Tuesday, June 12, 2012

အာနာပါန ရူမှတ်ပွားများနည်း




အာနာပါနဟူသော ပုဒ်သည် အာနနှင့် အ,ပါနှစ်ပုဒ်ကို ပေါင်းစပ်ထားသော ပါဠိဝေါဟာရဖြစ်သည်။ အာနသဒ္ဒါက ထွက်သက်ဟူသော အနက်ကိုဟော၍ အပါနသဒ္ဒါက ၀င်သက်ဟူသော အနက်ကိုဟော၏၊ အာနာပါန ထွက်သက် ၀င်သက်ဟု အဓိပ္ပာယ်ရ၏၊ ထို့ကြောင့် အာနာပါနရူမှတ်ပွားများနည်းဆိုသည်မှာ ထွက်သက် ၀င်သက်(ထွက်လေ၊ ၀င်လေ)ကို သတိကပ်၍ ရူမှတ်ပွားများရသော နည်းဖြစ်သည်။
 
အခြေခံရူမှတ်ခြင်း
အာနာပါနရူမှတ်သူသည် ထွက်လေ ၀င်လေတိုးထိရာ နှာသီးဖျားကို သတိစိုက်၍ ထွက်လျှင် ထွက်လေ၊ ၀င်လျှင် ၀င်လေဟု အဖန်ဖန် နှလုံးသွင်းရူမှတ်ရမည်။ ဤအခြေခံ ရူမှတ်သည့်အဆင့်တွင် အသက်ကို ရှူသွင်း ရှူထုတ်တိုင်း ရှူသွင်း ရှူထုတ်မှန်းသိအောင် သတိထားရမည်၊ ထို့ပြင် ထွက်လေ ၀င်လေကို နှာသီးဖျားတွင် သတိကပ်ရူမှတ်ရမည်။ ထွက်လေ ၀င်လေနောက်သို့ စိတ်ကလိုက်ပါပြီး မရှူမှတ်ရ၊ နှာသီးဖျား၌ သတိကပ်ထားပြီး ၀င်တိုင်း ထွက်တိုင်း သိသိနေရပါမည်၊ ထွက်လေ ၀င်လေ နှာသီးဖျား၌ တိုးနေ ထိနေသည်ကို သိရမည်၊ သတိကောင်းလေ ပို၍ ထင်ရှားလာလေ ဖြစ်လိမ့်မည်။ ဤနှာသီးဖျား၌ စိတ်စိုက်ထားပြီး ထွက်လေ ၀င်လေကို ထွက်လျှင် ထွက်မှန်းသိ၊ ၀င်လျှင် ၀င်မှန်းသိနေအောင် ရူမှတ်ရမည်။ အချုပ်အားဖြင့် ဤအခြေခံရူမှတ်ခြင်းသည် သတိကို ဦးစားပေးထူထောင်ခြင်းပင်ဖြစ်သည်။ ဤသို့ သတိခိုင်မြဲရန် ဦးစွာလေ့ကျင့်ပြီး ဆက်လက်ဖော်ပြမည့် ရူမှတ်နည်းများကို အားထုတ်ရန် ဖြစ်ပါသည်။
ဤအာနာပါနရူမှတ်နည်းနှင့် ပတ်သက်၍ နည်းပေါင်း(၁၆)နည်း ရှိသော်လည်း အဓိကကျသော ပထမစတုက္က=ပထမလေးချက်ကိုသာ ဖော်ပြမည်၊ ပထမစတုက္ကနည်းသည် အာနာပါနကို စတင်အားထုတ်သူနှင့် သင့်လျော်ပြီး သမထ၀ိပဿနာ နည်းနှစ်ဖြာဖြင့် အားထုတ်နိုင်သော နည်းဖြစ်သည်၊ ဤနည်းလေးချက်ကို ပိုင်နိုင်စွာ ရူမှတ်နိုင်လျှင် ဈာန်ရလိုသူသည် ဒုတိယ၊ တတိယ လေးချက်နည်းများကို ဆက်လက်ရူမှတ်နိုင်သည်။ ဈာန်စခမ်းသို့ မတက်လှမ်းတော့ဘဲ မဂ်ဖိုလ်စခန်းသို့ တက်လှမ်းလိုသူသည် စတုတ္ထလေးချက်နည်းကို တိုက်ရိုက်အားထုတ်နိုင်မည်ဖြစ်သည်၊ သို့ဖြစ်၍ အဓိကကျသည့် ပထမလေးချက်နည်းကိုသာ ဖော်ပြသွားပါမည်။
ပထမစတုက္က ပထမလေးချက်နည်းတွင် နည်း(၄)မျိုးပါဝင်သည်၊ ထိုနည်း (၄)မျိုးမှာ -
(၁) ထွက်သက် ၀င်သက်လေကို ရှူရိုက်သောအခါ ထွက်သက် ၀င်သက်လေ ရှည်လျှင် ရှည်သည်ဟု သိအောင် ရူမှတ်ခြင်း (ရှည်လျှင် ရှည်မှန်းသိ)၊
(၂) ထွက်သက် ၀င်သက်လေ တိုလျှင် တိုသည်ဟုသိအောင် ရူမှတ်ခြင်း (တိုလျှင် တိုမှန်းသိ)၊
(၃) ထွက်သက် ၀င်သက်လေ၏ အစ-အလယ်-အဆုံး သုံးချက်လုံး ထင်ရှားအောင် လေ့ကျင့် ရူမှတ်ခြင်း (စ-လယ်-ဆုံးကို သိအောင်ကျင့်)၊
(၄) ထွက်သက် ၀င်သက်လေကို တဖြည်းဖြည်း သိမ်မွေ့ငြိမ်သက်သွားအောင် လေ့ကျင့်ရူမှတ်ခြင်း (ငြိမ်သက်အောင် လေ့ကျင့်) တို့ဖြစ်သည်။
(၁)(၂) ရှည်လျှင် ရှည်မှန်းသိ၊ တိုလျှင် တိုမှန်းသိအောင် ရူမှတ်ခြင်း
အခြေခံရူမှတ်သည့်အဆင့်တွင် သတိထင်နေ၊ ခိုင်မြဲနေစေရန် ရူမှတ်သူက တမင်ပြုလုပ်ရ၏၊ ထိုသတိသည် တဖြည်းဖြည်း ရင့်ကျက်လာသောအခါ သတိထင်စေရန် ရူမှတ်သူက ကြောင့်ကြစိုက်နေဖွယ် မလိုတော့ချေ။ သမ္ပဇညခေါ်အသိနှင့် ယှဉ်တွဲသည့် အဆင့်သို့ ရောက်ရှိလာသည်၊ ယင်းသို့ သတိသည်အသိနှင့် ယှဉ်တွဲလာသောအခါ ပထမစတုက္ကနည်းများမှ နည်း(၁)၊ နည်း(၂)တို့ဖြင့် အားထုတ်ရန် လိုအပ်လာသည်။ ဤနည်းများသည် ထွက်လေ၀င်လေကို ရှည်လျှင် ရှည်မှန်းသိ၊ တိုလျှင် တိုမှန်းသိသော နည်းများဖြစ်သည်။
