ရက်ပိုင်းအတွင်း
တရုတ်နိုင်ငံဖုန်းနံပါတ်ဖြင့် ဖုန်းခေါ်ဆိုမှုတခု
လက်ခံရရှိခဲ့သည်။ မိတ်ဆွေတဦး ထံမှ ဖြစ်သည်။ ကချင်စစ်ပွဲအတွင်း
လက်ဖြောင့်တပ်သားတဦးမှ မြန်မာ့တပ်မတော်မှ စစ်သည် ၃၀ကျော်ကို Sniper
ဖြင့်ပစ်သတ်နိုင်ခဲ့သည့်အတွက် မကြာမီဂုဏ်ပြုပွဲအခန်းအနားဖြင့်
ကျင်းပမည်ဖြစ်ကြောင်း မိတ်ဆွေမှပြောပြခဲ့သည်။
ထိုသတင်းကို
ကြားရသောအခါတုန်လှုပ်မိခဲ့သည်။ မှန်ပြောင်း၊ကျဉ်ဆန်၊ သေနတ်ပြောင်းတို့သည်
တဦးချင်းချိန်ရွယ်ပစ်ခတ်ရန် အထူးပြုလုပ်ထားသဖြင့် ရန်သူ၃၀
ကျော်ကိုပစ်ခတ်နိုင်သည်ဆိုသော သတင်းမှာအထူးအဆန်းမဟုတ်။
မိမိတို့သွေးချင်းများအကြားအဘယ် အကြောင်းအရာများကြောင့်
ပစ်ခတ်သတ်ဖြတ်နေကြသည်ကိုလည်း စဉ်းစားမိပြန်သည်။ ဆိုးသည်
ကောင်းသည်ကိုမိမိအနေဖြင့် ပြန်ပြောနိုင်စွမ်းပင် မရှိတော့။မိမိတို့
သွေးချင်းအပေါ် သတ်ဖြတ်ခဲ့သည်အတွက်သူရဲကောင်းဘွဲ့ ပေးအပ်သည်ကိုကျနော်
အနေဖြင့်မနှစ်မြို့။ ရွံရှာမိသည်။ရဲဘော်တဦး၏ ကိုယ်ပေါ်တွင်သွေးချင်းတို့အား
သတ်ဖြတ်မှုအတွက် ဂုဏ်ပြု ဆုတံဆိပ်သည်ကျနော့်အတွက် အသံတချွင်ချွင်ဖြင့်
စက်ဆုတ် ရွံရှာဖွယ်ရာအမှတ်သင်္ကေတ ဖြစ်နေသည်မှာအမှန်။
လွန်ခဲ့သည့်
လပိုင်းကဖြစ်ပွားခဲ့သော ကချင်စစ်ပွဲဖြစ်စဉ်တွင် ကျနော်ရန်ကုန်တွင်
ရှိနေခဲ့သည်။အကြောင်းတိုက်ဆိုင်စွာပင် ကျနော်နေသည့်စမ်းချောင်း
မင်းလမ်းတွင်ကချင်၊ ရခိုင်၊ရှမ်းစားသောက်ဆိုင်များ အသီးသီးရှိနေခဲ့သည်။
လူမျိုး၏အမှတ်သင်္ကေတကို ဖေါ်ကျူးထားသော
ဆိုင်းဘုတ်များကိုပါတွေ့ရသည်။ စားသောက်ဆိုင်၏ ဆိုင်းဘုတ်အား“ကချင်
ရိုးရာစားသောက်ဆိုင်” ဟုပင်အမည်ပေးထားသည်။ ကချင်ရိုးရာဓါးကိုလည်း
ချိတ်ဆွဲပြသထားပေသည်။ မြန်မာတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့
သူသေကိုယ်သေတိုက်ခိုက်နေစဉ်အတွင်း ကချင်စားသောက်ဆိုင်လေးမှာ
အပြုံးပင်မပျက်။ သူ့အလုပ်ကိုသူလုပ်လျက်။
ကျနော့်အမျိုးသမီးသည်
ကချင်ရိုးရာငါးဟင်းချက်ကို ကြိုက်နှက်သက်ပေသည်။
အခါအားလျော်စွာငါးဟင်းနှင့် အခြားသောကချင်ရိုးရာ အစားအသောက်များကို
ဝယ်စားဖြစ်ခဲ့သည်။ကချင်စစ်ပွဲ မည်သို့ပင်ဖြစ်နေစေကာမူ ကချင်လူမျိုးများ
ဖွင့်ထားသည့်ကချင်ရိုးရာ အစားအစာများကို ဗမာလူမျိုးများကအပြုံးမပျက်
အားပေးလျက်ပင်။ လိုင်ဇာနားသို့မြန်မာစစ်တပ် ချဉ်းကပ်လာသောအခါ
စစ်နှင့်ပတ်သက်သော သတင်းများကိုပြည်တွင်း ဂျာနယ်များတွင်
ဝေေ၀ဆာဆာဖေါ်ပြလာကြသည်။ ပြည်တွင်းဂျာနယ်များ၏ ကျေးဇူးကြောင့် ကချင်
စားသောက်ဆိုင်လေးမှာ ပို၍ပင် ရောင်းအားတက်လာခဲ့သည်ဟု စားသောက်ဆိုင်
