၂ဝရာစု(၁၉၇ဝ)နှစ်စ အမေရိကန် အလက်ဇကားပြည်နယ်က ရွာလေးတစ်ရွာမှာ ကလေးငယ်တစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီကလေးငယ်ဟာ မွေးမွေးပြီးချင်း တောနက်ထဲ စွန့်ပစ်ခံခဲ့ရတယ်။ တောနက်ထဲက သားသမီးသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ ဝံပုလွေမတစ်ကောင်ဟာ ကလေးငယ်ကိုတွေ့တာ နဲ့ ကိုယ့်သားသမီးအမှတ်နဲ့ ကိုက်ချီသွားခဲ့ပါတယ်။
ချွန်မြတဲ့လက်သည်း၊ သွားတွေနဲ့
ရက်စက်တဲ့သတ္တဝါ အသားစားဝံပုလွေမှာလည်း မိခင်စိတ်ရှိခဲ့ပါတယ်။ ဝံပုလွေဟာ
ကလေးငယ်ကို ကိုယ့်သားသမီးလို မိခင်နို့နေ့တိုင်း တိုက်ကျွေးခဲ့တယ်။
တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ခဲ့တယ်။ ဝံပုလွေနို့စို့ပြီး
ကြီးပြင်းလာခဲ့တဲ့ ကလေးငယ်ဟာ တဖြေးဖြေး ဝံပုလွေစိတ်ဝင်ခဲ့တယ်။
သူ့ရဲ့ခန္ဓာကိုယ်က လူပုံစံနဲ့တူကကလွဲလို့ အမူအရာအားလုံး၊ အပြုအမူအားလုံး
ဝံပုလွေနီးနီးဖြစ်ခဲ့တယ်။ ဝံပုလွေတစ်ကောင်လို လေးဖက်ထောက်ပြီး
သူပြေးလွှားတယ်၊ ခုန်တယ်၊ တိရစ္ဆာန်ငယ်တွေကို လိုက်လံဖမ်းဆီးတယ်၊
ကိုက်ဖြတ်တယ်၊ သွေးသံရဲရဲ စားသောက်တယ်။ ဝံပုလွေမိခင်က သူ့ကို
ဝံပုလွေအော်သံသင်ပေးရုံမက ဝံပုလွေဘာသာစကားနဲ့ တခြားဝံပုလွေအဖော်တွေကို
သတင်းအချက်အလက်ပို့တတ်ဖို့ သင်ပေးခဲ့တယ်။ သူ့မှာ လူခန္ဓာသာရှိပေမယ့်
လူ့စကား၊ လူရဲ့အတွေးအခေါ်ဆိုတာမျိုး လုံးလုံးမရှိခဲ့တော့ပါဘူး။
သူ့ကိုယ်ပေါ်မှာလည်း ထူထည်းတဲ့ အမွေးအမျှင်တွေ ပေါက်ရောက်နေခဲ့ပါတယ်။
ဒီလိုနဲ့ အချိန်(၈)နှစ်ခန့် လွန်မြောက်သွားခဲ့ပါတယ်။ တစ်နေ့မှာ
ဆိတ်တစ်ကောင်ကို လိုက်လံဖမ်းဆီးတဲ့ ဝံပုလွေပျိုလေးကို
သစ်တောထိန်းသိမ်းရေးဝန်ထမ်းတစ် ဦး တွေ့ရှိသွားခဲ့ပါတယ်။ ဝံပုလွေကို ဝိုင်းဝန်းဖမ်းကြပြီး သစ်တောထဲကနေ ခေါ်ထုတ်ခံခဲ့ရတယ်။
ဝံပုလွေပျိုကို ဒေါက်တာKirkဦးစီးတဲ့ "အမေရိကန်
စိတ်ဓာတ်ပြောင်းလဲရေးစခန်း"ကို ခေါ်ယူသွားခဲ့ကြပြီး သူ့ကို "လော်ရာ"လို့
အမည်ပေးလိုက်ပါတယ်။ ပညာရှင်တွေဟာ ၅လကြာအချိန်ယူပြီး လော်ရာကို အစာစိမ်းကနေ
အစာကျက်စားတတ်ဖို့ သင်ယူပေးနိုင်ခဲ့တယ်။ သူဆွဲစုတ်ပစ်တဲ့ အဝတ်အစားတွေ
ဝတ်နိုင်အောင်လေ့ကျင့်ပေးနိုင် ခဲ့တယ်။ တဖြေးဖြေးနဲ့
