Sunday, June 3, 2012

ကမ္မဌာန်းအားမထုတ်မီ ကြိုတင်ပြုဖွယ်ကိစ္စများ


ကမ္မဋ္ဌာန်းတရားအားထုတ်မည့်သူသည် အားမထုတ်မီတွင် ကြိုတင်ပြုလုပ်ရမည့် ကိစ္စများကို လေ့လာသိရှိထားသင့်၏၊ ထိုကိစ္စများအား အကျဉ်းချုပ်အားဖြင့် -
 
- သီလစင်ကြယ်အောင် စောင့်ထိန်းခြင်း။
- ကမ္မဋ္ဌာန်း တရားကို အနှောက်အယှက်ပြုမည့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရမည့် ကိစ္စကြီးငယ်များကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်း။
- ကမ္မဋ္ဌာန်းဆရာထံ ချဉ်းကပ်ခြင်း။
- မိမိစရိုက်နှင့် ကိုက်ညီမည့် ကမ္မဋ္ဌာန်းကိုသင်ယူခြင်း။
- ကမ္မဋ္ဌာန်းအားထုတ်ရန် သင့်လျော်သော နေရာကို ရွေးချယ်ခြင်း
- ခန္ဓာကိုယ်ကို အပ်နှံ လှူဒါန်းခြင်း တို့ဖြစ်သည်။

သီလစင်ကြယ်အောင် စောင့်ထိန်းခြင်း
ကမ္မဋ္ဌာန်းတရားအားထုတ်မည့်သူသည် ရဟန်းဖြစ်ပါက မိမိ၌သင့်ရောက်နေသော အာပတ်ကို ၀ိနည်းဒေသနာနှင့်အညီ ငြိမ်းပျောက်အောင် ကုစားရမည်၊ အာပတ်သင့်နေလျက်နှင့် တရားအားထုတ်လျှင် မိမိရည်မှန်းထားသည့် တရားထူးများကို ရရှိနိုင်မည်မဟုတ်၊ လူဝတ်ကြောင်ဖြစ်ပါက မိမိတို့ဆိုင်ရာ အကျင့်သီလများကို စင်ကြယ်အောင် စောင့်ထိန်းရမည်၊ သီလစင်ကြယ်မှသာ တည်ကြည်မူ(သမာဓိ)နှင့် အသိအမြင်ဉာဏ်(ပညာ) တိုးတက်ပြီး မျှော်မှန်းထားသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်သည်။

တရားအားထုတ်မူ၌ အနှောက်အယှက်ပြုမည့် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရမည့် ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်း (ပလိဗောဓ)
တရားအားထုတ်မည်ဆိုလျှင် နောက်ဆံတင်းစရာ ကိစ္စများကို ကြိုတင်ပြီးပြတ်အောင် ဆောင်ရွက်ထားသင့်၏၊ ဆောင်ရွက်စရာကိစ္စများကို မပြီးမပြတ်ဖြစ်နေပါက တရားအားထုတ်မူ၌ အနှောက်အယှက်ပြုတတ်သည်၊ ထိုကိစ္စအတွက် နောက်ဆံတငင်ငင် ဖြစ်နေတတ်သည်၊ ထိုနောက်ဆံတင်းဖွယ်ကိစ္စများကို ပလိဗောဓ(ကြောင့်ကြမူ) ဟုခေါ်ဆိုသည်။ ယင်းပလိဗောဓကိစ္စတို့ကား နေထိုင်ရန် အဆောက်အုံးပြင်ဆင် စီမံခြင်းကိစ္စ၊ ရင်းနှီးသော ဆွေမျိုးမိဘ အပေါင်းအသင်း ဒကာ ဒကာမတို့ကိစ္စ၊ ပရိဘောဂအသုံးအဆောင်ပစ္စည်းများနှင့် စပ်သောကိစ္စ၊ ဂိုဏ်းဂဏအသင်းအဖွဲ့နှင့် စပ်သောကိစ္စ၊ လတ်တလော မဖြစ်မနေဆောင်ရွက်ဖွယ်ကိစ္စ၊ ခရီးသွားရန်ကိစ္စ၊ မိသားစုနှင့်ဆွေမျိုး ဆရာသမား ဒကာ ဒကာမတို့၏ ကျန်းမာရေးကိစ္စ၊ မိမိ၏ ကျန်းမာရေးကိစ္စ၊ မိမိ၏ပညာရေးကိစ္စ၊ ရရှိထားသည့် လောကီတန်ခိုးအစွမ်း မပျောက်မပျက်ရေးကိစ္စ စသည်ဖြင့် များပြားစွာရှိလေသည်။
ထို့ပြင် မိမိတစ်ကိုယ်တစ်ကာယ သန့်ရှင်းရေးအတွက် ဆံ၊ မုတ်ဆိတ်၊ လက်သည်း၊ ခြေသည်းတို့ကို ရိတ်ဖြတ်ခြင်း၊ အ၀တ်အထည်များကို ချုပ်လုပ်ခြင်း၊ ဖွတ်လျှော်ခြင်း၊ အိုးခွက်ပန်ကန်များကို ဆေးကြောခြင်း၊ အိပ်ရာ ခုတင်များကို ပြုပြင်ခြင်း အစရှိသည်ဖြင့် အသေးအဖွဲ(ပလိဗောဓငယ်) ကိစ္စများလည်း ရှိနေပေသည်။ ထိုကိစ္စ ကြီးငယ်အသွယ်သွယ်ကို တရားအားမထုတ်မီကပင် ကြိုတင်၍ ပြီးပြတ်အောင် ဆောင်ရွက်ထားရမည်။ အချုပ်အားဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့် ဆွေမျိုးသားချင်း အသင်းအဖွဲ့ အစရှိသော အရေးကိစ္စတို့ကို ပြီးပြတ်အောင် ဆောင်ရွက်ထားရပါမည်။