ထွက်သက် ၀င်သက်လေသည် တစ်ထိုင်တည်းမှာပင် ရှည်လိုက် တိုလိုက် ဖြစ်တတ်သည်၊ “ရှည်လျှင် ရှည်သည်၊ တိုလျှင် တိုသည်”ဟုသိနေရမည် ဤ၌ ထွက်သက် ၀င်သက်လေတို့ အထွက် အ၀င်နှေးခြင်းကို ရှည်သည်၊ မြန်ဆန်ခြင်းကို တိုသည်ဟု ဆိုပါသည်။ ထို့ကြောင့် ထွက်သက် ၀င်သက်လေတို့ နှေးလျှင် နှေးသည် မြန်လျှင် မြန်သည်ဟု အနှေးအမြန်၊ အရှည်အတို တစ်ခုမျှမလွတ်စေဘဲ သိနေအောင် ရူမှတ်ရမည်။ ဤနည်းဖြင့် အားထုတ်လျှင် ရူမှတ်သူ၏ နှာသီးဖျား၌ ထွက်သက်ရှည်၊ ထွက်သက်တို၊ ၀င်သက်ရှည်၊ ၀င်သက်တိုဟူသော အခြင်းအရာလေးမျိုး ထင်လာသည်။
ဤနည်းအရ သတိထင်အောင် အားထုတ်ရာတွင် သတိနှင့်တကွ သမ္ပဇညခေါ် အသိပါ ပူးတွဲပါလာသည်။ ဤနည်းအရ ထင်လာသော သတိသည် ရူမှတ်သူ ပုဂ္ဂိုလ်က လုပ်ယူရခြင်းမဟုတ်ဘဲ သူ့အလိုလို ထင်လာခြင်းဖြစ်သည်။ ထိုသို့သတိသည် အသိနှင့် တွဲလာသောအခါ တည်ကြည်ငြိမ်သက်မူ ရှိလာပြီ ဖြစ်သည်။
(၃) စ-လယ်-ဆုံး ကို သိအောင်လေ့ကျင့်ခြင်း
နည်း(၁)နှင့် နည်း(၂) တို့အရ အားထုတ်သောအခါ ထွက်လေ ၀င်လေကို ရှည်မှန်း တိုမှန်းသိလာမည် ဖြစ်သည်၊ ထိုသို့ ထွက်လေ ၀င်လေ အရှည် အတိုကို ပိုင်နိုင်စွာ ရူမှတ်သိပြီးလျှင် ဤနည်း(၃)ကို ဆက်လက်အားထုတ်ရမည်၊ ဤနည်းကား ထွက်သက် ၀င်သက်လေ၏ အစ-အလယ်-အဆုံး သုံးချက်ကို သိအောင် လေ့ကျင့် အားထုတ်သော နည်းဖြစ်သည်။
ဤ၌ ထွက်သက်၏အစကား ချက်၊ အလယ်ကား နှလုံး(ရင်ဝ)၊ အဆုံးကား နှာသီးဖျားဖြစ်သည်၊ ၀င်သက်၏ အစကား နှာသီးဖျား၊ အလယ်ကား နှလုံး(ရင်ဝ)၊ အဆုံးကား ချက် ဖြစ်သည်။ သို့ဖြစ်၍ ချက်တိုင်မှစ၍ လေထွက်ခြင်း၊ နှလုံးသားကို လေခတ်သွားခြင်း၊ နှာသီးဖျားကို လေတိုးသွားခြင်းတို့ကို သတိစိုက်၍ သုံးချက်လုံး ထင်အောင် ရူမှတ်ရမည်။
အာနာပါန အားထုတ်ရာ၌ အခြေခံအဆင့်ဖြင့် သတိထူထောင်၍ နည်း(၁)၊ နည်း(၂) တို့အရ သတိထင်လာရာတွင် အသိပါလာသည်၊ နည်း(၃)အရ ထွက်လေ ၀င်လေ၏ အစ-အလယ်-အဆုံး သုံးချက်လုံးကို သိအောင်လေ့ကျင့်ရသည်။ အခြေခံအဆင့်အရ ရှေးဦးစွာ ထွက်လေ ၀င်လေကို ထွက်မှန်း၊ ၀င်မှန်းသိအောင် သတိထူထောင်၍ နည်း(၁)၊ နည်း(၂)တို့အရ ရှည်မှန်း၊ တိုမှန်းသိရုံသာမက အစ-အလယ်-အဆုံး သုံးချက်လုံးကိုပင်သိအောင် လေ့ကျင့်ခြင်းဖြစ်သည်။
