဖြင့်ပင် ကုန်သွယ်ရေးဝန်ကြီး ထက် ခြေတစ်လှမ်း ဦးလိုသည့် နိုင်ငံခြားရေးဝန်ကြီး Gemba သည် ဒီဇင်ဘာလ အတွင်းတွင် မြန်မာပြည်သို့ သွားရောက် ဖြစ်ခဲ့သည်ဟု Waanabe က ဆိုသည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ကမူ Watanabe ၏ ပြောကြား ချက်များအပေါ် မှတ်ချက် တစ်စုံတစ်ရာ မပြုခဲ့ကြပေ။
Watanabe သည် မတ်လတွင် Japan-Myanmar Association ဖွဲ့စည်းသည်။ ဝန်ကြီးချုပ်ဟောင်းများ ဖြစ်ကြသော Nakasone နှင့် Taro Aso တို့လည်း အဖွဲ့ထူထောင်ရာတွင် ပါဝင်ကြသည်။ ထို့အပြင် အငြိမ်းစား အစိုးရ အရာရှိကြီးများ Marubeni Corp နှင့် Mitsubishi Corp တို့မှ အလုပ် အမှုဆောင်များလည်း ပါဝင်ကြသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနရှိ အဆက်အသွယ် များမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကြွေးမြီစာရင်းများကို ပယ်ဖျက်ပေးရန် Watanabe က ကြိုးပမ်းခဲ့သည်။ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် ဆုံတွေ့ပြီး ခြောက်လအကြာ ဧပြီလ ၂၁ ရက်တွင် ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာတို့ ပေးရန်ရှိသော ကြွေးမြီစာရင်း၏ ၆ဝ% ကျော်ကို ပယ်ဖျက် ပေးကြောင်း ကြေညာခဲ့သည်။

အဆိုပါကိစ္စတွင် ပါဝင်ဆောင်ရွက် ပေးခဲ့ကြသူတို့က တိုကျိုအစိုးရသည် ကန်ဒေါ်လာ ၃.၇ ဘီလျံ အကြွေးကို ပယ်ဖျက် ပေးခဲ့သည့်အပြင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့သို့ မြန်မာနိုင်ငံက ကြွေးကျန်များ ပေးဆပ် နိုင်ရန် ကန်ဒေါ်လာ သန်း ၉ဝဝ ချေးငွေကို ဂျပန်ဘဏ်များဖြစ်သည့် Bank of Tokyo-Mitsubishi UFJ တို့က ဦးဆောင်သည့် အဖွဲ့မှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF မှ ထိပ်တန်း အရာရှိကြီးများပင် ဂျပန်တို့၏ မြန်ဆန်လှသည့် အကြွေး လျော်ခြင်းကို မကြုံဖူးလောက်အောင် ဖြစ်ရကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
ကြွေးမြီ ပယ်ဖျက်ပေးခြင်းသည်သာ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်းဆုံး အားပေးသည့် နည်းလမ်း ဖြစ်သည်ဟု ဂျပန်တို့ကဆိုကာ အခြားအဖွဲ့အစည်းများကိုလည်း ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ တစ်ရပ်လာမည့် သီတင်းပတ်အတွင်း ကျင်းပနိုင်ရန် ဖိတ်ကြားထားခဲ့သည်။
တိုကျို နိုင်ငံရေးသမားတို့က ဂျပန်နှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာဘဏ် လုပ်ငန်းကို ရှာဖွေရာတွင် အမေရိကန် ပြည်ထောင် စုက အမည်ပျက်စာရင်း သွင်းထားသော မြန်မာ့လုပ်ငန်းရှင် ဦးဝင်းအောင်ကို မတ်လ အတွင်းက ရွေးချယ်ခဲ့ကြသည်။

ဦးဝင်းအောင်သည် Watanabe ၏ Japan-Myanmar Association အသင်း ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်ကာ Edaro, Sengoku နှင့် Nakasone တို့နှင့် ဆွေးနွေးခဲ့သည်။
“စက်မှုလုပ်ငန်း ထူထောင်ရေးဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ်ပါပဲ”ဟု ဦးဝင်းအောင်က သူ၏မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့သည်။ “အဲဒါကြောင့်လည်း ဝန်ကြီး Edano က သီလဝါကိစ္စအတွက် ကူညီပံ့ပိုးမယ် ဆိုလာတာကို ကျွန်တော် အရမ်းပျော်သွား ခဲ့ရတာပါ”ဟုလည်း သူကဆိုသည်။
ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် လီမိတက် အမည်ရ ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ပြီး ကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အကြီးအကဲလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော် ကို တည်ဆောက်ရာတွင် လုပ်ငန်း ဆောင်ရွက်ခွင့်ရ ကုမ္ပဏီကြီး ရှစ်ခုအနက် သူ၏ ကုမ္ပဏီသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ဦးဝင်းအောင်သည် စစ်ဘက်ဆိုင်ရာ အဆက်အသွယ် များအားဖြင့် ကန့်သတ် ဒေသများမှ ထွက်ရှိသော သစ်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သူ ဖြစ်ကြောင်း လည်း အမေရိကန် သံတမန် ကြေးနန်းများကို ဖွင့်ချသော Wikileaks သတင်း website က ထုတ်ဖော်ခဲ့သည်။