ကမ္မဋ္ဌာန်းဆရာထံ ချဉ်းကပ်ခြင်း
ကမ္မဋ္ဌာန်းတရားအားထုတ်ရာ၌ ဆရာကောင်း အမှီကောင်းရဖို့ အရေးကြီးလှ၏။ ဆရာကောင်းဆိုသည်မှာ ကိုယ်တိုင် တရားပေါက်မြောက်ပြီးသူ ဖြစ်ခြင်း၊ ပရိယတ္တပဋိပတ္တိ စာတွေ့ရော လက်တွေ့ပါ ပြည့်စုံခြင်းဟူသော အရည်အချင်းများနှင့် ပြည့်စုံသော ဆရာမျိုးဖြစ်သည်။ ထိုဆရာမျိုးမရခဲ့သော် ကိုယ်ကျင့်တရားကောင်းမွန်၍ စာတွေ့လက်တွေ့ အတော်အသင့်ရှိသော ဆရာထံမှာ အားထုတ်သင့်သည်။

မိမိစရိုက်နှင့်ကိုက်ညီမည့် ကမ္မဋ္ဌာန်းကို သင်ယူခြင်း
တရားအားထုတ်ရာ၌ မိမိစရိုက်နှင့် လိုက်ဖက်သည့် ကမ္မဋ္ဌာန်းကို ရွေးချယ်တတ်ရန် လွန်စွာ အရေးကြီး၏၊ စရိုက်နှင့် ကမ္မဋ္ဌာန်းမကိုက်ညီပါက အနာတခြား ဆေးတခြား ဆိုသကဲ့သို့ ဖြစ်နေပေသည်။
စရိုက်ဟူသော စကားသည် စရိတဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ ဖြစ်နေကျထက် ပိုမိုလွန်ကဲစွာဖြစ်ခြင်းဟု ဆိုလိုသည်။ ထိုစရိုက်သည် ခြောက်ပါးရှိ၏၊ ၎င်းတို့မှာ -
၁။ ရာဂစရိုက် = ရာဂအဖြစ်များခြင်း
၂။ ဒေါသစရိုက် = ဒေါသအဖြစ်များခြင်း
၃။ မောဟစရိုက် = မောဟအဖြစ်များခြင်း
၎။ သဒ္ဓါစရိုက် = သဒ္ဓါအဖြစ်များခြင်း
၅။ ဗုဒ္ဓိစရိုက် = အသိဉာဏ်ပညာအဖြစ်များခြင်း
၆။ ၀ိတက်စရိုက် = အကြံအစည်အဖြစ်များခြင်းတို့ဖြစ်သည်။
ဤစရိုက်များသည် သတ္တ၀ါတစ်ဦးတွင် တစ်မျိုးစီသာရှိသည်မဟုတ် သတ္တ၀ါတစ်ဦးတည်းမှာပင် စရိုက်နှစ်မျိုး၊ သုံးမျိုးစသည်ဖြင့် ရှိနေတတ်သည်။ ထိုသို့ ပုဂ္ဂိုလ်တစ်ဦးတည်း၌ စရိုက်တစ်မျိုးထက်ပို၍ နှစ်မျိုး၊ သုံးမျိုးရောနှော နေတတ်သော်လည်း မူရင်းစရိုက်တစ်မျိုးသာ ထင်ရှား၏။ ထို့ကြောင့် စရိုက်နှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းရွေးချယ်ရာတွင် မူရင်းစရိုက်ကိုသာ အဓိကထား၍ စိစစ်ရမည်။
ရာဂစရိုက် ရှိသူသည် အသုဘကမ္မဋ္ဌာန်(၁၀)ပါး၊ ကာယဂတာသတိ(၁)ပါး ဟူသော ကမ္မဋ္ဌာန်း(၁၁)ပါး အနက် နှစ်သက်ရာ ကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။
ဒေါသစရိုက် ရှိသူသည် ဗြဟ္မစိုရ်တရားလေးပါး၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ဟူသော ကသိုဏ်းလေးပါးတို့တွင် နှစ်သက်ရာကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။
မောဟစရိုက် ရှိသူနှင့် ၀ိတက်စရိုက် ရှိသူတို့သည် အနာပါနဿတိ၊ ကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။