ပိုင်ရှင်အမျိုးသမီးကပြောပြခဲ့သည်။ လူကြီး၊လူငယ်များပါ
ကချင်လူမျိုးတို့အပေါ် သနားညှာတာသည့် စိတ်များတဖွားဖွား ဖြစ်ပေါ်လာခဲ့သည်ကို
မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရသည်။
ကချင်စားသောက်ဆိုင်
ရှိနေသည့်လမ်းထိပ် မျက်နှာချင်းဆိုင်တွင် ရခိုင်ရိုးရာစားသောက်ဆိုင်ကြီး
တဆိုင်ရှိနေပြန်သည်။ ၄င်း ရခိုင်မုန့်တီဆိုင်သို့လည်း တပတ်လျင်တခေါက်
အမြဲရောက်ဖြစ်ခဲ့သည်။ရခိုင်ရိုးရာ စားသောက်ဆိုင်တွင်
ရခိုင်လူမျိုးများကိုပင်မတွေ့ရ။ စားသောက်နေသည့်
လူအများမှာဗမာလူမျိုးများပင် ဖြစ်သည်။ရခိုင်ရိုးရာ အစားအသောက်များကို
ကြိုက်နေသည်ကရခိုင်မဟုတ်တော့ ဗမာလူမျိုးများပင် ဖြစ်သည်။ရခိုင်မုန့်တီ၊
ပင်လယ်စာများကို ရခိုင်လူမျိုးများစားသကဲ့သို့အစပ်များများ
ဖြင့်စားနေသူများ အများစုမှာရခိုင်မဟုတ်။
အလားတူပင်
ရှမ်းစားသောက်ဆိုင်တွင် ရှမ်းခေါက်ဆွဲ၊ တို့ဟူး၊ရှမ်းထမင်းချဉ်များကို
အ၀တီးနေသည့် သူများမှာရှမ်းမဟုတ်။ ဗမာလူမျိုးကလေး၊ လူကြီးများပင် ဖြစ်သည်။
နောင်တွင်
ဗမာလူမျိုးဟုအမည်တွင်လာမည့် တိဗက်တိုတို့သည် မြန်မာနိုင်ငံသို့
ဝင်ရောက်လာခဲ့စဉ်မည်သည့် ယဉ်ကျေးမှုမှသူတို့နှင့်အတူ ပါမလာခဲ့။ရှိပြီးသား
ယဉ်ကျေးမှုဖြစ်သော ရခိုင်၊ပျူ၊ မွန်ယဉ်ကျေးမှု တို့ကိုလက်ခံကာ မြန်မာ့
ယဉ်ကျေးမှုကြီးကို ထပ်ဆင့် တည်ထောင်ခဲ့သည်။ အစားအသောက်၊၀တ်စားဆင်ယင်မှု၊
စာပေ၊စသည့်နယ်ပယ် တွင်လည်းတိုင်းရင်းသားတို့၏ ရှိပြီးသားယဉ်ကျေးမှုကို
ဆန်းသစ်သောအတွေးအခေါ်များနှင့် ပေါင်းစပ်ခဲ့သည်။ ငြင်းပယ်သော အစဉ်အလာ
ဗမာ့ယဉ်ကျေးမှုတွင် မတွေ့ရသလောက်ပင်ဖြစ်သည်။ ဘာသာတရားကိုးကွယ်
ယုံကြည်မှုအပေါ်တွင်လည်း ဗုဒ္ဓ၊ဟိန္ဒူ၊ ခရစ်ယာဉ်၊အစ္စလမ် မည်သည့်ဘာသာတရားပင်
မြန်မာ့မြေပေါ် သို့ ရောက်လာပါစေ ခါးသီးစွာ ငြင်းပယ်လေ့မရှိသော
ဗမာလူမျိုးတို့၏ဓလေ့ဟုပင် ပြောရပေလိမ့်မည်။
အခြားသော
ယဉ်ကျေးမှုနှင့် လိုက်လျောတတ်သောဗမာ လူမျိုးနှင့်တိုင်းရင်းသားများကြား
နှစ်ပေါင်း၆၀ ကျော်သူသေကိုယ်သေ တိုက်ပွဲပြင်းထန်နေသည်ကို
ပြန်လည်သုံးသပ်မိလာသည်။ သာမန်ပြည်သူများကြားတွင်
အမုန်းတရား၊ခွဲခြားဆက်ဆံခြင်းကို အလျဉ်းပင်မတွေ့ရသည့် မြန်မာ့ယဉ်ကျေးမှုအား
ကန့်လန့်ကာထားသည့်အတားအဆီး လူတန်းစားတရပ် ရှိနေပေလိမ့်မည်။
မြန်မာ့နိုင်ငံရေး
ဓလေ့ကိုအချို့သော ပညာရှင်များမှ စစ်သံလွှမ်းသောဓလေ့ဟု သုံးသပ်ကြသည်။
နိုင်ငံရေးကိုလေ့လာကြရာတွင် ဖဆပလခေတ်၊ဦးနု၊ ဦးကျော်ငြိမ်၊
