Wednesday, August 29, 2012

နှစ် ၆၀ မြန်မာ့သမိုင်း


နှစ် ၆၀ မြန်မာ့သမိုင်း
         
ဟိုးငယ်ငယ်ကတည်းက ခေါင်းဆောင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ခဏခဏအသင်ခံခဲ့ရဖူး
တာပေါ့။မူလတန်းကျောင်းသားဘ၀၊အလယ်တန်းကျောင်းသားဘ၀၊အထက်တန်းကျောင်းသား
ဘ၀တွေမှာနိုင်ငံတကာမှာ ထင်ရှားခဲ့တဲ့ ခေါင်းဆောင်များအကြောင်းကို အသင်ခံခဲ့ရဖူးတယ်ဆို
တာမှတ်မိနေတယ်။
          မြန်မာ့သမိုင်း၊ကမ္ဘာသမိုင်းများမှာ ပါတတ်တဲ့ ခေါင်းဆောင်တွေ၊အာဇာနည်တွေရဲ့
အကြောင်းဆိုရင်သင်ခန်းစာ မစခင်ကတည်းက ၀တ္တုဖတ်သလို စိတ်ကူးယဉ်ပြီး ဖတ်ပြီးနေပြီ။
သခင်အောင်ဆန်းဟာ ဘယ်လိုလူမျိုးလဲ။ဆရာစံဟာ ဘယ်လိုလယ်သမားကြီးမျိုးလဲ။ဆရာတော်
ဦးဥတ္တမ၊ဦးဝိစာရတို့ဟာ ဘယ်လိုသာသနာ့အာဇာနည်တွေလဲဆိုတာ င်ါတို့ငယ်ငယ်တုန်းက
သိပ်ကံကောင်းလွန်းလို့ အသင်ခံခဲ့ရဖူးတာပါလားလို့ အခုအချိန်မှာ တွေးနေမိတယ်။
           အခုကစပြီး လွန်ခဲ့တဲ့ နှစ်၆၀မြန်မာ့သမိုင်းသင်ရိုးညွှန်းတန်းကို အသစ်ပြန်ဆွဲမယ်ဆိုရင်
ကျွန်တော်ထင်တယ်။ အနာဂတ်မျိုးဆက်ဟာ လူလိမ်ကြီးတွေ၊သူခိုးကြီးတွေ၊ပရမ်းပတာလူတွေ
အကြောင်းတွေအကြောင်းပဲ အများစုသင်ကြရမှာ။ စံပြုစရာလူဆိုလို့ လက်၅ချောင်းထက်ပြည့်
မယ်မထင်ဖူးနော်။
            မျိုးဆက်တစ်ခုချင်းစီတိုင်းဟာ သူတို့ခေတ်အခါမှာ အနာဂတ်လူငယ်တွေ စံပြုအားထား
လောက်တဲ့ခေါင်းဆောင်တွေ၊အာဇာနည်တွေကို ချန်ရစ်ထားခဲ့ဖို့ တာဝန်ရှိတယ်။ဘယ်လောက်
ကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်ပါစေ၊ဘယ်လောက် စွန်လွှတ်တဲ့အာဇာနည်ဖြစ်ပါစေ သေကြရမှာ
ဆိုပေမယ့်သမိုင်းဟာမသေဘူးမဟုတ်လား။ သူတို့ဟာ သမိုင်းမှာ ထာဝရရှင်သန်နေတယ်မဟုတ်
လား။နောင်လာနောင်သားဆိုတာဟာလည်း အရေးကြုံရင် ကိုယ့်တိုင်းပြည်က အာဇာနည်တွေကိုပဲ
စံပြုပြီး ဆုံးဖြတ်သုံးသပ်ဥပမာပြုရတယ်မဟုတ်လား။
            စံပြုလောက်တဲ့ ခေါင်းဆောင်တွေများများပေါ်ထွက်လေေ
လ၊ လူတော်တွေ ပိုထွက်လေလေ
အဲသည့်တိုင်းပြည်ဟာ တိုးတက်ကြီးပွားလေလေပဲ။ ကိုယ့်တိုင်းပြည် မကြီးပွားပဲနောက်ကျ ကျန်ရစ်
ခဲ့တာဟာ စံပြုစရာခေါင်းဆောင်တွေ မထွက်တော့လို့၊ရှိရင်လည်း အလွန်ကိုနည်းပါးလို့၊ အဲဒီလူနည်း
စုလေးဟာလည်း တိုင်းပြည်အတွက် အလုပ်လုပ်မပေးနိုင်တဲ့ နေရာမှာရောက်နေခဲ့လို့ တိုင်းပြည်