နည်း(၁)၊ နည်း(၂) တို့အရ ရှည်မှန်း တိုမှန်းကိုကားသိ၏၊ အစ-အလယ်-အဆုံး သုံးချက်လုံးကိုမူ မသိသေးပေ၊ အချို့က အဆုံးကိုသာသိ၏၊ အစနှင့် အလယ်၊ အစနှင့် အဆုံး၊ အလယ်နှင့် အဆုံး နှစ်မျိုးကိုသာ သိသူလည်းရှိ၏၊ ထိုပုဂ္ဂိုလ်များအတွက် ဤနည်း(၃)ကို အားထုတ်ရန် မြတ်စွာဘုရားက ညွှန့်ကြားတော်မူခြင်းဖြစ်၏၊ အခြေခံအဆင့်ဖြင့် သတိကောင်းမွန်ခိုင်မြဲလာ၍ နည်း(၁)၊ နည်း(၂) တို့အရ သတိထင်ရာတွင် အသိပါလာသည်၊ နည်း(၃)အရ ထိုသတိနှင့်အသိကို အကွက်စေ့စေ့ လေ့ကျင့်ပေးသည်။
(၄) ငြိမ်သက်အောင်လေ့ကျင့်ခြင်း
နည်း(၃)အရ အားထုတ်ပြီးသောအခါ သတိ သမာဓိများ လွန်စွာကောင်းလာသည်။ သို့သော် ထွက်လေ ၀င်လေကို ရူမှတ်သူ၏ အလိုဆန္ဒအတိုင်း မဖြစ်စေနိုင်သေးပေ၊ သို့ဖြစ်၍ ရူမှတ်သူ၏ အလိုဆန္ဒအတိုင်း ဖြစ်လာနိုင်ဖို့အတွက် နည်း(၄)အရ ဆက်လက်အားထုတ်ရန်ဖြစ်သည်။ ဤနည်းကား ထွက်သက် ၀င်သက်လေကို တဖြည်းဖြည်း သိမ်မွေ့၍ ငြိမ်သက်သွားအောင် လေ့ကျင့်သည့်နည်း ဖြစ်သည်။
ထွက်သက် ၀င်သက်သည် ခန္ဓာကိုယ်ကို အမှီပြုပြီး ခန္ဓာကိုယ်နှင့် ဆက်စပ်နေ၏၊ ယင်းထွက်သက် ၀င်သက်ကို ကာယသင်္ခါရဟုခေါ်၏။ ထွက်သက် ၀င်သက် ကြမ်းလျှင် ခန္ဓာကိုယ်ကြမ်း၍ ထွက်သက် ၀င်သက်သိမ်မွေ့လျှင် ခန္ဓာကိုယ် သိမ်မွေ့၏၊ ကိုယ်စိတ်၏ ပူပန်ခြင်း၊ ပင်ပန်းခြင်းများ ကင်းစေရန် ထွက်သက် ၀င်သက်ခေါ် အာနာပါနကို ရူမှတ်ရသည်။ ထွက်သက်ဝင်သက်ကို စိတ်တိုင်းကျ နိုင်နိုင်နင်းနင်း ရူမှတ်နိုင်သောအခါ ကိုယ်စိတ်ပူပန်ခြင်းများ ပျောက်ကင်းငြိမ်းအေးလာသည်။