လော်ရာမှာလူဗီဇပေါ်လာခဲ့တယ်။ လူ့စကားကို သူပြောတတ်လာတယ်။ လူ့အပြုအမူ၊
အကျင့်စရိုက်၊ နေထိုင်စားသောက်ပုံနဲ့ တွေးတောမှု၊ သံယောဇဉ်တွေ
တဖြေးဖြေးပြောင်းလဲလာခဲ့တယ်။ သာမန်လူတစ်ယောက်လို နေထိုင်စားသောက်နိုင်သလို
သူ့ကိုယ်ပေါ်က အမွေးအမျှင်တွေလည်း တဖြေးဖြေး နည်းပါးလာခဲ့တယ်။
မနုဿဗေဒပညာရှင်က ဒါဟာ သမိုင်းတလျောက်မှာ အအောင်မြင်ဆုံး
ပြောင်းလဲနိုင်မှုလို့ဆိုခြဲ့ ကတယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲ
ရောက်လာခဲ့တဲ့ လော်ရာဟာ ကျောင်းတက်ခဲ့တယ်။ နောက်ဆုံးမှာ Edward ဆိုတဲ့
လူငယ်နဲ့ လက်ထပ်ထိမ်းမြားခဲ့တယ်။
"လူ"အဖြစ်ကို လော်ရာရောက်ခဲ့ပေမယ့် သူ့ကိုပြုစုစောင့်ရှောက်ခဲ့တဲ့
ဝံပုလွေမေမေကို လော်ရာမမေ့ခဲ့ဘူး။ နှစ်အနည်းငယ်အတွင်းမှာ Edwardကို
အဖော်ပြုပြီး ၈နှစ်ကြာ သူနေထိုင်ကျက်စားရှင်သန်ခဲ့တဲ့ တောအုပ်ဆီ
လော်ရာရောက်လာခဲ့တယ်။
သစ်တောနားရောက်တယ်ဆိုရင်ပဲ လော်ရာဟာ "ဝူး..........." လို့
ဝမ်းနည်းကြေကွဲသံတစ်ချက် ဆွဲငင်လိုက်တယ်။ မိနစ်အနည်းငယ်အကြာမှာ
သစ်ပင်တွေလှုပ်လာတယ်၊ သစ်ရွက်နင်းသံတွေ ဆူညံလာတယ်။ ဝံပုလွေအကောင်
၂ဝကျော်လောက် လော်ရာနဲ့ သူ့ခင်ပွန်းရှေ့ကို ရောက်လာခဲ့တယ်။
ဝံပုလွေအုပ်ထဲမှာ အိုမင်းပြီး အမွေးအမျှင်တွေ ပါးလွှာနေပြီဖြစ်တဲ့
ဝံပုလွေတစ်ကောင် ရှေ့ကိုထွက်လာခဲ့တယ်။ လော်ရာဟာ ဝံပုလွေအိုကိုတွေ့တာနဲ့
ပြေးပြီး တင်းတင်းပွေ့ဖက်ထားလိုက်တယ်။ ခင်ပွန်းEdwardကိုလည်း ဒါ
ကျွန်မရဲ့မေမေပါလို့ပြောတယ်။
Edwardရဲ့ သဘောတူညီချက်နဲ့ လော်ရာဟာ ဝံပုလွေမေမေကို ဝံပုလွေဘာသာစကားနဲ့
"မေမေ... မေမေ အသက်ကြီးပြီ။ သဘာဝတောအုပ်ထဲမှာ မေမေပင်ပန်းလွန်းပါတယ်။
သမီးနဲ့ လိုက်ခဲ့ပါ မေမေ။ မေမေကို သမီး ပြုစုစောင့်ရှောက်ချင်လို့ပါ"
လို့ဆိုတော့ ဝံပုလွေမက အံ့သြဝမ်းသာဟန်ပြပြီး လျှာနဲ့လော်ရာပါးပြင်ကို
အဆက်မပြတ် ယက်ရှာတယ်။ ကြည့်ရတာ ငယ်ရွယ်စဉ်က လော်ရာကိုနို့ချိုတိုက်ကျွေးခဲ့ တဲ့
ပုံရိပ်တွေကို ပြန်မြင်ယောင်လာလို့ပဲဖြစ်မယ်။ ဝံပုလွေမေမေကိုခေါ်ပြီး
ကားဆီကို လော်ရာလျှောက်လာခဲ့တယ်။ ဒါပေမဲ့ ဝံပုလွေမေမေရဲ့ ခြေလှမ်းက