ဦးဘဆွေ၊ဦးလွင်၊ သခင်တင်၊သခင်သန်းထွန်း စသည့်ခေါင်းဆောင်များ၏
အကွဲအပြဲဇာတ်လမ်းကို အခြေပြုကာတင်ပြကြသည်က များသည်။လူတစုသည်
ကိုယ်ရေးကိုယ်တာ၊ အယူဝါဒများကိုအခြေပြုကာ မြန်မာ့နိုင်ငံရေး
ကိုမောင်းနှင်ခဲ့ကြသည်။
မြန်မာ့ဓလေ့သည် နားလည်မှု၊စာနာမှု
အပြည့်ဖြင့်ပြီးနေသော လူ့အဖွဲ့အစည်းပင်ဖြစ်သည်။ သို့ရာတွင်ဗမာ
လူထု၏ဓလေ့ယဉ်ကျေးမှုသည် နိုင်ငံရေး၊စီးပွားရေးတွင်
မောင်းနှင်မှုမပေးနိုင်ခဲ့ပေ။ လူမျိုး၏ဓလေ့စရိတ်သည်
နိုင်ငံ၏တွန်းအားမဖြစ်ခဲ့။ မြန်မာပြည်သူများသည် မပြည့်ဝသောခေါင်းဆောင်များ၏
တယူသန်အစွဲ၊နိုင်ငံရေးဝါဒ (အိုင်ဒီယိုလိုဂျီ)များတွင် နစ်မွန်းခဲ့သည်ဟု
ကောက်ချက်ဆွဲမိပေသည်။တိုင်းရင်းသား ညီအကိုချင်းသတ်ဖြတ်သည့်
စစ်ပွဲဆီကိုဆောင်ကြည်းပေးခဲ့ကြသည်။
မိမိသည် လက်နက်ကိုင်တော်လှန်း
အဖွဲ့အစည်းမှဖြစ်သော်လည်း ညီအကိုချင်းသတ်ဖြတ်ပြီးမှ
ရလာသည့်သူရဲကောင်းတံဆိပ်ကို မလိုချင်တော့။ တချွင်ချွင်မြည်နေသည့်သူရဲကောင်း
တံဆိပ်များကို မုန်းတီးသည့်လူသားတဦး အဖြစ်ပြောင်းလဲလာခဲ့သည်။
ကမ္ဘာ့
ဇာတ်ခုံတွင်ဆုတံဆိပ် မျော်ကိုးသောခေတ်ကုန်ဆုံးခဲ့ပြီ။
နိုင်ငံ၏အမျိုးသားလုံခြုံရေးကို စစ်ရေးနည်းဖြင့်
ချဉ်းကပ်သောခေတ်ကုန်ဆုံးခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့လေပြီ။
ပြည်သူတို့၏စီးပွားရေးအရလုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊
လူမှုရေးအရလုံခြုံမှု စသည့်ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်သောခေတ်သစ်ကို
ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။
ခေတ်သစ် မြန်မာ့နိုင်ငံရေး
ခေါင်းဆောင်တို့အနေဖြင့်အတားအဆီး အဟန့်အတားမျာကို ဖြတ်ကျော်ရပေလိမ့်မည်။
တမြေတည်းနေတရေတည်းသောက် တိုင်းရင်းသားညီအကိုများ အကြားတွင်ရိုင်းပင်း
ကူညီတတ်သော၊စာနာနားလည်တတ်သော၊ ခွင့်လွှတ်တတ်သော မြန်မာတို့၏ဓလေ့စရိုက်ကို
နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးတွင်မောင်းနှင်အားအဖြစ် အသုံပြုနိုင်ရန်
အားထုတ်သင့်သည်။နိုင်ငံ၏ အနားသတ်နေရာများ တည်ငြိမ်မှုမရှိပါကပြည်သူ သန်း(၆၀)
တို့၏အနာဂါတ်မှာ မတွေးဝံ့စရာ။ချဉ်းကပ်မှု လွဲချော်ခဲ့ပါက
တရုတ်နိုင်ငံ၏လောင်စာဆီဖူလုံမှု မဟာဗျူဟာ၊ အမေရိကန်၏အရှေ့အာရှမဟာဗျူဟာအရွေ့၊
အာဆီယံစီးပွားရေး အသိုက်အ၀ိုင်း၏ စိန်ခေါ်မှု၊အိန္ဒိယ နိုင်ငံ၏အရှေ့မျှော်
မူဝါဒတို့အောက်တွင် ပက်လက်ရေစုံမျောရန်သာ ရှိတော့သည်။
မောင်ရမ္မာ
ငြိမ်းချမ်းသော မြန်မာ့လူဘောင်ဆီသို့