Saturday, July 7, 2012

ကချင်နှစ်ခြင်းအသင်းတော် ဦးဆောင်ပြီး လူ ၁၀၀၀ ခန့် မြစ်ကြီးနားတွင် ဆန္ဒပြ


KNG

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကချင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာများ ဦးဆောင်၍ ဒုက္ခသည်များလုံခြုံရေးနှင့် အစိုးရမှ ဖမ်း ဆီးထားသောဒုက္ခသည် ဦးလထော်ဘရန်ရှောင်အားလွတ်ပေးရန် ယနေ့ မနက် ၉ နာရီမှစ၍ လူ ၁၀၀၀ ခန့် ငြိမ်းချမ်းစွာ တောင်းဆို ၍ တန်းစီ ဆန္ဒ ဖော်ထုတ် နေသည်။

ထိုသို့ စီတန်းလှည့်လည် ဆန္ဒပြရာတွင် ဦးဘရန်ရှောင်၏ အမျိုးသမီးမှ “ကျွန်မ၏ ခင်ပွန်း ဦးဘရန် ရှောင်ကို လွတ်ပေးပါ” ဟူသော စာသားကို ကိုင်ကာ ၎င်းနောက်မှ ဦးဆောင်သူ သိက္ခာတော်ရ ဆရာများ နှင့် ထိုနောက်တွင် ပါဝင်သူများ ကချင်ထဘီနှင့် အကျီဖြူများကို ၀တ် ဆင်ကာ လှည့်လည်ဆန္ဒပြခြင်းဖြစ်သည်။

ဆန္ဒဖေါ်ထုတ်လှည့်လည် ခြင်းကို ဂျန်မိုင်ကောင် ဘုရားကျောင်းမှစပြီး ဒူကထောင်လမ်းဘက်မှ တန်းစီကာ မြို့တော်ခန်းမနှင့် ပြည်နယ် အ ထွေထွေ အုပ်ချုပ်ရေးရုံးလမ်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ရုံး(အောက်ရုံး)ရှေ့၊ ခရိုင်အုပ်ချုပ်ရေးရုံး၊ မြို့နယ်အုပ် ချုပ်ရေးရုံးရှေ့ နှင့် ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့တို့တွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် လှည့်လည် ဆန္ဒတောင်းဆို နေ ကြောင်း ပါဝင်ဦးဆောင်သူ ဆရာအောင်မြတ်ပြောသည်။

“အခုတော့ ဒီအစိုးရပန်းခြံနောက် အံတော်ရှင် ဘုန်းကြီးကျောင်းဘက်မှာရောက်နေပြီ အပြန်ဘက် တော့ ဟုတ်ပြီ” ဟုဆရာအောင်မြတ်ပြော သည်။

ဆန္ဒပြတောင်းဆိုရာတွင် “ဦးဘရန်ရှောင်ကို ချက်ချင်းလွတ်ပေးပါ၊ IDP များရဲ့ လုံခြုံမှုပေးရေး၊ မတ ရားဖမ်းဆီးခြင်းမလိုလား၊ ပြည်တွင်းကို ငြိမ်းချမ်းမှုပေးရေး၊ စသည့်အချက် ၄ ချက်ဖြင့် တောင်းဆို ဆန္ဒဖော်ထုတ် တောင်းဆို နေခြင်းဖြစ်သည်။

ယခုကဲ့သို့ ကချင်ပြည်သူများသည် မိမိဆန္ဒအား ငြိမ်းချမ်းစွာဖော်ထုတ်တောင်းဆိုခြင်းသည် ကချင်ပြည်နယ်မြစ်ကြီးနားတွင် ပထမဆုံး အကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး မနက် ၉ နာရီမှ စတင်ပြုလုပ်ကာ ညနေ ၃ နာရီထိ တန်းစီလှည့်လည်သွားမည်ဖြစ်ကြောင်းသိရသည်။

“အစိုးရတို့က ကန့်ကွက်တာတော့မရှိဘူး။ ဟိုတနေ့ကတော့ မလုပ်ခိုင်းသေးဘူးတဲ့။ ဒါပေမဲ့ ဒီနေ့ အခုချိန်ထိတော့ ဘာကန့်ကွက်တာတွေက မရှိသေးဘူး” ဟု ဆန္ဒပြရာတွင်ပါဝင်သက်ရောက်သူတစ်ဦး ပြောသည်။

0 ကွန်မန့်ရေးရန်:

Post a Comment