ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၇ ဦးရှိရာမှာ ရေးရာကော်မတီ နဲ့ ကော်မရှင်မှာ အကုန်နီးပါး အဖွဲ့ဝင်ဖြစ်လာမယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအုန်းကြိုင်က ပြောပါတယ်။
“အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါး ရေးရာကော်မတီတွေမှာ ပါသွားပြီ။ ဒီနေ့အထိ ထွက်လာတဲ့စာရင်းအရ မပါသေးတဲ့ ပုဂ္ဂိုလ် ၂ ယောက် ၃ ယောက်လောက်ပဲ ရှိတော့မယ်။ ၃၄ ဦး ပါသွားပြီလို့ ပြောလို့ရပါပြီ။ ကျန်တဲ့ ၃ ယောက်လည်းပဲ ကော်မတီတွေက ကျန်နေသေးတာဆိုတော့ အကုန်လုံး ထပ်ပါဦးမယ်လို့ မျှော်လင့်နေကြတာပါ။”
မနေ့က စတင်ပြီး တိုးချဲ့ဖွဲ့စည်းလာခဲ့ရာမှာ ဒီနေ့အထိ ၃၄ ဦး ရှိသွားပြီလို့် ဦးအုန်းကြိုင်က ပြောပါ တယ်။
ဒီဆောင်ရွက်ချက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ရေးရာ ကိစ္စတွေမှာ ပိုပြီး ဆောင်ရွက်နိုင်မယ်လို့ ဦးအုန်းကြိုင်က သုံးသပ်ပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်လာပြီဆိုရင် ပါတီတိုင်းကသူတွေ အကုန်လုံးပေါ့၊ ရေးရာကော်မတီတွေ မှာ တခုမဟုတ် တခုမှာ ပါကြတာပဲ။ သက်တမ်းက ၁ နှစ်ဆိုတော့ ပြန်လည်ဖွဲ့စည်းတော့ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေအကုန်လုံးကို ထည့်လိုက်တာ။ အကုန်လုံးပါသွားပြီဆိုတော့ ပိုပြီးတော့ လွှတ်တော်ရေးရာကိစ္စတွေမှာ ထည်ထည်ဝင်ဝင်ဆောင်ရွက်ခွင့်ရသွားပြီပေါ့။”
ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီနဲ့ ကော်မရှင် ၂၅ ဖွဲ့ ရှိနေပြီးတော့ နိုင်ငံတော် အခြေခံဥပဒေ ခုံရုံးကနေ ဒီကော်မတီတွေ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ အငြင်းပွားနေ ဆဲ ဖြစ်ပါတယ်။
by မင်းလွင် (ဒီဗွီဘီ)
0 ကွန်မန့်ရေးရန်:
Post a Comment