သဒ္ဓါစရိုက် ရှိသူသည် ဗုဒ္ဓါနုဿတိ၊ ဓမ္မနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဟူသော (၆)ပါးတွင် နှစ်သက်ရာ ကမ္မဋ္ဌာန်းကို အားထုတ်သင့်၏။
ဗုဒ္ဓိစရိုက် ရှိသူကား မရဏဿတိ၊ ဥပသမာနုဿတိ၊ စတုဓာတု၀၀တ္ထာန်၊ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းများအနက် နှစ်သက်ရာကို အားထုတ်သင့်၏။
ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ အာကာသ ကသိုဏ်း(၆)ပါး၊ အာရုပ္ပကမ္မဋ္ဌာန်း(၄)ပါးတို့ကား မည်သည့်စရိုက်ရှိသူမဆို အားထုတ်နိုင်သော ကမ္မဋ္ဌာန်းများဖြစ်သည်။
မှတ်ချက်။  ။ ကမ္မဋ္ဌာန်း(၄၀) အကျယ်ကို ထိုနေရာတွင်  သမထကမ္မဋ္ဌာန်း(၄၀)သရုပ်နှင့် အဓိပ္ပာယ်အကျဉ်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းအားထုတ်ရန် သင့်လျော်သော နေရာကို ရွေးချယ်ခြင်း
ကမ္မဋ္ဌာန်းအားထုတ်ရန် လူသံတိတ်ဆိတ် အေးချမ်း ငြိမ်သက်သော နေရာကို ရွေးချယ်လျှင် တရားအားထုတ်ရာ၌ အနှောက်အယှက်ကင်း၍ တရားရူမှတ်ရန် သင့်လျော်ပါသဖြင့် တိတ်ဆိတ်ငြိမ်သက်သော နေရာကို အဓိက ရွေးချယ်သင့်ပါသည်။

ခန္ဓာကိုယ်ကို အပ်နှံ လှူဒါန်းခြင်း
ကမ္မဋ္ဌာန်းအားထုတ်မည့်သူသည် ဖော်ပြခဲ့ပါအချက်များကို လေ့လာပြီးနောက် “ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် မြတ်စွာဘုရားအား တပည့်တော်၏ ခန္ဓာကိုယ်ကို အပ်နှံလှူဒါန်းပါ၏ဘုရား”ဟု မြတ်စွာဘုရားအားဖြစ်စေ၊ “အရှင်ဘုရား တပည့်တော်သည် အရှင်ဘုရားအား တပည့်တော်၏ ခန္ဓာကိုယ်ကို အပ်နှံ လှူဒါန်းပါ၏”ဟု ကမ္မဋ္ဌာန်း ဆရာအားဖြစ်စေ တရားအားထုတ် သည့်အခိုက် မိမိ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်လှူဒါန်းထားရမည်။
ကြောက်မက်ဖွယ် ဘေးအန္တရာယ်များကိုကာကွယ်ရန် မြတ်စွာဘုရားအား ခန္ဓာကိုယ်ကို လှူဒါန်းခြင်းဖြစ်ပြီး၊ ဆရာသမား၏ ဆုံးမသြ၀ါဒကို လိုက်နာကျင့်သုံးနိုင်ရန် ဆရာသမားအား မိမိ၏ ခန္ဓာကိုယ်ကို အပ်နှံလှူဒါန်းခြင်းဖြစ်သည်။
ထို့နောက် ကမ္မဋ္ဌာန်းအားထုတ်ရန် သင့်လျော်သောနေရာ၌ထိုင်၍ သတ္တ၀ါများကို မေတ္တာပွားပြီး မိမိစရိုက်နှင့် လိုက်ဖက်သော ကမ္မဓဋ္ဌာန်းကို အားထုတ်နိုင်ပေပြီ။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment