မြန်မာ နိုင်ငံတွင် သဘာဝ အရင်းအမြစ်များ ပေါကြွယ်လှသော
မြောက်ဖျားပိုင်း ဒေသ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့
တိုက်ပွဲ ဖြစ်ပွားမှုမှာ ပိုမို ပြင်းထန်လာနေပြီး အစိုးရက ငြိမ်းချမ်းရေး
ဆွေးနွေးရန် ကမ်းလှမ်းမှုများ ထပ်မံ ပြုလုပ်ထားကြောင်း ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊
နိုင်ငံတော်သမ္မတ ရုံးပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ကချင်လွတ်လပ်ရေး
အဖွဲ့ (ကေအိုင်အို)နှင့် ဇန်နဝါရီလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန်
တွေ့ဆုံမည် ဟု ကမ်းလှမ်း ထားသော်လည်း တိုက်ပွဲ များ အရှိန်လျော့ကျမှသာ
ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး
အကျိုးတော်ဆောင်များက ပြောကြားသည်။
"ခုအခြေအနေက တိုက်ပွဲအရှိန်
မြင့်နေတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရပ်ဆိုင်းထားတဲ့ သဘောဖြစ်နေတယ်"
ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဦးခွန်အောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း
ကချင်ပြည် နယ်တွင် တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲများ
ဆက်တိုက်ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉
ရက်နေ့တွင် ရွှေလီ မြို့၌ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး
ဆက်တိုက် ဖြစ်ပေါ် နေခြင်းဖြစ် သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်
တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)၊ ABSDF (မြောက်ပိုင်း)
ပူးပေါင်းတပ်တို့ လိုင်ဇာ မြို့အနီး လဂျားယန် ကျေးရွာတွင် တိုက်ပွဲများ
ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် တပ်မတော်မှ ၁၆ ဦး
ကျဆုံးကာ သုံ့ပန်းအဖြစ် ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ABSDF မှ
ပြန်ကြားရေး ဗိုလ်မှူးမင်းဌေးကThe Voice Weekly သို့ အတည်ပြု ပြောကြား သည်။
သို့သော် ကေအိုင်အေ ဘက်မှ အကျအဆုံး စာရင်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိ
ပေ။
"သုံ့ပန်း ခုနစ်ဦးကို ABSDF (မြောက်ပိုင်းတပ်)က ပြုစု
စောင့်ရှောက် ထားပါတယ်"ဟုလည်း ဗိုလ်မှူးမင်းဌေး က ဆိုသည်။ ယင်းတိုက်ပွဲတွင်
တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်
ကေအိုင်အေဘက်မှ ၅၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း လိုင်ဇာဒေသခံ တစ်ဦး၏
အဆိုအရ သိရ သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်ကို ဆက်သွယ်
မေးမြန်းသော်လည်း အကျအဆုံးနှင့် သုံ့ပန်းကိစ္စကို လတ် တလော သတင်းထုတ်ပြန်
နိုင်ဦးမည် မဟုတ် ကြောင်း ပြန်လည် ဖြေကြားသည်။ သို့သော် လေကြောင်းမှ
ပစ်ခတ် မှုများမှာ မြန်မာ့တပ်မတော် ရိက္ခာ ပို့တပ် ကို ကေအိုင်အေက ပိတ်ဆို့
တိုက်ခိုက်မှု ကြောင့် ပိတ်မိနေသော တပ်ဖွဲ့ကို ကယ်ဆယ်ရန်
လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် မိုးကောင်း အခြေစိုက် တပ်မတော်
အရာရှိတစ်ဦးက ရှင်းပြသည်။ ယင်းတပ်ပွဲအပြီး လေးရက်အကြာ ဒီဇင်ဘာလ ၁၈
ရက်နေ့တွင် ဖားကန့် မြို့နယ် ကာမိုင်း ရဲစန်းကို ကေအိုင်အေ က ဝင်ရောက်
တိုက်ခိုက်ခဲ့သည်။ ယင်းနေ့ နံနက် ၄ နာရီ ၂၅ မိနစ် ဝန်းကျင်တွင် အင်အား ၁၈
ဦးရှိသည့် ဖားကန့်မြို့နယ် ကာမိုင်း ရဲစခန်းကို ကေအိုင်အေ အင်အား ၇၀ ခန့်က
လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း ယင်းရဲစခန်းမှ
မိုးညှင်း ခရိုင်သို့ ပေးပို့သော ကနဦး သတင်းပေး ပို့ချက် အပါအဝင်
ကေအိုင်အေနှင့် တပ် မတော်တို့၏ အတည်ပြု ပြောကြားချက် ရ သိရသည်။
ကေအိုင်အေက လက်နက်ကြီး များဖြင့် အချက် ၄၀ ခန့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း
တိုက်ခိုက်ခဲ့ပြီး လက်နက်တိုက်ကို ဖျက်ဆီးကာ လက်နက် များ
ယူဆောင်သွားကြောင်း ယင်းရဲစခန်း မှ မိုးညှင်းခရိုင်သို့ ပေးပို့သော ကနဦး
သတင်း ပေးပို့ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် ရဲတပ်
ကြပ်စိုးမင်းသူ ကျဆုံးခဲ့ပြီး ဒေါ်မေမွှေးမွန် (ဒုရဲအုပ်အောင်ထွန်းဦး၏
မိခင်)၊ မတင်မေအောင် (ဒုရဲအုပ်အောင်ထွန်းဦး ၏ ညီမ)တို့ သေနတ်မှန်ကာ သေဆုံး
