ဒီမေးခွန်းမေးရတဲ့ရည်ရွယ်ချက်အကြောင်းအရင်းကတော့ သမ္မတရဲ့ Good Governance, Clean Government ဆိုတဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်လို့ မေးမြန်းခြင်းဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဝန်ကောင်းမှ ပြည်အောင်ဆိုသလို နိုင်ငံ့ဝန်ထမ်းတွေအရည်အချင်း၊ အရည်အသွေး၊ နိုင်ငံအပေါ်ထားရှိတဲ့ စိတ်ထားတွေကောင်းမွန်ဖို့အထူးလိုအပ်ပါတယ်။ နိုင်ငံတိုးတက်ဖွံ့ဖြိုးဆောင်ရွက်ရေးကို အစိုးရဌာနများက အနီးကပ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အတွက် အစိုးရဝန်ထမ်းကောင်း ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။
နိုင်ငံတိုးတက်မှုရဲ့အခြေခံဟာ ဝန်ထမ်းကောင်းပဲလို့ ကျွန်တော်ဒီလိုသုံးသပ်မီပါတယ်။ အရင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ပါတီရယ်၊ ကောင်စီ၊ စာရင်းစစ်ရယ်ဆိုပြီးတော့ အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ဟာ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငွေကြေးသုံးစွဲမှုကို Check and Balance အပြန်အလှန်ထိန်းကျောင်းထားတဲ့အတွက် မြို့နယ်အဆင့်မှာ အောင်မြင်သင့်သလောက်အောင်မြင်ပြီး အလွဲသုံးစားမှုတွေကိုသက်တမ်း တစ်လျှောက်လုံး အတော်ကလေးထိန်းချုပ်ပေးနိုင်တာကိုတွေ့ရပါတယ်။
အထူးသဖြင့် နိုင်ငံတော်ငွေကို အောက်ခြေမှာ ယိုဖိတ်မှုမရှိအောင်ထိန်းချုပ်နိုင်တာကိုတွေ့ရှိရပါတယ်။ အဲ့ဒီ တုန်းက မြို့နယ်စာရင်းစစ်တွေက လုပ်ငန်းရော၊ ငွေကြေးသုံးစွဲမှုကို တစ်ပြိုင်တည်းစစ်ဆေးပြီးတော့ အထက်ကိုတင်ပြတဲ့အတွက် လုပ်ငန်းအောင်မြင်မှုကိုလည်း တည့်မတ်ပေးပြီး လေလွင့်ဆုံးရှုံးမှုနှင့် အလွဲသုံးစားမှုကို အတိုင်းအတာတစ်ခုအထိကာကွယ်ထိန်းချုပ်ပေးနိုင်တာကိုတွေ့ရပါတယ်။
လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခုအခါမှာ ဌာဆိုင်ရာတွေ လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုတွေမှာ အားနည်းမှုတွေအနည်းငယ်တွေ့ရှိနေရပါတယ်။ ကျွန်တော့်ထံ ပြည်သူ့လူထုရဲ့ တင်ပြချက်၊ တိုင်ကြားချက်တွေဟာ ဌာနဆိုင်ရာများရဲ့ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအားနည်းမှုကြောင့် ဖြစ်ပေါ်လာသောတိုင်ကြားမှုများဖြစ်နေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
သို့ဖြစ်ပါ၍ ဤမေးခွန်းနှင့်ပတ်သက်၍ (၁) ဌာနဆိုင်ရာ၊ အပေါ်နှင့် အောက် လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုကိုမည်သို့ထိန်းကျောင်း ဆောင်ရွက်ထားပါသလဲ။ (၂) ဌာနဆိုင်ရာအတွင်းစာရင်းစစ်နှင့် ပြင်ပစာရင်းစစ်တို့ရဲ့တွေ့ရှိသော အချက်အလက် တွေအပေါ်မှာ မည်သို့အရေးယူဆောင်ရွက်ပါသလဲ။ (၃) နိုင်ငံတော်ငွေကြေးဆုံးရှုံးနစ်နာမှုကို မည်သို့ကြိုတင်ကာကွယ်အရေးယူဆောင်ရွက်ထားမှုရှိ၊ မရှိသိရှိလိုပါကြောင်း သမ္မတရဲ့ Good Governance, Clean Government ကို အထောက်အပံ့ဖြစ်စေရန်အတွက် ဤမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း ဖြေကြားပေးပါရန်တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Pyithu Hluttaw - ပြည်သူ့လွှတ်တော်
0 ကွန်မန့်ရေးရန်:
Post a Comment