အာနာပါန အားမထုတ်မီကာလ၌ ကိုယ်စိတ်သည် ငြိမ်းအေးမူမရှိဘဲ ကြမ်းတမ်းပူပန်နေတတ်၏၊ ထိုအခါ ထွက်သက် ၀င်သက်လေသည်လည်း ငြိမ်သက်ခြင်း၊ သိမ်မွေ့ခြင်းမရှိဘဲ ကြမ်းတမ်းနေသည်။ တခါတရံတွင် နှာခေါင်းဖြင့် ရှူရိုက်၍ အားမရသည့်အတွက် ပါးစပ်ဖြင့် ရှူရိုက်ရသည်အထိပင် ကြမ်းတမ်း နေတတ်သည်၊ အာနာပါန ကမ္မဋ္ဌာန်းကို ရူမှတ်ပွားများဖန် များလာသောအခါ ကိုယ်စိတ်တို့ ငြိမ်သက်အေးချမ်းလာပြီး ထွက်သက် ၀င်သက်လေတို့သည်လည်း အဆင့်ဆင့် တဖြည်းဖြည်း သိမ်မွေ့လာကြသည်။ နောက်ဆုံးတွင် “ငါ့မှာ ထွက်သက် ၀င်သက်ရှိမှ ရှိသေးရဲ့လား”ဟု စူးစမ်းဆင်ခြင်ရသည်အထိ ဖြစ်သွားတတ်လေသည်။ ဤသည်မှာ ပါဠိတော်လာ အာနာပါန အားထုတ်နည်းများ ဖြစ်သည်။
ဤပါဠိတော်နည်းဖြင့် အားထုတ်၍ သမာဓိမရခဲ့သော် အဋ္ဌကထာလာ အောက်ပါနည်းများဖြင့်လည်း အားထုတ်နိုင်သည် -
(က) ရေတွက်၍ ရူမှတ်နည်း(ဂဏနာ)၊
(ခ) မရေတွက်ဘဲ ထွက်သက် ၀င်သက်လေသို့ အစဉ်လိုက်၍ ရူမှတ်နည်း (အနုဗန္ဓနာ)၊
(ဂ) ထိသိနည်း (ဖုသနာ) – တို့ ဖြစ်သည်။
(က) ရေတွက်၍ ရူမှတ်နည်း (ဂဏနာ)
ဤနည်းကား ထွက်သက် ၀င်သက်လေကို ထင်ရှားရာကစ၍ တစ်၊ နှစ်၊ သုံး စသည်ဖြင့် ရေတွက်ခြင်းဖြစ်သည်၊ အာနာပါနကို စတင်အားထုတ်သူသည် သမာဓိမရနိုင်ဘဲ စိတ်ပျံ့လွင့်နေသောအခါ ဤနည်းဖြင့် အားထုတ်သင့်သည်၊ ဤနည်းဖြင့်အားထုတ်ရာ၌ ထွက်သက် ၀င်သက်အကြိမ်ကို ရေတွက်သောအခါ ငါးကြိမ်ထက်လျော့၍ဖြစ်စေ၊ ဆယ်ကြိမ်ထက်ပို၍ဖြစ်စေ မရေတွက်ရ၊ ငါးကြိမ်နှင့် ဆယ်ကြိမ်အကြား သတ်မှတ်၍ ရေတွက်ရမည်။ ရေတွက်နည်းမှာ -
ထွက်လေ ၀င်လေထိရာ အရပ်ရို သတိကပ်၍ ထွက်သက် ရှူထုတ်သည့်အခါ ထွက်သက်(၁)၊ ၀င်သက်ရိုက်သွင်းသည့်အခါ ၀င်သက်(၁)၊ ထိုနည်းအတိုင်း ထွက်သက်(၂)၊ ၀င်သက်(၂)၊ ထွက်သက်(၃)၊ ၀င်သက်(၃)၊ ထွက်သက်(၄)၊ ၀င်သက်(၄)၊ ထွက်သက်(၅)၊ ၀င်သက်(၅) ဟု ရေတွက်ရမည်။ ထိုသို့ ရေတွက်ရာ၌ ထွက်သက် ၀င်သက် နှစ်ပါးတွင် ထင်ရှားရာကစ၍ ရေတွက်ရမည်။
ထွက်သက် ၀င်သက်အကြိမ်ကို အောက်ပါအတိုင်းမှတ်နိုင်သည် -
(က) ၁ မှ ၅-ထိ တစ်ကြိမ်
(ခ) ၁ မှ ၆-ထိ တစ်ကြိမ်
(ဂ) ၁ မှ ၇-ထိ တစ်ကြိမ်