ခဲ့ပြီး ရဲတပ်ကြပ်ထွန်းအေးမှာ ဝမ်းဗိုက် တွင် သေနတ်ဒဏ်ရာ (စိုးရိမ်ရ)
ရရှိသူ နှင့် ဒုရဲအုပ်အောင်ထွန်းဦး၏ ဇနီးမှာ ဦးခေါင်း သေနတ်ဒဏ်ရာ
(စိုးရိမ်ရ) သူတို့ကို ကာမိုင်းဆေးရုံတွင် ပို့ဆောင် ထားကြောင်း
ကချင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့
တိုက်ခိုက်ရခြင်းမှာ ကေအိုင်အေဌာနချုပ်ဖြစ်သော လိုင်ဇာ မြို့အနီးသို့
တပ်မတော်က ထိုးစစ်များ ဆင်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကေအိုင်အေမှ
ဗိုလ်မှူးတစ်ဦးက မှတ် ချက်ပေးသည်။ သို့သော် ယင်းတိုက်ခိုက်မှုမှာ ကေအိုင်အေ
ဌာနချုပ်မှ ညွှန်ကြားခြင်း မဟုတ်ဘဲ ဒေသခံပြည်သူ့စစ်များက ဝင်ရောက်
တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ငြိမ်းချမ်းရေး
အကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင်က "တိုက်ပွဲတွေရပ်ပြီး နှစ်ဖက်အပြန်အလှန်
ယုံကြည်မှုရှိရှိနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစေချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်
ငြိမ်းချမ်းရေး ဆွေး နွေးနိုင်ဦးမှာ မဟုတ်ဘူး"ဟု မှတ်ချက် ပေးသည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ကို လေ့လာသုံးသပ်နေသော ဦးအောင် ကျော်ဇောက
"ဒီရက်ပိုင်းအတွင်း တိုက် ပွဲတွေ ပြင်းထန်လာတာဟာ ငြိမ်းချမ်း
ရေးဆွေးနွေးပွဲတွေမှာ တပ်မတော်က စစ်ရေးအရ အပေါ်စီးရချင်လို့ တပ်အင် အား
တိုးချဲ့လာလို့ပါ။ တပ်မတော်က ဘယ်တော့မှ အင်အားမထားတဲ့ ပန်ဝါ ဘက်တပ်
အင်အားတွေ ပို့တယ်။ လိုင်ဇာ ဘက်ကိုလည်း တပ်တွေ တိုးလာပြီး ထိုး စစ်ဆင်လို့
တိုက်ပွဲဖြစ်တာပါ"ဟု မှတ် ချက်ပေးသည်။
ယင်းကဲ့သို့ တိုက်ပွဲများ
ဖြစ်ပွား နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲပြုလုပ်ရန်အတွက် အဟန့် အတားများ ဖြစ်စေပြီး နှစ်ဦးနှစ်ဖက်
တပ်များ ဆုတ်ခွာကာ စစ်ရေး အရှိန်လျှော့ရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေး
အကျိုး တော်ဆောင်များက တူညီစွာပြောဆိုကြ သည်။ ကချင်ပြည်နယ်တွင်
တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ လုပ် ဆောင်မည့် အခြေအနေကို
သိရှိရန် သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စကို သတင်း ထုတ်ပြန်ရန်
မရှိ သေးကြောင်းသာ ပြန်လည်ဖြေကြား သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉
ရက်နေ့တွင် ရွှေလီမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲတွင်လည်း တစ်လအတွင်း
နှစ်ဦး နှစ်ဖက် နိုင်ငံရေး ဆွေးနွေးရန် သဘောတူ ခဲ့သော်လည်း ဆွေးနွေးနိုင်
ခြင်းမရှိဘဲ ယင်းသို့တိုက်ပွဲများ ဆက် တိုက်ဖြစ်ပွားလာခြင်းဖြစ်သည်။
တပ်မတော်နှင့် ကေအိုင်ကေတို့ သည် တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်နှစ်ခွဲ
ပြည့်သွားပြီဖြစ်ပြီး ယင်းကာ လတွင် တိုက်ပွဲပေါင်း နှစ်ထောင်ခန့်
ဖြစ်ပွားခဲ့သည်။ ကေအိုင်အိုမှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ များတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲ ရန် ကျန်ရှိနေသည့်
တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရ ပြီးစကပင် ပြည်တွင်းစစ် စတင်ဖြစ်ပွား
နေခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက် တွင် အင်အားကြီး တိုင်းရင်းသားလက်
နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကေအန်ယူအပါအဝင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် အပစ် အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ထား
နိုင်ခဲ့သည်။ သို့သော် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးမှာ
အလှမ်းဝေးနေဆဲ ဖြစ်ပြီး တစ်ပြည်လုံးအတိုင်းအတာနှင့် အပစ်အခတ်
ရပ်စဲနိုင်ရေးကိုပင် လုပ် ဆောင်နိုင်ရန် မလွယ်ကူကြောင်း၊ ပြည် တွင်းစစ်၏
အဓိကတရားခံမှာ သဘာဝ အရင်းအမြစ် ကြယ်ဝသော တောင်တန်း ဒေသများနှင့် ပြည်မတို့
အရင်းအမြစ် ခွဲဝေမှု မညီမျှမှု ပြဿနာဟု ထင်မြင်ပြီး ယင်းကိစ္စကို
အကြေအလည်ဆွေးနွေး အဖြေရှာနိုင်မှာသာ ငြိမ်းချမ်းသည့် ပြည်ထောင်စု
တစ်ရပ်ဖြစ်လာမည် ထင်ကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးးက သုံးသပ် သည်။
ကျော်ဆန်းမင်း၊ မင်းထက်စံ