ဆင်းရဲရတာလို့ အောက်မေ့မိပါတယ်။
         ကိုယ့်တိုင်းပြည်အတွက် အလုပ်မလုပ်ရင် လူဟာတော်တိုင်းလည်း ကိုယ့်တိုင်းပြည်ကိုအကျိုး
မပြုနိုင်ပါဘူး။ရွှေမြန်မာဟာ ကျွန်တော်တို့ရှေ့ကမျိုးဆက်တစ်သက် ကံချည်းဆိုးနေခဲ့တာကလား။
ကျွန်တော်တို့ မျိုးဆက်လောက်မှာ လူးလူးလွန့်လွန့်နဲ့ လှုပ်ရှားစပြုလာပြီလို့ ယုံကြည်ချင်ပြီ။
           ဆရာဝန်မို့လို့ ကျန်းမာရေးကဏ္ဍလေးပဲ ကွက်ပြီးပြောရရင် ကိုယ့်လူမျိုးကို သက်တမ်းရှည်
စေချင်လှပြီ။ သူများနိုင်ငံတွေမှာ သူများလူမျိုးတွေ ဆေးအကုခံနေရသလို ကိုယ့်လူမျိုးတွေ
ကိုလည်း ကိုယ့်နိုင်ငံမှာ ကုပေးချင်တယ်။ကိုယ်ကနိုင်ငံခြားကပညာတွေယူပြီး ပြန်လာပေမယ့်လည်း
ကိုယ့်တိုင်းပြည်မှာ ကုစရာဆေးကောင်းလေးမှ မရှိရင်၊လူတွေက သိပ်ဆင်းရဲတုန်းဆိုရင်၊ကိုယ်
ပညာတွေတတ်လည်း ဘာထူးမှာလဲ။သူများတိုင်းပြည်မှာ ပင်ပန်းဆင်းရဲခံ၊သူများအောက်ကျခံပြီး
ပညာတွေသင်ခဲ့တော့ရောကိုယ့်တိုင်းပြည်မှာ ကိုယ့်လောက်မှပညာမတတ်တဲ့ သူတွေခိုင်းတာကို
ခံရဦးမယ်ဆိုရင်ဘာထူးမှာလဲနော။
           ကျွန်တော်ကတော့ ဆေးကုစရာဆေးမရှိလဲ အနည်းဆုံးတော့ ငါစာရေးတတ်တယ်ဆိုပြီး
ထွန်စက်ရှေ့ တုံးလုံးလှဲနေတဲ့ လယ်သမားတွေဘေးသွားထိုင်၊ စာထိုင်ရေးပြီး အားပေးဦးမှာ။
ငွေရှိတယ်၊အာဏာရှိတယ်ဆိုပြီး အနိုင်ကျင့်တယ်ဆိုတာ ဟိုးပဝေသဏီ ၁၉ရာစုလောက်ကခေတ်စား
ခဲ့တာ။ အခုခေတ်မှာ ရှိသေးတယ်ဆိုပေမယ့် ချမ်းသာပြီးတိုင်းပြည်များမှာ တိမ်မြုပ်ပျောက်ကွယ်နေပြီ။
မြန်မာပြည်မှာ ရှိနေသေးတယ်ဆိုရင် အဲ့ဒါတို့တတွေဆင်းရဲနေသေးလို့ပဲ
         ကျော်ဟိန်းနဲ့ဒွေးနဲ့ပါတဲ့ ဒုက္ခကိုအရောင်ဆိုးထားတယ် ဆိုတဲ့ကားမှတ်မိကြမှာပေါ့။ကျော်ဟိန်း
က ဘိန်းမှောင်ခိုခေါင်းဆောင်ကြီး၊သားဖြစ်သူ ဒွေးက ရဲအရာရှိ။ အဖေဖြစ်သူကို သားကပြန်သတ်ပြီး
ဒွေးကဘာပြောလဲဆိုတော့ “အဖေ့ကို ပစ်တာမဟုတ်ပါဖူးတဲ့။အဖေ့နောက်က မူးယစ်ဆေးဝါးကြီးကို
ပစ်တာပါ။”လို့ပြောတာလေ။
          ကျွန်တော်တို့ကလည်း မတရားမှုကိုပဲတိုက်ဖျက်ရမှာ။ လူဆိုတာမှားတတ်တဲ့သတ္တ၀ါမို့လို့
အာဏာကြီးတဲ့သူဌေးကြီးတွေ၊သူခိုးကြီးတွေကို အာခံတယ်ဆိုတာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးလို့မဟုတ်
ဘူး။မတရားမှုကို မုန်းတီးတာဖြစ်တယ်လို့ခံယူပြီးတော့ တိုက်ပွဲဝင်ရမှာ။အဲသည်ပုဂ္ဂိုလ်တွေက ပိုတောင်
လည်သေးတယ်။ တကယ်သာပြည်သူက အမှန်တရားကို တောင့်တတယ်ဆိုရင် ချက်ချင်းပဲ မျက်နှာ
ပြောင်တိုက်ပြီး အရောင်ပြောင်းသွားမှာ။သာကူးသွားဦးမှာဗျား။
           အမှန်တော့ လူဆိုတာရိုးသားရင် ကိုယ့်ပိုင်ဆိုင်မှုကို အစစ်ခံရဲရမှာပေါ့။နိုင်ငံတိုင်းမှာ ၀န်ကြီး
တွေ၊ဌာနအကြီးအကဲတွေရဲ့ပိုင်ဆိုင်မှုကို စစ်ဆေးတဲ့ အဖွဲ့တွေရှိရတယ်။ဟုတ်ပြီ။အစစ်မခံရဲလို့ရှိရင်
ကျွန်တော်မှာ ခိုးရာပါတွေရှိတယ်လို့ ၀န်ခံတာနဲ့တူတူပဲ။
            သံသရာကလွတ်မြောက်ဖို့ အမှန်တရားဟာ ကိုယ့်ထဲမှာပဲ ၇ှိတယ်ဆိုသလိုပဲ ရွှေတိုင်းပြည်
ဆင်းရဲတွင်းကလွတ်မြောက်ဖို့ အဖြေဟာ ကိုယ့်တိုင်းပြည်ထဲမှာပဲရှိတယ်။ဧရာဝတီမြစ်ကြီး ဖျက်မယ်
ဆိုတာကလည်း အတွင်းလူခံမပါရင် အပြင်ကလူက၀င်လို့မရဘူး။
             အာဏာကြီးတဲ့သူကလည်း သိပ်ချမ်းသာပြီးမောက်မာကြ၊ဆင်းရဲသားငမွဲကလည်း သိပ်ကို
ဆင်းရဲပြီးစားစရာမရှိ။အဲဒါဘာဖြစ်လို့လဲဆိုတော့ တို့မြန်မာတွေ စာမဖတ်ကြလို့။ချမ်းသာသူကလည်း
စာမဖတ်သလို၊ဆင်းရဲသူကလည်း စာမဖတ်ဖူး။အလုပ်အကိုင်ကြီး၊ရာထူးကြီးမှာ လုပ်ဖူးပါရက် ကိုယ့်စကားဘယ်သွားမှန်းမသိ၊ မောက်မောက်မာမာတွေပြော၊ပြည်သူအလိုဆန္ဒကို ဘာမှန်းမသိ။
အဲသလို ပုဂ္ဂိုလ်တွေဟာ စာအုပ်ကိုတောင်မြင်ဖူးရဲ့လားမသိ။ခေါင်းဆောင်ဆိုတဲ့သူတွေမှာ အဲသလောက်
နိမ့်ပါးတဲ့ အရည်အချင်းတွေရှိနေမှတော့ တို့တိုင်းပြည်ဘယ်လောက် အတွင်းပစ္စည်း၇ှိရှိ။မဆင်းရဲပဲ
ခံနိုင်ရိုးလား။
           အဲဒါကြောင့်ပြောတာ။မြန်မာ့သမိုင်း (၁၉၅၀မှ၂၀၁၀)အထိနှစ် ၆၀တာကာလမှခေါင်းဆောင်များ၊
အာဇာနည်များအကြောင်းဆိုရင် ဘုရားစူးရပါစေရဲ့။လေး၊ငါးမျက်နှာနဲ့တင် စာအုပ်ကကုန်သွားမှာ။ အဲ..မြန်မာပြည် နှစ်၆၀ဟာသမိန့်ခွန်းများတို့၊သူခိုးကြီးများအကြောင်းတို့၊လူလိမ်ကြီးများအကြောင်းတို့၊
တတ်ယောင်ကား ပုဂ္ဂိုလ်ကြီးများအကြောင်းတို့၊မှားပြီးဖြေသော အင်တာဗျူးများတို့၊ ဘာသာပြန်မှားသော
နိုင်ငံခြားသတင်းမီဒီယာများတို့အကြောင်းဆိုရင်တော့ ကိုရီးယားကားများလို အတွဲလိုက်၊အတွဲလိုက်
ထွက်လာဦးမှာ သေချာတယ်။အဲသလို ထွက်မလာဖူး၊ထုတ်ခွင့်မပြုဘူးဆိုရင်တော့ သေချာတယ်
မြန်မာပြည် ဆင်းရဲနေဦးမှာဗျား။
                                    (၂၆။၇။၂၀၁၂)

0 ကွန်မန့်ရေးရန်:

Post a Comment