(ဃ) ၁ မှ ၈-ထိ တစ်ကြိမ်
(င) ၁ မှ ၉-ထိ တစ်ကြိမ်
(စ) ၁ မှ ၁၀-ထိ တစ်ကြိမ်
ထိုသို့ (က)မှ (စ) ထိ ၆-ကြိမ် ရေတွက်၍ ပြီးသွားလျှင် (က)(ခ) စသော အမှတ်စဉ်အတိုင်း ပြန်၍အသစ်ရေတွက်ရမည်၊ ရူမှတ်အားထုတ်ကာစတွင် ဖြည်းဖြည်း နှေးနှေးရေတွက်၍ အသားကျလာသောအခါ မြန်မြန် စိပ်စိပ် ရေတွက်နိုင်ပေမည်။
(ခ) မရေတွက်ဘဲ ထွက်သက် ၀င်သက်လေသို့ အစဉ်လိုက်၍ ရူမှတ်နည်း (အနုဗန္ဓနာ)
စိတ်ပျံ့လွင့်မူမရှိတော့ဘဲ သမာဓိရရှိလာသောအခါ ရေတွက်၍ မှတ်နည်းကို ရပ်တန့်ပြီး ဤနည်းကိုအသုံးပြုရန်ဖြစ်သည်၊ ဤနည်းဖြင့် ရူမှတ်ရာတွင် ထွက်သက်ဝင်သက်လေကို သတိဖြင့်စောင့်၍ နှာသီးဖျားမှ ထွက်တိုင်း ၀င်တိုင်း သိနေအောင် ရူမှတ်ရမည်။ ထွက်သက် ၀င်သက်လေမှန်သမျှကို တစ်ခုမျှမလွတ်စေဘဲ ထိရာအရပ်ကို သတိကပ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သတိမလစ်အောင် ဂရုစိုက်ရပေမည်။
(ဂ) ထိသိနည်း (ဖုသနာ)
ဤနည်းသည်ထွက်လေ ၀င်လေနှင့် နှာသီးဝတို့ ထိသည်ကို သတိကပ်၍ မှတ်သည့်နည်းဖြစ်သည်။ ဂဏာနာနည်း၊ အနုဗန္ဓနာနည်းတို့သည် ဤဖုသနာနည်းနှင့် မကင်းနိုင်ကြချေ။ ဂဏာနာနည်း၊ အနုဗန္ဓနာနည်းတို့ဖြင့် အားထုတ်လျှင် ဤနည်းမှာ ပါဝင်သွားပြီ ဖြစ်တော့သည်။ သီးခြားနည်းတစ်ခု အနေဖြင့် မှတ်ရန်မလိုချေ။ ထို့ကြောင့် အဆိုပါ ဂဏာနာနည်း၊ အနုဗန္ဓနာနည်းတို့ဖြင့် ရူမှတ်သည့်အခါ ထွက်လေ ၀င်လေတို့၏ ထိရာအရပ်(နှာသီးဖျား)၌ အမြဲသတိကပ်ထားရမည် ဖြစ်သည်။
နိမိတ်ထင်ခြင်း
အာနာပါနကို အားထုတ်သောအခါ နိမိတ်များထင်လာတတ်သည်၊ ထင်လာသည့်နိမိတ်များမှာ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်တို့ ဖြစ်သည်။ ယင်းတို့အနက် ဤအာနာပါနကမ္မဋ္ဌာန်း အရာ၌ မူလရူမှတ် အားထုတ်သည့် ထွက်လေ ၀င်လေကို ပရိကမ္မနိမိတ်ဟုခေါ်သည်။ မူလအခြေခံ အစဦးဆုံး အာရုံဟုဆိုလိုသည်။ ဥဂ္ဂဟနိမိတ်ဆိုသည်မှာ စိတ်ဖြင့်မှန်း၍ ယူအပ်သော အာရုံဖြစ်သည်၊ ဥဂ္ဂဟနိမိတ်များမှာ အမျိုးမျိုး အဖုံဖုံရှိသည်။ လဲစု၊ ၀ါဂွမ်းစု၊ ကြာပွင့်၊ လ၀န်း၊ နေ၀န်း တို့ကဲ့သို့ လူပ်ရှားသည့် အခြင်းအရာဖြင့် အမျိုးမျိုး ထင်တတ်သည်၊ မရေတွက်နိုင်အောင်ပင် ရှိသည်။
ပဋိဘာဂနိမိတ်ဆိုသည်မှာ ဥဂ္ဂဟနိမိတ်ထက် အဆင့်မြင့်လာသော အာရုံဖြစ်သည်၊ ဥဂ္ဂဟနိမိတ်အဆင့်တွင် မထင်းရှာ မှိန်၊ မတည်ငြိမ် လူပ်ရှား ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည်။ ဤ ပဋိဘာဂနိမိတ်အဆင့်တွင် ထင်ရှားပီပြင်၊ တည်ငြိမ်မလူပ်ရှား၊ မပျောက်မပျက် ခိုင်မြဲစွာ ဖြစ်ပေါ်နေသည်၊ ဤအဆင့်တွင် ရရှိထားသော သမာဓိကို ဥပစာရသမာဓိ(ဥပစာရဈာန်) ဟုခေါ်သည်၊ ဤ ပဋိဘာဂနိမိတ်ကား ကြယ်ရောင်၊ ပတ္တမြားရောင်၊ နေရောင်၊ လရောင်တို့ကဲ့သို့ ငြိမ်သက်စွာ ထင်သည်။
ထိုသို့ ပဋိဘာဂနိမိတ်ထင်လာလျှင် ထိုနိမိတ်များမပျောက်ပျက်အောင် စိတ်တည်ငြိမ်စွာဖြင့် စောင့်ရှောက်၍ ထိုပဋိဘာဂနိမိတ်၌ပင် စိတ်စိုက်ထားလျက် ဆက်လက်ကြိုးစားအားထုတ်လျှင် ပါရမီအားလျော်စွာ ဈာန်တရားများကို ရရှိနိုင်ပါသည်။
အာနာပါနရူမှတ်ခြင်း၏ အကျိုးများ
အာနာပါနကို ရူမှတ်ပွားများသူသည် -
(၁) စိတ်ငြိမ်သက် အေးချမ်းခြင်း၊
(၂) မှန်ကန်စွာ တွေးခေါ်ကြံစည်နိုင်ခြင်း၊
(၃) ကိုယ်စိတ်ချမ်းသာစွာ နေရခြင်း၊
(၄) စတုက္ကနည်းအရ ရူပါဝစရဈာန် ၄-ပါးကို ရနိုင်ခြင်း၊
(၅) သတိပဋ္ဌာန်(၄)ပါး၊ ဗောဇ္ဈင် (၇)ပါးတို့နှင့် ပြည့်စုံခြင်း၊
(၆) ဘ၀၏နောက်ဆုံး ထွက်သက် ၀င်သက်ကို သိခြင်း၊
(၇) မိမိ၏ အသက်အပိုင်းအခြားကို သိခြင်း၊
(၈) မဂ်ဖိုလ်၏ အခြေခံကိုရရှိခြင်း၊
အစရှိသော အကျိုးတရားများကို မျက်မှောက်ဘ၀၌ပင် ခံစားရရှိမည်ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များစာအုပ်မှ ထုတ်နူတ်ဖော်ပြသည်

0 ကွန်မန့်ရေးရန်:

Post a Comment