ကားနားရောက်လေ နှေးလေဖြစ်လာခဲ့တယ်။ နောက်ဆုံး ကားနားမရောင်ခင်
ခြေအစုံရပ်ပြီး "ဝူး... ဝူး...." လို့ သွားစွယ်တွေပေါ်အော် အော်ဟစ်လိုက်တယ်။
"မေမေက လော်ရာတို့နဲ့ မလိုက်ဘူး... တောအုပ်ထဲမှာပဲ နေခဲ့မယ်။
မင်းတို့သွားပါ.. ငါ့ကို စိတ်တိုအောင် မလုပ်ကြနဲ့လို့ပြောတယ်" လို့ လော်ရာက
Edwardကိုရှင်းပြတယ်။ ဝံပုလွေမေမေကို ဖက်ပြီး လော်ရာငိုကြွေးခဲ့တယ်။
ဝံပုလွေမေမေကလည်း "ဝူး..ဝူး"နဲ့ စိတ်ထိခိုက်ကြေကွဲသံနဲ့ အော်ဟစ်ခဲ့တယ်။
နွေရာသီတစ်ခုမှာ အမေရိကန်အသံလွှင့်ဌာနတစ်ခုက "ဝံပုလွေမေမေကို
ဝံပုလွေပျိုရှာပုံတော်"ဆိုတဲ့ မှတ်တမ်းကားတစ်ကား ရိုက်ကူးခဲ့တယ်။
ခင်ပွန်းသည်အကူနဲ့ တောအုပ်ဆီကို လော်ရာရောက်လာခဲ့ပြန်တယ်။
ဒီတစ်ခေါက်မှာတော့ လော်ရာဘယ်လို အော်အော် ဝံပုလွေတွေ ထွက်မလာခဲ့ပါဘူး။
တောစပ်နားမှာပဲ တဲလေးထိုးပြီး နေဝင်မိုးချုပ်တဲ့အထိ သူတို့စောင့်ခဲ့ကြတယ်။
နေလုံးလုံးဝင်သွားတဲ့အထိ ဝံပုလွေတစ်ကောင်မှထွက်လာတာမတွေ့ တော့
တောအုပ်ထဲ လော်ရာဝင်သွားလိုက်တယ်။ တောအုပ်ထဲရောက်တာနဲ့ အချက်ပေးသံကို
သူအော်လိုက်ပြန်တယ်။ ဒီတစ်ခေါက်မှာတော့ သူ့ဘေးမှာ
အရောင်လက်လက်မျက်လုံးတွေနဲ့ ဝံပုလွေတွေရောက်လာခဲ့တယ်။ ဝံပုလွေမေမေ
ဖျားနာနေကြောင်း လော်ရာကို သူတို့ပြောတယ်။
ဝံပုလွေတွေနဲ့အတူ လော်ရာတောနက်ထဲ လိုက်သွားခဲ့တယ်။ အသက်ယဲ့ယဲ့လေး
လုရှုနေတဲ့ ဝံပုလွေမေမေဆီ လော်ရာရောက်လာခဲ့တယ်။ လော်ရာကိုတွေ့တာနဲ့
ဝံပုလွေမေမေဟာ မျက်လုံးကိုအားယူဖွင့်ပြီး လော်ရာလက်ကို လျှာနဲ့ယက်လိုက်တယ်။
အဲဒီနောက် ငြိမ်ကျသွားခဲ့တယ်။ လော်ရာအော်ငိုမိပါတယ်။ ခြုံးခြုံးချအ်ာဟစ်
ငိုကြွေးခဲ့တယ်။ ခင်ပွန်းEdwardက "သူ့ကို အိမ်သယ်ပြန်ပြီး
အိမ်ရှေ့ကပန်းခြံမှာပဲ မြှုပ်နှံပေးရအောင်"လို့ဆိုတော့ လော်ရာခေါင်းခါတယ်။
"မေမေက ဒီတောအုပ်ရဲ့ တစ်ပိုင်းတစ်စပါ။ သေရင်တောင် တောအုပ်နဲ့အတူနေမယ်တဲ့....."
လော်ရာရဲ့နာမည်ကို နောက်ပိုင်းမှာ အယ်လီဇဘက်လို့ ပြောင်းလဲခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ဝံပုလွေရဲ့သမီးပျို Amala နဲ့ Kamala
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
0 ကွန်မန့်ရေးရန်:
Post a Comment