ဦးဝင်းအောင်ထံ Reuters က အီးမေးလ်ပေးပို့ မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိခဲ့ပေ။ ဦးဝင်းအောင်သည် အမေရိကန် ပြည်ထောင်စုက သူ၏နိုင်ငံသားများကို စီးပွားရေး အဆက်အဆံ မပြုလုပ်ရန် ကန့်သတ် ပိတ်ပင်ထားသည့် အမည်စာရင်းတွင် ယခုတိုင်ပါဝင်နေဆဲဖြစ်သည်။
ဂျပန်တို့နှင့် လက်တွဲ ဆောင်ရွက်မည့် မြန်မာ့ဘဏ်လုပ်ငန်းများကို ထပ်မံ ရွေးချယ်ရန် ဦးဝင်းအောင်ကပင် ဆုံးဖြတ်ပေး မည် ဖြစ်သည်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦး၏ ပြောကြားချက်အရ တန်းစီဇယားတွင် ပါဝင်ရန် မျှော်လင့်ထားသူ တစ်ဦးမှာ ဦးဇော်ဇော်ဖြစ်ကြောင်း သိရှိရသည်။ ဦးဇော်ဇော်သည် သစ်လုပ်ငန်း၊ ရော်ဘာစိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်သည်။ သူသည်လည်း အမေရိကန်အစိုးရ၏ အမည်မည်း စာရင်းတွင် ပါဝင်လေသည်။ ဦးဇော်ဇော်သည် မြန်မာနိုင်ငံသို့ ကားဟောင်းများ တင်သွင်းခြင်းဖြင့် ကြွယ်ဝလာခဲ့သူ ဖြစ်သည်။ သူ၏ Max-Myanmar တံဆိပ်တပ် ထရပ်ကားများ နှင့် ကုမ္ပဏီအလံများကို သီလဝါတွင် တွေ့မြင် နေရပြီဖြစ် သည်။
မြန်မာ့အရေးနှင့် စပ်လျဉ်း၍ Watanabe ကို ကူညီခဲ့သူများတွင် Nippon Foundation မှ Yohe Sasakawa လည်း အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ကာလ ကြာမြင့်စွာကပင် စိတ်ဝင်စားခဲ့သော Sasakawa သည် သီလဝါ ကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် ဇူလိုင်အတွင်း ထပ်မံတွေ့ဆုံ ညှိနှိုင်းကြ ရာတွင် Watanabe, Sengoku တို့နှင့်အတူ လိုက်ပါလာခဲ့သည်။ ထိုဆွေးနွေးပွဲတွင် Sasakawa က ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသားလူနည်းစုဒေသများတွင်အလှူအတန်း ပြုလုပ်ပေးလိုကြောင်း ကမ်းလှမ်း ခဲ့သည်။ အစိုးရသစ်သည် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်များ ရှိကြောင်း တိုင်းရင်းသား လူနည်းစုတို့ သိရှိစေရန် လိုအပ်သည်ဟု သူကဆိုသည်။

နှစ်နိုင်ငံ သဘောတူညီချက်များကို ဩဂုတ်လတွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ မြန်မာလုပ်ငန်းဘက် အခြမ်းမှ အသေးစိတ် အစီအစဉ်များကို ဦးဝင်းအောင်က ဦးဆောင် စီစဉ်ပြီး ဂျပန်တို့ကလည်း အခြေခံ အဆောက်အအုံ စီမံကိန်းများကို ရေးဆွဲနေသည်။

သီလဝါ စီမံကိန်းတွင် စစ်အစိုရဟောင်းနှင့် ပလဲနံပ သင့်ခဲ့သည့် ခရိုနီလုပ်ငန်းရှင်များနှင့် တွဲဖက်လုပ်ငန်း ဆောင် ရွက်ခြင်းဖြင့် ဂျပန်ကုမ္ပဏီတို့အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များနှင့် စပ်လျဉ်း၍ ဂျပန် ကုန်သွယ်ရေး ဝန်ကြီးဌာနက မှတ်ချက် တစ်စုံတစ်ရာ ပြုလိမ့်မည် မဟုတ်ပေ။
“သီလဝါ ဖွံ့ဖြိုးရေး စီမံကိန်းကို မြန်မာအစိုးရဘက်က စတင်ကမ်းလှမ်းခဲ့တာပါ။ အစိုးရ နှစ်ရပ်စလုံးက ဒီစီမံကိန်းကို စဉ်းစားနေကြဆဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Asagi Sakai ကဆိုသည်။

“သီလဝါမှာ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လို ပုံစံနဲ့ ဆောင်ရွက်မယ်ဆိုတာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် မချရသေးပါဘူး” ဟုလည်း သူက ဆိုခဲ့သည်။
မြန်မာနိုင်ငံအတွင်း အစောပိုင်း ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့နိုင်သည့် အန္တရာယ်အကြောင်း တိုကျို ရုံးခန်းရှိ Watanabe ကို မေးမြန်းသည့်အခါ သူက ပခုံးတွန့်ပြပြီး “ဒီလိုကိစ္စမျိုးတွေကို တွေးပူတတ်ရင် အဲဒီကုမ္ပဏီတွေဂျပန်မှာပဲ နေနေကြရုံပေါ့။ဒါဟာသူတို့ရဲ့ ရွေးချယ်မှုပါပဲ”ဟု ပြန်လည် ဖြေကြားသွားခဲ့သည်။

Ref: Special Report: How Japan Inc stoke a march in Myanmar by Antoni Slodkourski , Reuters

http://www.myanmarij.com/

0 ကွန်မန့်ရေးရန်:

Post a Comment